#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

သူ့အမြင်
ခိုနားစရာ မေတ္တာရိပ်မြုံကမ္ဘာ

ကျော်စွာမိုး/ဆန်ခလဘူရီ

မိဘတွေဆီက ခွန်ဆောင်ရလိုက်တဲ့ တခုတည်းသောအမွေက အိပ်ခ်ျအိုင်ဗွီရောဂါပိုးပါပဲ။ ဒါပေမယ့် အသက် ၉ နှစ်သာ ရှိသေးတဲ့ ခွန်ဆောင်ဟာ အဲ့ဒီရောဂါပိုးရဲ့ အန္တရာယ်ကြီးမားပုံကို သတိထားမိဟန် မတူပါဘူး။ ခွန်ဆောင်မှာ အိပ်ခ်ျအိုင်ဗွီပိုး ရှိနေကြောင်း သူမရဲ့အုပ်ထိန်းသူက ကျနော့်ကိုပြောပြနေချိန်မှာ သူမက ပြုံးပြီးကြည့်နေတယ်လေ။ ခွန်ဆောင်ရဲ့ မိဘနှစ်ပါးစလုံး သူမကိုမွေးပြီးမကြာခင်မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။

စောင့်ရှောက်မယ့်မိဘနဲ့ ဆွေမျိုးတွေမရှိပေမယ့် ခွန်ဆောင်ကြည့်ရတာ စိတ်အားငယ်နေပုံမပေါ်ပါဘူး။ မျက်နှာလေးက အပြစ်ကင်းစင်ပြီး ချစ်စရာ ကလေးငယ် တယောက်ပါ။ ဒါတွေအားလုံးအတွက် သူမကျေးဇူးတင်ရမယ့် သူကတော့ သေးငယ်ပေမယ့် လုံခြုံနွေးထွေးမှုအပြည့်ရှိတဲ့ သူမနေထိုင်ရာ အိမ်လေးပါပဲ။ အဲ့ဒီအိမ်လေးရဲ့အရှင်သခင်ဟာ ၂၀၀၅ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဗယ်ဆုပေးဖို့ အဆိုတင်သွင်းခံရသူ ၁၀၀၀ ထဲမှာပါခဲ့တဲ့ ကရင်အမျိုးသမီး ဆရာမကြီး ပေါလုလု ဖြစ်ပါတယ်။

မေတ္တာရိပ်မြုံအိမ်လေးဟာ မြန်မာနိုင်ငံတောင်ပိုင်း ဘုရားသုံးဆူဒေသနဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ဆန်ခလဘူရီဒေသက ရွာလေးတရွာမှာ တည်ရှိပါတယ်။ ခွန်ဆောင်ဟာ မေတ္တာရိပ်မြုံအိမ်လေးမှာ နေထိုင်ကြတဲ့ လူပေါင်း ၈၀ ထဲက တယောက်ပါ။ အဲ့ဒီအိမ်လေးဟာ နိုင်ငံရေးနဲ့ စီးပွားရေးအကြပ်အတည်း ကြောင့် မြန်မာပြည်ကထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ နားခိုရာနေရာတခုပါ။

မြန်မာပြည်ကနေ ထိုင်းနိုင်ငံထဲထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေထဲက ကျန်းမာရေးစောင့်ရှောက်ဖို့ လိုအပ်နေသူတွေ အတွက်ရည်ရွယ်ပြီး အသက် ၅၈ နှစ်အရွယ် ဆရာမပေါလုလုဟာ မေတ္တာရိပ်မြုံလေးကို ၁၉၉၃ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပါတယ်။

“ဒုက္ခသည်လူနာတွေကို ကူညီစောင့်ရှောက်သူမဲ့ ပစ်ထားတာတွေ့ရတော့ သူတို့ကို ကျမကြည့်မနေနိုင်ပါဘူး။ ဒါနဲ့ပဲ ဒီလုပ်ငန်းကို ကျမတယောက်တည်းစပြီး လုပ်ခဲ့တာပါ”လို့  မေတ္တာရိပ်မြုံအိမ်ကလေးမှာ သွားရောက်တွေ့ဆုံစဉ် သူနာပြုဆရာမ ပေါလုလုက ကရုဏာလေသံနဲ့ ရှင်းပြခဲ့ပါတယ်။

တကယ်တော့ မေတ္တာရိပ်မြုံအိမ်လေးမှာ လူတွေခံစားနေရတဲ့ဒုက္ခတွေကို တချိန်က ဆရာမပေါလုလုလည်း ခံစားခဲ့ရဖူး ပါတယ်။ ၁၉၇၆ ခုနှစ်မှာ ဆရာမပေါလုလုဟာ သူမမွေးဖွားကြီးပြင်းရာ ပဲခူးတိုင်း တောင်ငူမြို့လေးကို စွန့်ခွာခဲ့ပြီး နိုင်ငံရေးလွတ်လပ်မှုရရှိဖို့အတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေတဲ့ ကရင်အမျိုးသား အစည်းအရုံးနဲ့ ပူးပေါင်းခဲ့ပါတယ်။ သူမဟာ ကရင်အမျိုးသားအစည်းအရုံးအတွက် ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဆရာမပေါလုလုရဲ့ မေတ္တာရိပ်မြုံအိမ်လေးမှာ နေထိုင်ကြသူတွေထဲမှာ မိဘမဲ့ကလေးငယ် ၂၂ ယောက်ရှိပါတယ်။ လူနာ ၄၈ ဦးနဲ့ သက်ကြီးရွယ်အို ၁၄ ဦးတို့ကိုလည်း ဆရာမပေါလုလုအပါအ၀င် ၀န်ထမ်း ၁၈ ဦးက ပြုစုစောင့်ရှောက်ပေးနေပါတယ်။ အဲ့ဒီအထဲက ၁၀ ဦးဟာ သူနာပြုတွေဖြစ်ကြပါတယ်။ လူနာတ၀က်ခန့်ဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ မေတ္တာရိပ်မြုံ လေးဟာ အစိုးရမဟုတ်တဲ့ လူမှုရေးအဖွဲ့အစည်း တချို့ဆီက အစားအစာနဲ့ ငွေကြေးအထောက်အပံ့ ရရှိပါတယ်။ ဒါပေမယ့် ပိုပြီးကျယ်ဝန်းတဲ့ နေရာထိုင်ခင်းနဲ့ ပြုစုစောင့်ရှောက်ပေးမယ့်ဝန်ထမ်းတွေ အတော့်ကိုလိုအပ်နေပါတယ်။

