ရသစာတမ်း
မဲဇာတောလားတပုဒ်
မေငြိမ်း
(၁)
သေချာတာကတော့ ဒုက္ခသည်ဆိုတဲ့ ဝေါဟာရက ဘယ်လိုမှ စိတ်ကူးယဉ်ချင်စရာ မကောင်းတာအမှန်ပါ။ ဘယ်သူမှ ဒုက္ခဆိုတဲ့ စကားလုံးနဲ့ မနီးစပ်ချင်ကြတာလဲ အမှန်ပါ။
အခုတော့ မြန်မာနိုင်ငံရဲ့အနီးဆုံး အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ ဒုက္ခသည် စခန်းလို့ အမည်တပ်ထားတဲ့ အကျယ်ချုပ် ထောင်ကြီးထဲကို မြန်မာ တွေက အလုအယက် ၀င်ချင်ကြလို့တဲ့လေ … အိပ်မက်လိုပဲ ယုံနိုင် စရာ မရှိတဲ့အဖြစ်တွေ …။ ဒါပေမယ့် အဲဒါ တကယ့်အဖြစ်အပျက် တွေပါ။ အဲဒီထဲကို အမြန်ဆုံးဝင်ချင်ကြလို့ ငွေကြေးနဲ့တောင် လာဘ် ထိုးကြရတယ်တဲ့။ တကယ်ဆို ကြက်သီးထ … ကျောချမ်းချင်စရာ ကောင်းလှတဲ့ သတင်းတွေပါ။ ပြီးတော့ ကြေကွဲစရာလဲ ကောင်းလှတာပါ။
အခုတော့ Camp လို့ခေါ်တော့ သိပ်အကျည်းမတန်တဲ့ ဒုက္ခသည် စခန်းထဲဝင်ဖို့ တက်တက်ကြွကြွ … ရုတ်ရုတ်သဲသဲ။ တကယ့် စွန့်စားခန်း တစ်ခုလို။
တချို့ကတော့ သူတို့ခမျာ အဲလိုသွားကြမှပဲ အနာဂတ်က အဓိပ္ပာယ် ရှိဦးမှာ … တဲ့။ တချို့ကကျတော့ အဲလိုလူတွေက အခွင့်အရေး သမားတွေပဲ … တဲ့။ တချို့ကကျတော့လဲ ဒါဟာ ရှက်စရာကောင်းတဲ့ လုပ်ရပ်လို့ထင်တယ် … တဲ့။
သေချာတာကတော့ ဒီကိစ္စဟာ ကဲ့ရဲ့ပြစ်တင်စရာတော့ မဟုတ်ပါ။ အထူးသဖြင့်တော့ ကံကောင်းထောက်မစွာ တတိယ နိုင်ငံကြီးတွေဆီ အစောကြီးရောက်ခွင့်ရပြီးသား လူတွေကတော့ ဒုက္ခသည်စခန်းဝင်ကြသူတွေအပေါ် ကဲ့ရဲ့ပြစ်တင်ဖို့ မသင့်ဘူးလို့ ထင်ပါတယ်။
နာမည်ကိုက ဒုက္ခသည်စခန်းလို့ တရားဝင် အမည်တွင်တဲ့နေရာကို တကယ်ဆို ဘယ်သူလာချင်ပါ့မလဲ။ ဒါပေမယ့် ဒုက္ခကြီးလွန်းသူတွေကတော့ လာကြရတာပင်။
ကိုယ့်နိုင်ငံမှာ ဘယ်လိုမှ နေမရတော့ ထွက်လာရတာပဲလို့ အဖြေတူတွေသာ ဖြေကြတဲ့သူတွေဟာ မြန်မာနိုင်ငံမှာ တောင်စွန်းမြောက်စွန်း နေခဲ့ကြသူတွေပါ။ အခုမှ ဒုက္ခသည်လို့ဖြစ်မှ တွေ့ကြရသူတွေပါ။
သူတို့ အချင်းချင်းကြိုတင် ညှိနှိုင်းဖြေစရာ အကြောင်းမရှိ။ သူတို့ခမျာ တချို့က ဒုက္ခသည်စခန်းထဲကထက် ဆိုးတဲ့ဘ၀တွေထဲ နေခဲ့ရသူတွေပါမယ်။ တချို့ကတော့ ဒုက္ခသည်စခန်းနဲ့ အလှမ်းဝေးလှတဲ့ မြို့ကြီး ပြကြီးတွေမှာ နေခဲ့သူတွေပါမယ်။
