အတွေ့အကြုံ
လျှပ်တပြက် မိုးရေး
ခိုင်မာကျော်ဇော
“ဒိုင်း”
မိုးရေးရဲ့ အမှောင်ယံညကို ဖောက်ထွင်းထိုးခွဲလိုက်တဲ့ ကသည်းသူပုန်တွေရဲ့ သေနတ်သံဟာ ထိုင်း-မြန်မာ နယ်စပ်က ကောက်ခါငင်ခါ ရောက်ချလာတဲ့ ဧည့်သည်နှစ်ယောက်ကို အချက်ပေးကာ ကြိဆိုလိုက်ခြင်း ပေပဲလား။
သေနတ်သံကြောင့် စကားဝိုင်းဖွဲ့နေကြတဲ့ အမျိုးသမီးနဲ့ မိန်းကလေးတွေရဲ့ အသံတွေ ချက်ချင်း ငြိမ်ကျသွားတယ်။ မိခင်တဦးကတော့ (၆) အရွယ် သားငယ်ကို သူမရင်ခွင်ထဲ အလျင်အမြန် ဆွဲသွင်းလိုက်ပြီး ခြုံတံဘက်တထည်နဲ့ အသင့်အနေအထား လွယ်ပိုးထားလိုက်တယ်။
ဒိုင်း … ဒိုင်း …
ဒိုင်း … ဒိုင်း … ဒိုင်း …
နှစ်ချက်၊ သုံးချက်၊ သေနတ်သံတွေ ချက်ရေစိပ်လာတယ်။ မိန်းမသားအားလုံးရဲ့ မျက်နှာပေါ်က စိုးရိမ်ပူပန်မှုတွေဟာ သူတို့ စကားဝိုင်းအလည်က ဖယောင်းတိုင်ကြီးရဲ့ မီးညွှန့်လိုပဲ ပူပူရဲရဲ။
ဒိုင်း … ဒိုင်း …
ဒိုင်း … ဒိုင်း … ဒိုင်း … ဒိုင်း … ဒိုင်း …
ဒေါင် … ဒေါင် … ဒေါင် … ဒေါင် … ဒေါင် … ဒေါင် …
သေနတ်သံတွေနဲ့အတူ သံချောင်းခေါက်သံတွေပါ တရစပ် ထွက်ပေါ်လာတယ်။
“သံချောင်းခေါက်တယ်ဆိုရင်တော့ အရေးပေါ်အခြေအနေပဲ။ ဒါ စိုးရိမ်ရတယ်”
ဒေသခံ အမျိုးသမီးတဦးရဲ့ စကားကြောင့် မှောင်ရီပျိုးပျမှ မိုးရေးကို ခြေချခဲ့ရတဲ့ အမျိုးသမီးနှစ်ဦးမှာ ဘယ်အရပ်ကို ဦးတည်ပြေးရမှန်း မသိအောင် စဉ်းစားရကျပ်သွားတယ်။
“ဘယ်ကို သွားကြမလဲ”
“အိမ်ကို အောက်ဆင်းရအောင်”
“တံခါးကို အရမ်းမဖွင့်နဲ့”
“ပုန်းကျင်းရှိလား”
“အရမ်း မဆင်းနဲ့။ အရမ်း မဆင်းနဲ့”
အမှောင်ထဲမှာ အမျိုးသမီးနဲ့ မိန်းကလေးတွေရဲ့ တယောက်တပေါက် အသံတွေက တိုးလိုက် ကျယ်လိုက်။ မိန်းမသားတွေ မို့သာ စိုးရိမ် ပူပန်ကြတာပါ။ တကယ်တမ်းကျတော့ အိမ်ရှင်ရော ဧည့်သည်ပါ တိုက်ပွဲတွေ၊ သေနတ်သံတွေနဲ့ သိပ်ပြီး စိမ်းလှတာတော့ မဟုတ်ပါ။
ကလင် … ကလင် … ကလင် …
ဖုန်းက ကောက်ခါငင်ခါ ထမြည်လာတယ်။ ဖုန်းသံကြောင့် မိန်းကလေးတဦးက လူတွေကြားထဲ တိုးဝင်ပူးကပ်လာပါတယ်။ မိုးရေးမှာ ဖုန်းကလည်း ရက်ကြားလိုလို ပျက်တတ်တာမို့ ဒီလိုအချိန်မှာ ဖုန်းသံကြားရတာလည်း ထူးခြားတာပါပဲ။ အိမ်ရှင် အမျိုးသမီးက တယ်လီဖုန်းရှိရာ စမ်းတ၀ါးဝါးသွားပြီး ဖုန်းခွက်ကို ကောက်ကိုင်လိုက်ပါတယ်။
