#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ရသစာတမ်း
ကျမနှင့် ကျမ၏ စိတ်ပဋိပက္ခများ

ခွာညို

မြူးကြွသောတေးသံ၊ ပြောင်းနွဲ့ညင်သာသော အလှုပ်အခတ်များ၊ မာကျူရီမီးရောင်အောက်မှာ ချွေးတစိုစိုနှင့် လှုပ်ရှားနေ သည့်လူအုပ်က အနည်း ဆုံးနှစ်ရာလောက်တော့ ရှိလိမ့်မည်။ သူတို့ကျန်းမာရေးအတွက် ကာယလေ့ကျင့်ခန်းယူနေချိန်သည် ညနေ (၇) နာရီလောက်တော့ ရှိမည်ထင်သည်။ စင်ပေါ်တွင် သရုပ်ပြဆရာမတဦး ရှိနေသည်။ သူတို့ကစားနေကြသည်မှာ ပေါ့ပေါ့ပါးပါးလေး။ မြူးမြူးကြွကြွလေး။  မြင်နေရသည်မှာ စိတ်အားတက်ကြွ ပျော်ရွှင်ဖွယ် ကောင်းလှသည်။
                                     
ကျမ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်ပြီးကတည်းက Lotus ကုန်တိုက်ကို ညနေဘက်ရောက်တိုင်း လူအုပ်စုလေးများကို တွေ့နေရတတ်သည်။ ပထမဆုံးတွေ့စဉ်က လူတွေဘာကြောင့် စုနေတာပါလိမ့်ဟု တွေးမိသည်။ တစုံတရာလိုအပ်ချက် အတွက် ဆန္ဒပြကြမလို့လား။

သို့သော် သူတို့ကိုမြင်ရသည်မှာ စိတ်အေးချမ်းသာ ရှိလွန်းလှသည်။ ဘောင်းဘီတိုလေးတွေ၊ အားကစား ၀တ်စုံလေးတွေ၊ သို့တည်းမဟုတ် ပေါ့ပါး၍ စိတ်လွတ်လပ်စေသော ၀တ်စုံလေးတွေကိုယ်စီနှင့်။  သူတို့ထိုင်နေကြသည်က ကားရပ်နားရာ အမိုးအောက်မှာ။ ကားတွေကလည်း ကျမတို့ရောက်စကလို ရှုပ်ယှက်ခတ်မနေတော့ဘဲ ပါးကျဲစပြုလာနေသည်။ လူအုပ်က ကားရပ်နားရာကို အာဏာသိမ်း လိုက်သည့် အလား တဖြည်းဖြည်း များပြားစုဝေးလာနေသည်။ အချိန်က တောင်စွယ် နေကွယ်စပြုချိန်။

“သူတို့ဘာလုပ်နေကြတာလဲ”

ကျမက သိချင်စိတ်ကိုမထိန်းနိုင်ဘဲ ကျမတို့ဆရာကို မေးလိုက်သည်။ သတင်းထောက်သင်တန်းသူ မပီသစွာ မေးခွန်း ထုတ်ရန် နှေးကွေးလွန်းအားကြီးသော ကျမထံမှ ရှားတောင့်ရှားပါး မေးခွန်းတခု ထွက်လာသည့်အတွက် ဆရာ အံ့အားသင့်သွားပုံရသည်။

“ဒီမှာ ညနေတိုင်း အေရိုးဗစ်ကစားကြတယ်လေ။ ဘယ်သူမဆို လာကစားလို့ရတယ်။ မင်းတို့လာချင်ရင် ကားစီစဉ်ပေးမယ်” ဟု သူက အဖြေရော အပိုသတင်းပါ ပေးသည်။

 “မင်းတို့လို စာဖတ်လိုက် ကွန်ပျူတာရှေ့ထိုင်ပြီး အလုပ်လုပ်လိုက်နဲ့ တနေကုန် အညောင်းမိနေတဲ့ သူတွေအတွက် ဒါမျိုး လိုအပ်တယ်”ဟု တိုက်တိုက် တွန်းတွန်း ပြောသည်။

သို့သော် ကျမတို့ ကိုယ့်တိုင်းပြည်မှာနေခဲ့ရစဉ်က သည်လိုအုပ်စုဖွဲ့ လေ့ကျင့်ခန်းယူကြတာမျိုးလည်း မရှိခဲ့။ တယောက်ချင်း လေ့ကျင့်ခန်းယူသူများကို ညနေခင်းများတွင် အင်းယားကန်ဘောင်ရိုးနှင့် ပန်းခြံများမှာ တွေ့ရတတ်သော်လည်း အများ အားဖြင့် နိုင်ငံခြားသားများနှင့် အားကစားနှင့် အသက်မွေးဝမ်းကျောင်း ပြုသူများသာ ဖြစ်နေတတ်သည်။