ဒါပေမယ့် တူတာတစ်ခုကတော့ ဒုက္ခမျိုးစုံကို ရင်စည်းခါးစည်း ခံခဲ့ကြရတယ်ဆိုတာပါပဲ။ ဒါကြောင့်ပဲ တသက်လုံး သူများကို မော်မကြည့်ခဲ့ရတဲ့ ဆရာဝန်တွေ ကျောင်းဆရာတွေ အင်ဂျင်နီယာတွေ စာရေးဆရာတွေကိုတောင် ဒုက္ခသည်စခန်းမှာ တွေ့လာကြရတာပါ။ ပြီးတော့ အများစုဟာ နိုင်ငံအတွက် နည်းအမျိုးမျိုးနဲ့ တာဝန်ထမ်းခဲ့ကြသူ တွေပါ။
သေချာတာကတော့ အဲဒီ ဒုက္ခသည်စခန်းထဲ ၀င်သွားကြသူတွေအနားမှာ အခုနေ သီချင်းတစ်ပုဒ်သွားဆိုရင် သူတို့ ရှိုက်ကြီးတငင် ငိုကြွေးကြလိမ့်မယ်လို့ ကျမ ယုံတယ်။
ကမ္ဘာမကြေ … ဗမာပြည် … တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ …
ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ … ဒါတို့ပြည် … ဒါတို့မြေ … တို့ပိုင်တဲ့ပြည် …
(၂)
“မဲဇာတောင်ခြေ စီးထွေထွေတည့် မြစ်ရေ၀န်းလည် မြိုင်တောဆီက”လို့ အစချီတဲ့ မဲဇာတောင်ခြေရတုကို ကျမ ကျောင်းသား တွေကို သင်တဲ့အခါ မဲဇာဟာ တောကြီးမျက်မည်းလို့ စာဆိုကဖွဲ့ပေမယ့် တွေးကြည့်ရင် တကယ့်တောကြီးမြိုင်ကြီးထဲ တစ်ယောက်တည်းရှိနေတာမျိုး ဟုတ်ချင်မှ ဟုတ်မယ် … မဲဇာဟာ နေပြည်တော်နဲ့ဝေးတဲ့ တခြားမြို့ကြီးတမြို့လဲ ဖြစ်နေ နိုင်တာပဲ။ ဒါပေမယ့် ကိုယ်ချစ်တဲ့သူတွေမရှိတဲ့ ကိုယ့်ဒေသမဟုတ်တဲ့ နေရာတစ်ခုဟာ ဘယ်လောက်ကြီးကျယ် ခမ်းနား နေပေမယ့်လဲ ခံစားတတ်တဲ့သူအတွက်တော့ တောကြီးမျက်မည်းပဲလို့ ပြောပြမိပါတယ်။
အဲလို ပြောတိုင်းမှာလဲ စိတ်ထဲမှာ မဲဇာရောက်နေရတာပဲဖြစ်တဲ့ အန်တီစုကိုသတိရပြီး ကိုယ်ချင်းစာခံစားရပါတယ်။ အခုလဲ ဒုက္ခသည်တွေ …။
ဒုက္ခသည်စခန်းဆိုတာတွေကတော့ တကယ့်တောကြီးလွင်ပြင်တွေပဲ မဟုတ်လား။ မင်းတို့ကို နောင်တချိန်မှာ ကမ္ဘာ့ အကောင်းဆုံး စာရင်းဝင်နိုင်ငံတွေဆီ သွားနိုင်ဖို့အခွင့်အရေး ပေးရမှာ … ဒါကြောင့် ခု ငါတို့ထားသလို နေကြရမယ်လို့ ထုတ်မပြောပေမယ့် ဒုက္ခသည်တွေဟာ အဲလိုပဲ သဘောအထား ခံနေကြရတာပါ။
မသေရုံတမယ် နေဖို့စားဖို့ သွားလာဖို့ပေးထားပြီး ငှက်ဖျားနဲ့မှ မသေဘဲလွတ်လာရင်တော့ နှစ်ဘယ်လောက် အကြာလို့ မမှန်းနိုင်တဲ့အချိန်တချိန်မှာ တတိယနိုင်ငံဆိုတဲ့ မဟာအခွင့်အရေး ဆိုတာကြီးကို ရမယ်ပေါ့။ ပြီးရင်တော့ သူများနိုင်ငံကို ကိုယ့်လုပ်အားတွေ ဉာဏ်အားတွေ သွားပေးကြရဦးမှာပေါ့။ သူများနိုင်ငံက သနားသဖြင့်ပေးတဲ့ အခွင့်အရေးတွေကို အားကိုးပြီး ကိုယ့်အတွက် အခွင့်အရေးတွေကို ရနိုင်သလောက် အရယူကြရဦးမှာပေါ့။