လူနာခုနစ်ယောက်ဟာ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာ ခွန်ဆောင်နဲ့ အခြားကလေး တယောက်လည်းပါတယ်။ လွန်ခဲ့တဲ့ ၁၄ နှစ်အတွင်း ပြုစုစောင့်ရှောက်ခဲ့တဲ့ လူနာပေါင်း ၁၅၀၀ ထဲမှာ ၁၀၀ ကျော်ဟာ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေ ဖြစ်ပါတယ်။

မေတ္တာရိပ်မြုံအိမ်လေးမှာနေကြတဲ့ တချို့လူနာတွေဟာ စိတ်ရောဂါသည်တွေဖြစ်ကြပြီး တချို့က မသန်မစွမ်း လူနာတွေ ဖြစ်ကြပါတယ်။ အနီးမှာရှိတဲ့ ခရစ်ယာန်ဆေးရုံက အဲ့ဒီအိမ်လေးရဲ့လူနာတွေ အရေးပေါ်ဆေးကုသမှုလိုအပ်လာရင်
ဆေးဝါးနဲ့ ဆေးကုသမှု အကူအညီပေးပါတယ်။

မွန်၊ ကရင်နဲ့ အခြားမြန်မာတိုင်းရင်းသားတွေအပြင် ကမ္ဘောဒီးယား၊ မလေးရှားနဲ့ တရုတ်လူမျိုး အနည်းငယ်လည်း မေတ္တာရိပ်မြုံအိမ်လေးမှာ နေထိုင်ကြတာတွေ့ခဲ့ရပါတယ်။

အန်ဂျီအိုတချို့ဆီက အကူအညီရရှိနေပေမယ့် မေတ္တာရိပ်မြုံဟာ မိမိဘာသာရပ်တည်နိုင်ဖို့ ကြိုးစားနေပါတယ်။ ရိုးရာ အထည်ရက်လုပ်ခြင်းအတတ်နဲ့ စက်ချုပ်အတတ်ပညာ သင်တန်းတွေပေးနေပါတယ်။ အိမ်ကလေးရဲ့ မြေကွက်လပ်မှာ ၀က်မွေးမြူရေးလည်း လုပ်ကိုင်နေပါတယ်။

မေတ္တာရိပ်မြုံဆရာတွေဟာ ကလေးတွေကို မြန်မာ၊ အင်္ဂလိပ်၊ ကရင်နဲ့  မွန်စကားတွေ ကိုလည်း သင်ကြားပေးပါတယ်။ “တချို့ကလေးတွေဟာဘာသာစကား သုံးလေးမျိုး ပြောတတ်နေပါပြီ”လို့ ဆရာမပေါလုလုက ပြုံးရွှင်စွာရှင်းပြပါတယ်။

အခုဆိုရင် မေတ္တရိပ်မြုံက ကလေးတွေ ထိုင်းစာသင်ကျောင်းတွေမှာ ပညာသင်ယူနိုင်ပါပြီ။ ခွန်ဆောင်လည်း အိမ်နားက မူလတန်းကျောင်းလေးမှာ စာသင်နေပါပြီ။ ဒါပေမယ့် သူမဟာ သူမရဲ့အနာဂတ်ကို မသိရှိပါဘူး။ ခွန်ဆောင်ရဲ့ဘ၀ ရှေ့ဆက်ဘယ်လိုဖြစ်လာမလဲ ဆိုတာကိုလည်း ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး။

သူမကို ဘာဖြစ်ချင်သလဲလို့မေးလိုက်တဲ့အခါ ခွန်ဆောင်ပြုံးနေတတ်ပါတယ်။ သူမရဲ့ အပြုံးလေးဟာ တောက်ပပြီး အပြစ်ကင်းစင်လှပါတယ်။ ဒါပေမယ့် သူမရဲ့ အနာဂတ်ဟာ သူမရဲ့အပြုံးလောက် တောက်ပနိုင်ပါ့မလား။     ။

ဧရာဝတီ အင်တာနက် အင်္ဂလိပ်ပိုင်းတွင် ၂၀၀၇ ခု ဧပြီ ၂၆ ရက်က ဖော်ပြသည့် At Home in a Safe House By Kyaw Zwa Moe/Sangkhlaburi, Thailand ကို ဆီလျော်အောင် ဘာသာပြန်ဖော်ပြပါသည်။

[Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.