သာမန်ပြည်သူများနှင့် အားကစားဆိုသည်မှာ ပြဒါးတလမ်း သံတလမ်းဟု ပြောရမလိုပင် ဖြစ်နေသည့် ကျမတို့ ဗမာပြည် ကြီး၏ ကျန်းမာရေးအသိနိမ့်ကျမှုထဲတွင် ပညာတတ် ဆိုသူများပင် နစ်မွန်းနေဆဲ။

မြန်မာ့အသံနှင့် မြ၀တီရုပ်မြင်သံကြားတို့မှ မနက်ခင်းအစီအစဉ်တွင် ထည့်သွင်းထားသည့် ကျန်းမာရေး အစီအစဉ် တိုကလေးကို တူကလေးအား ဖွင့်ပြကာ လိုက်ကြည့်ကစားရန် တိုက်တွန်းခဲ့ဖူးသော်လည်း ကိုယ်တိုင်တော့ အချိန်မပေးနိုင်ခဲ့။

အဲဒီအချိန်ဆိုလျှင် အိမ်တိုင်းမှာ ရှိတဲ့ လူတိုင်း အလုပ်သွားဖို့ ပြင်ဆင်နေကြပြီ။ အလုပ်မသွားခင်အချိန်မှာ လာတတ်သည့် ရေကို စောင့်ထည့်ရသည်။ မီးပြတ်သွား၍ ရေမရလျှင် တနေကုန် ဘာမှလုပ်၍ မရမည့်အရေးကို ပူပန်နေကြရသည်။ မီးပြတ်သွား၍ ချက်လက်စ ထမင်းဟင်း တန်းလန်းတွေကို မီးသွေးနှင့်ပြောင်းချက်နေရလျှင် ထပ်ကုန်မည့်အချိန်နှင့် ငွေကို ထည့်တွက်ကာ မီးမပြတ်ခင် အလုပ်တွေကို အသည်းအသန် လုပ်ကြရသည်။

အိမ်ရှင်မတွေက ဈေးပြေးကာ အလုပ်သွားမည့် သူများအတွက် ထမင်းဘူးထည့်ပေးဖို့ အချိန်လု လုပ်နေရသည်။ ပိုက်ဆံကို ပွတ်သပ်ပြီး တပြားကို နှစ်ပြားဖြစ်လာနိုး ခွာသုံးနေရသည့် အခြေခံ လူတန်းစားများ အကြားမှာတော့  ငွေကို ချွေတာဖို့ တခုတည်းအတွက် ရှိသမျှအချိန်ကို သုံးနေရသည်ဖြစ်ရာ  ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ဖို့အတွက် စဉ်းစားချိန်ပင် မရှိတော့။

ထမင်းချက်အဆင်သင့်၊ စားစရာအဆင်သင့်၊ ကလေးတွေအတွက် ဘာမဆိုလုပ်ပေးမည့် အိမ်ဖော်ကအဆင်သင့်ဆိုသည့် မိသားစုတွေကတော့ အေရိုးဗစ်ဆိုသည့်စကားလုံးနှင့် ရင်းနှီးကောင်း ရင်းနှီးနိုင်ပေသည်။ အကယ်၍ သူတို့မှာ ဆန္ဒရှိမည်ဆိုလျှင်ပေါ့လေ။

သည်လိုနှင့် အားကစားဆိုတာ ကိုယ်နှင့်မသက်ဆိုင်သလို သဘောထားခဲ့သည့် ပုံစံကျစိတ်က ကိုယ့်ဘ၀ကို ပိုင်နေချိန် ရောက်သည့်တိုင်အောင် မပျောက်မပျက် ရှိနေဆဲ။

ကွန်ပျူတာရိုက်ရမယ်၊ ဆရာပေးထားတဲ့ ဆောင်းပါးထဲက မီးနင်းတွေ မရှာရသေးဘူး၊ သတင်းနားထောင်ဖို့ ကျန်နေ သေးတယ် စသည်ဖြင့် တခြားကိစ္စတွေကိုသာ  ဦးစားပေးမိနေပြီး  ကိုယ်လက်လှုပ်ရှားမှုကိုမူ ကျန်းမာရေးအတွက် လုပ်သင့်နေမှန်း သိသိကြီးနှင့် လျစ်လျူရှုမေ့လျော့ထားတတ်သည့် အကျင့်ဆိုးမှာ ကျမကို လွှမ်းမိုးနေဆဲ။