အဲဒီတိုင်းပြည်သားတွေရဲ့ မျက်လုံးစိမ်းတွေအောက်မှာ နေရကျပ်ကျပ်နဲ့ နေကြရဦးမှာပေါ့။ ဘယ်လောက်များ နာကျင် ကြေကွဲစရာ ကောင်းလိုက်ပါသလဲ။ ဒါတွေကို သိလျက်နဲ့ပဲ ရွေးစရာလမ်းမရှိသူတွေမို့ အဲဒီ လမ်းကြမ်းကြီးကို ရွေးခဲ့ကြရတာပါ။
သေချာတာကတော့ လူ့ဘ၀ထဲမှာ မချမ်းသာရင်တောင်မှ အနှိပ်စက်မခံရဘူး ဆိုတာကလေးလောက် သေချာရင်တောင် သာတောင့်သာယာရှိလှတဲ့ ကိုယ့်မြေဆီပဲ အပြေးပြန်ချင်ကြမှာပါ။
အခုတော့ တောနဲ့တောင်နဲ့ တဲကလေးတွေနဲ့ ဆန်နီကျင်ကျင်တွေကို သဲရှပ်ရှပ်မျှင်ငပိနဲ့ ကုလားပဲနိုင်နိုင်နဲ့ အားလုံးတပြေးညီ အကျယ်ချုပ်သားများဘ၀နဲ့ သူစိမ်းတွေရဲ့လက်ထဲမှာ နေကြရပေဦးမယ်။ ဘယ်လောက်ကြာကြမယ်မသိ။
ရင်နာစရာကောင်းတာက ပညာတတ်ဘ၀ကို ရခဲ့ဖူးသူတွေအဖို့တော့ မင်းတို့ကို ဒုက္ခရောက်မှာစိုးလို့ ပညာတတ်အောင် သင်ပေးနေတာကွလို့ပြောတတ်တဲ့ မိဘတွေကို အားနာသနားစွာ မျက်နှာပူစွာနဲ့ သတိရနေရမယ့် ဘ၀တွေပါပဲ။ ဒါပေမယ့် ဖြစ်လာသမျှကို အံတုရင်ဆိုင်ရဲတာကမှ သတ္တိတဲ့လေ။
(၃)
ဒုက္ခသည်စခန်းတွေရဲ့ အိပ်မက်တွေထဲမှာတော့ အမေရိက ရှိမယ်။ ဒါမှမဟုတ် ဥရောပ ဒါမှမဟုတ် စကင်ဒီနေဗီးယန်းနိုင်ငံများ … ။
ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံမှာတုန်းကလောက်တော့ ကြောက်စရာမရှိလောက်ဘူးလို့ ထင်ကြတာပင်။ အနည်းဆုံး ကိုယ့်သားသမီးတွေ မပူမပင် ပညာသင်နိုင်မယ်ထင်ပါရဲ့။
အမျိုးပျောက်မှာ စိုးကြောက်ပါသည်ဆိုတဲ့ ၀တ္ထုတပုဒ်ကို အနာတစ်ခုလို သတိရနေတဲ့လူလဲ ရှိမှာပါပဲ။ ဒါပေမယ့် လွတ်ရာလမ်းမမြင်။
အဖေတစ်ယောက်ကတော့ သားကလေးကို မြန်မာပြည်မှာ ထားခဲ့ရသူ … သူက သားအတွက် ကျနော်အနစ်နာခံတာတဲ့။ ကျနော့်သားခေတ်မှာ ပညာကောင်းကောင်း သင်နိုင်ရမယ်။ သူများကို မော့ပြီးငေးကြည့်ရမယ့် ကျနော့်လို အဖြစ်မခံနိုင်ဘူး … ပြည်တွင်းမှာကျတော့ ကျနော့်လို မှန်တာပဲလုပ်ချင်တဲ့ကောင်တွေက ကိုယ့်ကလေးတောင် ကျောင်းကောင်းကောင်း ထားနိုင်တာမှမဟုတ်တာ … တဲ့။