တဖက်နဲ့ တဖက် ကူကီးဘာသာစကားနဲ့ တီးတိုး တီးတိုး။ မိန်းကလေးတွေက အထိတ်တလန့်နဲ့ နားစိုက်ကြတယ်။ ခဏကြာတော့ အိမ်ရှင်အမျိုးသမီးက “မစိုးရိမ်ရဘူး”တဲ့။ “ကသည်းသူပုန်တွေ အရက်မူးလို့ သေနတ်ဖောက်တာ”တဲ့။ မိန်းကလေးတွေအားလုံး ပြိုင်တူလိုလို ရီ (ရယ်) ပြီး ပြောလိုက်တာက “ဒါကလည်း မိုးရေးရဲ့ စတိုင်ပဲ” တဲ့။
သိပ်မကြာဘူး၊ အိမ်တွေဆီက ဖယောင်းတိုင်မီးတွေ။ မီးလုံးလေးတွေ အလျှိုလျှိုနဲ့ လင်းလက်လာတယ်။ ဒုတိယအကြိမ် ပြန်လည်စုဖွဲ့ကြတဲ့ စကားဝိုင်းမှာတော့ မိုးရေးမြို့သူတွေက ချစ်စရာကောင်းတဲ့ သူတို့ မြို့ကလေး အကြောင်းကို မြိန်ရည် ရှက်ရည် ပြောပြကြတယ်။
တကယ်တမ်းတော့ မြန်မာပြည် တမူးမြို့နဲ့ ရင်ချင်းကပ်နေတဲ့ အိန္ဒိယနယ်စပ် မိုးရေးမြို့ဟာ လူစည်ကားတဲ့ ရွာကြီးတရွာ လောက်ပဲ ရှိပါတယ်။ ဒီရွာကြီးထဲမှာ အိန္ဒိယ ဗဟိုစစ်တပ်၊ မဏိပူ ပြည်နယ်တပ်၊ ကသည်း သူပုန်၊ ကူကီး သူပုန်၊ နာဂသူပုန် တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက မိုးရေးရဲ့ ရင်ဘတ်အနှံ့မှာ နေရာယူ ထားကြပါ တယ်။ ဒါကြောင့်လည်း ဒီရွာကြီးထဲက အချိန်မရွေး အမြောက်သံ၊ ဗုံးသံ၊ သေနတ်သံတွေ ထွက်ပေါ်လာ နိုင်ပါတယ်။
မြို့ခံတွေအတွက်ကတော့ အိန္ဒိယ ဗဟိုတပ်နဲ့ ကသည်းသူပုန်တွေရဲ့ တိုက်ပွဲခေါ်သံတွေကို ထုံးတမ်းစဉ်လာ တခုလိုပဲ သဘောထားပုံရပါတယ်။ အမြဲလိုလို ရန်စောင်နေတဲ့ ကသည်းသူပုန်နဲ့ ကူကီးသူပုန်တွေရဲ့ တိုက်ပွဲတွေကလည်း သူတို့ရဲ့ အိပ်ယာဝင်ပုံပြင်တွေလိုပါပဲ။ နှစ်ဖွဲ့ကွဲနေတဲ့ ကသည်းသူပုန်အချင်းချင်း ပစ်ကြခတ်ကြတာလည်း သူတို့အဖို့တော့ ရိုးအီလို့ နေပါပြီ။ ပြည်နယ်တပ်နဲ့ ကသည်းသူပုန် တိုက်ကြခိုက်ကြတာလည်း ရိုးရာပွဲတခုလိုပါပဲ။ ကြုံတောင့်ကြုံခဲ ကြုံရတတ်တာက ကသည်းသူပုန်နဲ့ နာဂသူပုန်တွေရဲ့ တိုက်ပွဲခေါ်သံတွေပါ။ ဒါကလည်း မိုးရေးမှာ နာဂသူပုန်က ရှားရှားပါးပါးပဲ ရှိလို့ပါတဲ့။ အရက်ဝိုင်းမှာ ရဲတပ်နဲ့ ဗဟိုတပ် စကားများကြရင်လည်း သေနတ်ဖောက်ချင် ဖောက်တတ်တာမို့ တော်ရုံသေနတ်သံ လောက်တော့ မြို့ခံတွေက အိပ်ရေးပျက် မခံတော့။