………

ညနေခပ်မှောင်မှောင်အချိန်မှာ ဒုတိယအကြိမ် Lotus သို့ ရောက်သောအခါ လေအလာမှာ ယိမ်းနွဲ့နေသည့် ရောင်စုံပန်းခင်း အလား တေးသွားအလိုက် ကခုန်လှုပ်ရှားနေသည့် သူတို့တအုပ်ကြီးကို တွေ့လိုက်ရပြန်သည်။

သည်အချိန်ပေါ့ … ကျမတို့တိုင်းပြည်က အလုပ်လုပ်နိုင်တဲ့ လူငယ်တိုင်း ငပိသိပ် ငချဉ်သိပ် ကျပ်ညှပ်နေသော ကားကြီးတွေပေါ်မှာ အိမ်ပြန်ဖို့အတွက် အချိန် ၂ နာရီလောက်ကို သုံးနေကြရတာ။

ထိုင်းလူငယ်လေးတွေက သူတို့လက်ကလေးတွေကို မြှောက်ချည်တခါ ချချည်တလှည့် လေထဲ ပျံတက်တော့မည့် ငှက်ကလေးတွေလို မြူးကြွနေချိန်မှာ ကျမတို့ပြည်သူပြည်သား လူငယ်များကတော့ ဘရိတ်ဆောင့်ဆောင့်အုပ်လိုက်၊ ထင်သလိုမောင်းပြေးလိုက်နဲ့  မိုက်ရိုင်းလှတဲ့ ဘတ်စ်ကားကြီးတွေပေါ်မှာ တယောက်ပေါ်တယောက် ထပ်ပြီး ပြိုလဲမကျကြရလေအောင် ကားခေါင်မိုးက တန်းတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လို့။

ညနေ လေးနာရီမှ ည ကိုးနာရီလောက်အထိက ကိုယ်ထည်တဖက် စောင်းနေအောင် လူတွေကို မတန်တဆ တင်ဆောင်ရင်း ပြေးလွှားပေးနေရသည့် ဘတ်စ်ကားကြီးများသည် ရန်ကုန်မြို့၏ မရိုးနိုင်သော မြင်ကွင်းများ အနက်က တခုဖြစ်သည်။

တခါတရံမှာ စပယ်ယာအလိုကျ ရပ်မပေးဘဲ မောင်းပြေးတတ်သည့် ဒရိုင်ဘာကြောင့် ကားဂိတ်မှာ ခြေသလုံးတောင့်အောင် ရပ်နေရသည်က တနာရီမက ကြာတတ်သည်။ တခါတလေကျတော့ ကားချောင်နိုးနိုးနှင့်စောင့်ရင်း အိမ်ပြန်ချိန်နောက်ကျ၊ စားချိန်တွေလွန်၊ ဗိုက်အောင့်ရောဂါရ။ သို့သော် ဘယ်သူက ဘာတတ်နိုင်မှာလဲ --- ။   ဘာများ တတ်နိုင်ခဲ့ကြလို့လဲ  --- ။

ကျမတို့တိုင်းပြည်လို အစစအရာရာမှာ ဈေးကြီးလှသောတိုင်းပြည်မျိုး၊ လူတန်းစေ့အောင် မနေရမထိုင်ရသည့် တိုင်းပြည်မျိုး၊ အာဟာရပြည့်ဝအောင် မစားနိုင်ကြသည့် တိုင်းပြည်မျိုးတွင် နေထိုင်သူများအနေနှင့်  ကျန်းမာရေးကို ပိုမိုလိုက်စားသင့် သည်ကား အမှန်ပင်။

သူတို့ ကခုန်လှုပ်ရှားနေသည်ကို ကြည့်ရင်း ကျမ ရင်မှာ မနာလိုခြင်းလား ၀မ်းနည်းကြေကွဲခြင်းလား  ပြန်ပြောမပြ တတ်သည့် နာကျင်မှုတခုကို ခံစားနေရသည်။

ကျမတို့ အသက်ကြီး၍ လူကြီးစကားဝိုင်းတွေမှာ ကိုယ့်လူငယ်ဘဝ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောကြမည်ဆိုလျှင် ဘာတွေများ နောက်လူတွေကို ပြောပြနိုင်မည်လဲ။