နောက်ထပ် ပညာတတ်မိသားစုတစ်စုကတော့ အဖေအမေတွေက တကယ့် ပညာတတ် နိုင်ငံရေးသမားတွေ … အဖေ လုပ်သူကပြောတယ် … ကျနော်တို့ သားသမီးဆိုရင် ပြည်တွင်းမှာ အညွန့်ချိုးခံရမှာ သေချာတယ်။ ဘာမှလုပ်မရတဲ့အတူတူ တချိန်ချိန် ကိုယ့်နိုင်ငံအတွက် အဆင်သင့်ဖြစ်နေရအောင် ကျနော်ရော သားသမီးတွေကိုပါ ပညာကောင်းကောင်း ရထားစေချင်လို့ဗျာ … တဲ့။
ပညာတတ်မိန်းမတစ်ယောက်ကတော့ ကိုယ့်သားသမီးတွေကို လူလိုနေရအောင်လို့ … ပြီးတော့ လူ့တန်ဖိုးဆိုတာဘာလဲလို့ သိစေချင်လို့တဲ့။
မြန်မာတွေခမျာ အနာခံမှ အသာစံရဆိုတဲ့ စကားပုံအားကိုးနဲ့ ရှင်သန်နေကြတာထင်ပါရဲ့ …။ တကယ်တော့ မြန်မာနိုင်ငံသား တွေဟာ ဒုက္ခကို ပြေးတွေ့ရဲတဲ့ တိုက်ပွဲဝင်ရဲသူတွေပါ။ တိုက်ပွဲထဲမှာ အကျအဆုံးကိုလဲ ကြိုတွက်ပြီး ရင်ဆိုင်ရဲသူတွေပါ။ ဒီနေရာမှာတော့ အရေးကြီးတာက တိုက်ပွဲအပြီး ပြန်လည်ထူထောင်ချိန်မှာ ကိုယ့်မြေဆီ အပြေးပြန်ပြီး ကူကြဖို့ဆိုတဲ့ စိတ်တော့ လိုပါတယ်။
သေချာတာကတော့ ဒုက္ခသည်စခန်းထဲမှာတော့ နိုင်ငံရေးဒုက္ခသည်ပဲဖြစ်ဖြစ်၊ စစ်ပြေးဒုက္ခသည်ပဲဖြစ်ဖြစ်၊ ရွာပုန်းရွာရှောင် ဒုက္ခသည်ပဲ ဖြစ်ဖြစ် … အားလုံးလိုလိုဟာ ကိုယ့်ဘ၀တိုးတက်ရာ တိုးတက်ကြောင်းနဲ့ အေးရာအေးကြောင်းကို မျှော်လင့်ကြရှာသူတွေပါ။
မျှော်လင့်ကြရတာကလဲ သူတို့ဘ၀တွေက အနာဂတ်ကို တကူးတကဒုက္ခခံပြီး မျှော်လင့်ရလောက်အောင် အခွင့်အရေးတွေ ဆုံးရှုံးနေကြလို့ပဲမဟုတ်လား။ ဒါကြောင့် … ဒုက္ခသည်ဆိုတာ ဒုက္ခကို သယ်ပိုးထားရသူတွေလို့ပဲ ကျမ အဓိပ္ပာယ် ဖွင့်ချင်ပါတယ်။ အဲဒီအခါ လွတ်ရာလမ်းတော့ ရှာကြရပေလိမ့်မယ်။
ကဗျာဆရာ သစ်ကောင်းအိမ်ကတော့ …
ပဏ္ဍိတတွေကလည်း သူဖုန်းစားပမာ ပညာရှာမြဲ
တတိယအရွယ်တွေကလည်း ငွေကမ္မဌာန်းကိုစီးဖြန်းမြဲ
ကျနော်တို့နောက်ကျောမှာ လိုက်ရွာနေကျမိုးကလည်း
အမောတကောလိုက်ရွာမြဲ …
နှစ်ခါပြန်ချိုးလို့မရတဲ့ မြစ်ထဲမှာ
တခါတည်းသာ နှစ်သေလိုက်ပါတော့ … တဲ့။
ရက်ရက်စက်စက် ဖွဲ့ရှာတယ်။ ကျမကတော့ ဒါဟာဖြင့် အရှုံးးပေးဝါဒဆန်တယ်လို့ မြင်ပါတယ်။
(၄)