သူတို့ စိုးရိမ်တာက တခုပဲ။ အဲ့ဒါကတော့ သံချောင်းခေါက်သံပါ။ သံချောင်းခေါက်သံနောက်က ထပ်ချပ်မခွာလိုက်ပါလာတဲ့ ဗုံးသံ၊ အမြောက်သံတွေက မိုးရေးရဲ့ကိုယ်ပေါ်ကို သွန်းလောင်းရွာချခဲ့ဖူး လေတော့ သံချောင်းခေါက်သံကြားရင် သူတို့ အထူးစိုးရိမ်ကြပါတယ်။
ဒီဇင်ဘာဝတ်ရုံကို ခြုံထားတဲ့ မိုးရေးရဲ့နံနက်ခင်းဟာ အိမ်မဲ့ယာမဲ့တယောက် အိပ်ကောင်းခြင်း မအိပ်ရသလိုမျိုး ထိုင်းထိုင်း မှိုင်းမှိုင်း လေးလေးလံလံ။ နေရောင် အနံ့ရလာတော့ မိုးရေးမြို့ရဲ့အလှဟာ ကြပ်ခိုးစင်ပေါ်က အ၀တ်စတစလိုပဲ အကွက်တွေ အပြောက်တွေနဲ့ ဖောင်းကြွလာတယ်။ အိမ်တွေ၊ အစိုးရ အဆောက်အဦးတွေ၊ လမ်းတွေ၊ တံတားတွေပေါ်က အမာရွတ်တွေ ကတော့ တိုက်ပွဲတွေရဲ့ သင်္ကေတပေါ့။ အိမ်တိုင်းလိုလို အဆောက်အဦတိုင်းလိုလိုရဲ့ အောက်ဘက် ဘေးဘက်က ပုန်းခိုကျင်းတွေကလည်း စစ်ပွဲတွေရဲ့ ပြယုဂ်ပါပဲ။
မိုးရေးအစွန်ပိုင်းက ခြေလှမ်းသုံးဆယ်လောက်လှမ်းရမယ့် တမူးမြို့ နန်းဖာလုံဈေးကြီးကတော့ ရိုးပြတ်တောထဲကနေ လာပါဝယ်ပါလို့ တစာစာနဲ့ ခေါ်နေပါတယ်။ နန်းဖာလုံဈေးကြီးကပြန်လာတဲ့ သားသည်မိခင်နှစ်ဦးရဲ့ လက်ထဲမှာတော့ စိမ်းစိုလတ်ဆတ်တဲ့ မုန်ညင်းရွက်တစီး၊ ပဲတောင့်စေ့တထုပ်နဲ့ ငါးကြင်းမြီးကွက် တကောင်။
မိုးရေးမှာ လူဦးရေအများဆုံးက မြန်မာပြည်ဖွား ကူကီးတိုင်းရင်းသားတွေပါ။ ဦးနေ၀င်း အိမ်စောင့်အစိုးရ လက်ထက်က မြန်မာပြည် ကလေး၊ ကဘော်ချိုင့်ဝှမ်းနဲ့ ခန္တီး၊ ဟုမ်းမလင်း ဘက်ကနေ မောင်းထုတ်ခံခဲ့ရလို့ အိန္ဒိယနိုင်ငံထဲ သူတို့ခိုလှုံခဲ့ရ တယ်လို့ ပြောပြပါတယ်။ မြန်မာပြည်ဘက်ကလာတဲ့ မြန်မာ၊ ချင်းနဲ့ အိန္ဒိယသား ကသည်းများ၊ ဟိန္ဒူနဲ့ မွတ်စလင်ဘာသာဝင် များအပြင် ထူးထူးခြားခြား တမီးလ်းလူမျိုးများကိုလည်း တွေ့ရပါတယ်။
အိန္ဒိယနိုင်ငံ မဏိပူပြည်နယ် အင်းဖားမြို့က စထွက်ရင် မင်းကုသရဲ့ပါးလို လမ်းတွေ၊ မြွေတွေလို တွန့်လိမ် ခွေခေါက်နေတဲ့ တောင်တွေ။ တောင်တလုံး ဂိတ်တဂိတ်နဲ့ အဲဒီဂိတ်တိုင်းမှာ စွန်တွေလို စူးရဲနေတဲ့ ယူနီဖောင်းဝတ်တွေကိုတော့ မလွဲမသွေ တွေ့ကြရမှာပါ။ ဒီဂိတ်တွေကို အောင်မြင်စွာကျော်ဖြတ်ပြီးရင်တော့ လွင်ပြင်ထဲမှာ ဖုန်တွေ နှပ်တွေ အလိမ်းလိမ်းနဲ့ကစား နေတဲ့ ကလေးဆိုးကြီးတယောက်နဲ့တူတဲ့ မိုးရေးကို ရောက်ပါပြီ။