ဘတ်စ်ကားပေါ်မှာ ထိုင်ခုန်လုထိုင်တဲ့ ယောက်ျားသားတွေ အကြောင်းလား။

ရှားရှားပါးပါး နေရာလေး ရသည့်တိုင် ကိုယ့်ဘေးမှာရပ်နေသည့် အရက်နံ့ တဟောင်ဟောင်နှင့် ယောက်ျားတယောက်က မဖွယ်မရာ လုပ်ပြတာကို ခံနေခဲ့ရသည့် အကြောင်းမျိုးကို ပြောရမလား။

 နံနက် ကိုးနာရီမှာ ရုံးတက်နိုင်ဖို့ လေးနာရီလောက်က ထမင်းဟင်းထချက်ပြီး ခုနစ်နာရီမှာ ကားသွားစောင့်ရတာတွေ ကားပတ်စီးရတာတွေ၊ ည ကိုးနာရီလောက်မှ ချဉ်စော်နံလျက် ယိုင်ရွဲ့ပြီး အိမ်ကိုပြန်ရောက်ရသည့် အကြောင်းတွေကိုလား။

အိမ်ပြန်ရောက်လျှင် ကိုယ့်ထမင်းလုတ်ကိုပင် ပါးစပ်ထဲထိုးထည့်ပေးဖို့ ၀န်လေးလောက်အောင် လက်ချောင်းလေးတွေ နာကျင်ကိုက်ခဲသည်အထိ ဘတ်စ်ကားကို ခိုစီးဖက်တွယ်ခဲ့ရသည့် မနက်နှစ်နာရီ ညနေနှစ်နာရီ ဘတ်စ်ကားပေါ်က ငရဲခန်းအကြောင်းကိုလား။

………

ထိုင်းသူငယ်ချင်းမလေးတယောက်၏ အပြောအရ စင်မြင့်ပေါ်မှ ရှေ့ဆောင်ကစားပြသူနည်းပြကို တနာရီလျှင် ဘတ်နှစ်ရာ ပေးရသည်ဟု သိရသည်။ တနာရီလျှင် ဗမာငွေ ၆၀၀၀ ကျော် .... ။

နောက်ဆုံးတော့ ရွှေသမင် ဘယ်ကထွက်၊ မင်းကြီးတာကထွက်ဆိုသည့် အခြေကိုပင် ပြန်ရောက်ရပြန်သည်။ အစိုးရ၏ တာဝန်မကျေပွန်မှုများနှင့် အချိန်နှင့်အမျှ ဖြစ်ပွားနေသော ငွေကြေးဖောင်းပွမှု .... ။

ချင်းမိုင်မှ မဲဆောက်သို့အပြန်ခရီးတွင် ကျမအား တာဝန်ယူခေါ်ဆောင်လာခဲ့သည့် အသက် ၆၀ အရွယ် ထိုင်းအမျိုးသားကြီး ကလည်း “ဟုတ်တယ်လေ … အဲဒါ အစိုးရအစီအစဉ်နဲ့ တနိုင်ငံလုံးမှာ လုပ်ကြတာပဲ။ ဆင်းရဲတဲ့ရပ်ကွက်တွေမှာ အစိုးရက အကုန်အကျခံပေးတယ်။ ချမ်းသာတဲ့ရပ်ကွက်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ရှိနေတဲ့ရပ်ကွက်တွေမှာတော့ အဲဒီလူ တွေက ငွေထုတ်ပေးတယ်။ ဒါ ကျန်းမာရေး ၀န်ကြီး ဌာနရဲ့ လူထုကျန်းမာရေးလှုပ်ရှားမှုပဲ။ လူထုကျန်းမာရေးကို ဂရုစိုက်ဖို့ ဆိုတာ အစိုးရရဲ့တာဝန်ပဲ။ သူတာဝန်ရှိလို့ သူလုပ်ပေးတာ ဘာဆန်းလို့လဲ”။

သူ၏ထည်ဝါသောအသံကို “ဒီလူ့အသံကလဲ ဆောင့်ကြွားကြွားနိုင်လိုက်တာ” ဟူ၍ စိတ်ထဲ ကွက်သွားမိသည်။ ကျမ နာလိုခံခက်ဖြစ်ခဲ့ရသည်တော့ အမှန်ပင်။ သူတို့အစိုးရကို သူဖာသာသူ ချီးကျူးဂုဏ်ယူစကား ပြောနေသည်ကပင် ကျမ၏ နှလုံးသားအား ပြောင်းပြန်လှန်နေသကဲ့သို့ နာကျင် ခံစားခဲ့ရသည်။

သူများအပေါ် မုဒိတာမပွားနိုင်ခြင်းမဟုတ်သည်ကို သစ္စာဆိုဝံ့ပါသည်။ သို့သော် ...။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.