အင်းဖား-မိုးရေးလမ်းကို ပြောမယ်ဆိုရင်တော့ “Ban” ဆိုတဲ့ စကားကို ဘယ်လိုမှ ချန်ထားလို့ မရပါ။ ဒီအရပ် ဒီဒေသကို ရောက်ရင် ဒီစကားကို မကြားချင်လည်း ကြားရမှာပါ။ အင်းဖား-မိုးရေးလမ်းပေါ်မှာရှိတဲ့ တောင်တလုံး ဂိတ်တဂိတ်က ယူနီဖောင်းဝတ်တွေဟာ အင်းဖားနဲ့ မိုးရေးကို လွန်းထိုးနေကြတဲ့ အတက်ကား အဆင်းကားတွေကို ခွဲတမ်းချ ကောက်ခံကြပြီး မထင်ရင် မထင်သလိုလည်း “Ban” ကြပါတယ်။
ကသည်းသူပုန်က “Ban” လိုက်။ ဗဟိုတပ်က “Ban” လိုက်။ ကူကီးသူပုန်က “Ban” လိုက်။ ပြည်နယ်တပ်က “Ban” လိုက်။ ကြာတော့လည်း ပြည်သူတွေကပါ မခံနိုင်လို့ ထ “Ban” ပြန်ကြရော။ အဲဒီလို “Ban” တာတွေ များလွန်းလို့ကို လူနှစ်ယောက် သုံးယောက်က အမြင်ကတ်ပြီး “Ban” ပြန်သတဲ့။ ကျောင်းသားတွေလည်း “Ban” ။ အမျိုးသမီးတွေလည်း “Ban” ။ ဘုန်းကြီး တွေလည်း “Ban” နဲ့ တော်တော့်ကို “Ban” နိုင်ကြပါတယ်။ လင်မယားရန်ဖြစ်တာတောင်မှ အိမ်နီးချင်းက မခံအိမ်လို့ ကားလမ်းကို ထပြီး “Ban” ချင် “Ban” တာဆိုတော့ အိန္ဒိယနိုင်ငံရဲ့ ဒီမိုကရေစီဟာ ဒီနေရာမှာတော့ ပီပီပြင်ပြင်ပါပဲ။
အဖွဲ့ပေါင်းစုံ လူပေါင်းစုံက “Ban” ကြသလို “Ban” ကြတာတွေကလည်း အမျိုးမျိုး။ တပတ်၊ ငါးရက်၊ သုံးရက်၊ နှစ်ရက်၊ တရက်၊ နေ့တ၀က်။ တခါတခါ နှစ်နာရီ၊ သုံးနာရီ။ ကားကြီး ကားလေး ဒါမှမဟုတ် သုံးဘီး၊ ဆိုင်ကယ် အားလုံးကို “Ban” တယ်။ အင်းဖား-မိုးရေး ကားလမ်းက ခရီးသည်နဲ့ ကုန်သည်တွေဟာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ “Ban” သံသရာထဲမှာ တ၀ဲဝဲ တလည်လည်ပါ။
ဘယ်သူတွေ ဘယ်လို “Ban” “Ban” ။ တမူး-မိုးရေး နယ်စပ်မျဉ်းမှာတော့ လူတွေက ခြေချင်းကို လိမ်လို့။ ခဲကြီးတလုံးကို ဖင်တရွတ်ဆွဲထားတဲ့ ၀ါးလုံးရှည်ကြီးရဲ့အလယ်က ဖုန်တွေကပ်နေတဲ့ “Stop” ဆိုတဲ့ သံပြားကြီးဟာ ဒီနေရာမှာတော့ ဘယ်လိုမှ အာဏာပါဝါ မပြနိုင်တော့ပါ။ နိုင်ငံနှစ်ခုရဲ့ နယ်နိမိတ်ပေါ်မှာ ဈေးဆိုင်တွေကလည်း ပုခုံးချင်းကပ်လို့။ လူတွေ ကလည်း ဖန်ခုန်တမ်းကစားသလို လူးလာခေါက်တုံ့။ ဘာသာစကားတွေ ဖလှယ်။ ၀တ်စားဆင်ယင်မှုတွေ ဖလှယ်။ လူမှု စရိုက်တွေလည်း ဖလှယ်။ ထွက်ကုန်တွေ ဖလှယ်။ နှစ်နိုင်ငံမြေပေါ်က သူပုန်အဖွဲ့တွေကလည်း တဖက်က အခြားတဖက်ကို ခိုလှုံ။ အခြားတဖက်က သူပုန်တွေက တဖက်မှာ အခြေချလို့ ဟန်ကို ကျနေတာပဲ။
မိုးရေးက ကူကီးတွေကတော့ ငြီးကြပါတယ်။ စရိုက်မတူ ဘာသာမတူတဲ့ လူမျိုးတွေကြားမှာ သူတို့ ဘယ်လိုမှ နေမပျော် ဘူးတဲ့။ အသက်တွေ ဘယ်လောက်ပဲကြီးသွားကြီးသွား ကူးကီးအဖိုးအို၊ အဖွားအိုတွေက တချိန်တခါက သူတို့ကျင်လည် ခဲ့ရတဲ့ နယ်မြေတွေကို လွမ်းကြတယ်။ အိုးအိမ်တွေကို လွမ်းကြတယ်။ တောင်ယာတွေကို လွမ်းကြတယ်။ အသက် ၆၀ ကျော် ၇၀ ထဲရောက်ပေမယ့် တနေ့တော့ အိမ်ပြန်ရမယ်လို့ ယုံကြည်နေကြဆဲပါ။
ခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်ကြတဲ့ ကူးကီးလူမျိုးတွေဟာ အခုလို ခရစ္စမတ်အချိန်တွေမှာ သူတို့ စွန့်လွှတ်ခဲ့ရတဲ့ နယ်မြေတွေကို အထူးသတိရ လွမ်းဆွတ်ကြပါတယ်။ ကူးကီး အဖိုးအို တဦးပြောပြတာက “ကျနော်တို့ ထွက်ပြေးလာရတဲ့ အချိန်က အခုလို ခရစ္စမတ်အချိန်ပေါ့။ ပွဲတော်ဝင်ဖို့ နှစ်ရက်အလိုမှာပဲ ကျနော်တို့အားလုံး မောင်းထုတ်ခံခဲ့ရတယ်” ။
အခုတော့လည်း ရောက်တဲ့အရပ်မှာ ပျော်အောင်နေဆိုတဲ့စကားလိုပဲ မိုးရေးမှာ ခရစ္စပွဲလုပ်ဖို့ သူတို့ စီစဉ်နေကြပါတယ်။ သီချင်းပြိုင်ပွဲတွေ၊ ကျမ်းစာဖတ် ပြိုင်ပွဲတွေ။ အဆိုအကတွေနဲ့ ဘုရားသခင်ရဲ့ ကောင်းချီးပေးသံကို သူတို့ စောင့်မျှော်နေ ကြပါတယ်။ ဒီအချိန်မှာတော့ ရပ်ဝေးဒေသတွေမှာ အလုပ်လုပ်နေကြသူတွေလည်း အိမ်ပြန်ကြ။ အိန္ဒိယစစ်တပ်ထဲ စစ်မှုထမ်းနေတဲ့ ကူးကီးစစ်သားတွေလည်း ကိုယ့်အသိုင်းအဝိုင်းရှိရာ ပြန်လာကြ။ ကူးကီးသူပုန်တွေလည်း မိသားစုရှိရာ ပြန်လာကြပေါ့။
ခရစ္စမတ် ပွဲတော်ရက်မှာ အမြောက်သံ၊ ဗုံးသံတွေကြောင့် ထွက်ပြေးလာကြတဲ့ ကူးကီးလူမျိုးတွေဟာ ဒီနှစ် ခရစ္စမတ်မှာ ဒီအသံတွေ မကြားရပါစေနဲ့လို့ ဆုတောင်းနေကြပါတယ်။
အချိန်မရွေး ထပြီး “Ban” မယ့် မိုးရေး-အင်းဖား ကားလမ်းကို စိုးရိမ်လွန်းလို့သာ မိုးရေးကို တိတ်တိတ် ကလေး နှုတ်ဆက် လက်ပြခဲ့ရတာပါ။ တကယ်ကတော့ ရင်တမမနဲ့ ပျော်ရမယ့် မိုးရေးရဲ့ ခရစ္စမတ်အရသာကိုတော့ ခံစားချင်တာ အမှန်ပါပဲ။
နှင်းတွေ ဖုန်တွေ ရစ်ဆိုင်းသိုင်းခြုံထားတဲ့ မရွှင်မပျ မိုးရေးကို နှုတ်ဆက်ခဲ့ရပေမယ့် ရင်ထဲမှာတော့ ယေရှုဘုရားသခင်ရဲ့ မွေးနေ့ရက်မှာ ကူးကီးတိုင်းရင်းသားတွေအတွက် ပျော်ရွှင်တဲ့ ခရစ္စမတ်ဖြစ်ပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးနေပါရဲ့။ ။ [Top] |