တောတောင်ရေမြေ သဘာဝဆိုတာ လူသားတိုင်းကို တမျိုးတမည်တော့ ဖမ်းစားနိုင်တာပါပဲ။ မြန်မာပြည်မှာ ရှိနေတုန်းက ခရီးတွေထွက်တိုင်း တောရိပ်တောင်ရိပ်တွေမှာ။ ကျေးလက်ပီသတဲ့နေရာက လယ်တွေကိုင်းတွေဆီမှာ၊ ထန်းတောတွေမှာ၊ တံငါသည်တွေအနားမှာ ကျမသူတို့တွေနဲ့အတူ တလလောက်ဖြစ်ဖြစ် နေချင်ခဲ့ဖူးတယ်။ သဘာဝထဲမှာ စိတ်ချမ်းသာစရာ ကောင်းမှာပဲလို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ သူတို့ဘ၀တွေထဲသူတို့ လွတ်လပ်ပျော်ရွှင်နေခဲ့ဖူးတာကို အားကျခဲ့ဖူးတယ်။ တကယ်တော့ ဒါဟာ စိတ်ကူးယဉ်မှုပါပဲ။
လူတွေဟာ ကိုယ်ကြီးပြင်းရတဲ့ သဘာဝမှာသာ ကျေနပ်မှုကို အပြည့်အ၀ရနိုင်တာပါ။ အခုတော့ ကျမတို့ရဲ့ လယ်သမားတွေ ထန်းတက်သမားတွေ တံငါသည်တွေလဲ သူတို့ဘ၀ထဲ ပျော်ခွင့်မရကြတော့ဘဲ ကိုယ့်မြေကိုစွန့်ပြီးပြေးကြရ။
ဒုက္ခသည်ဆိုတာ ဘာလဲလို့ ရုပ်မြင်သံကြားထဲမှာသာ မြင်ဖူးခဲ့ကြတဲ့ မြို့တော်သူမြို့တော်သားတွေလဲ ကိုယ်တိုင်ဒုက္ခသည် တွေဖြစ်၊ အဲဒီအချိန်မှာရော … လူတွေရဲ့ အာရုံတွေကို ဖမ်းစားနိုင်တတ်တဲ့ သဘာဝရေမြေတွေက ဘာများတတ်နိုင်မလဲ။
ပြီးတော့ … လက်ဝဲသုန္ဒရလို ရတုပိုဒ်စုံ ရေးပို့လို့မှမရနိုင်တဲ့ သက်ဦးဆံပိုင် ဘုရင်ထက်တောင်မှဆိုးတဲ့ အာဏာရှင် လက်အောက်မှာ ကိုယ့်တိုင်းပြည်ကနေ ထွက်ပြေးလာခဲ့ရတဲ့ နိုင်ငံမဲ့တွေအတွက်တော့ အကန့်အသတ်မရှိတဲ့ အကျယ်ချုပ်ခံ ဒုက္ခသည်ဘ၀နဲ့ နေရုံမှတပါး အခြားမရှိတော့ပြီ …။
ကဗျာဆရာ သစ်ကောင်းအိမ်ကတော့ …
မည်သို့ပင်ဖြစ်စေ …
မဲဆောက်တောင်ခြေ
စီးထွေထွေတည့် … လို့ ရေးပါတယ်။
(၅)
ဒါဖြင့် … မြန်မာတွေထဲမှာ ဘယ်သူတွေကရော လွတ်မြောက်နေကြပါသလဲ …။ ဘယ်သူတွေကရော ဒုက္ခသည် မဟုတ်ကြဘူးလဲ …။
ကျမတွေ့သလောက်တော့ မြန်မာပြည်အတွင်း တနံတလျားမှာ ကျီးလန့်စာစားမျက်လုံးတွေ … တီးတိုးရင်ဖွင့်သံတွေနဲ့ အပြည့်။
ပြီးတော့ အားလုံးဟာ အလင်းကို ကြုံကြိုက်ခွင့်မရကြ၊ တံခါးတွေ အထပ်ထပ်ဖြတ်ကြရ၊ သော့တွေအထပ်ထပ်ဖွင့်ကြရ၊ ၀င်္ကပါထဲ စမ်းတ၀ါးဝါး လမ်းရှာကြရ၊ စွန့်စားခန်းတွေထဲလဲ ပြေးကြလွှားကြရ။ အဲဒီအဖြစ်အပျက်တွေ အားလုံးဟာလဲ အကျယ်ချုပ် ဒုက္ခသည်စခန်းကြီးထဲမှာပါပဲ။
အဲဒီနေရာမှာ ပိုဆိုးတာက ကိုယ့်ကို အရက်စက်ဆုံး နှိပ်စက်ဖို့ချောင်းနေတဲ့ ရန်သူတွေက အနီးလေးမှာ အမြဲရှိနေတာပါပဲ။ ဒီလိုနဲ့ အဲဒီရန်သူတွေ ကိုယ်တိုင်လဲဒုက္ခသည်။ ရန်သူတို့ရဲ့ အိပ်မက်တွေကလဲ ဟုန်းဟုန်းတောက်လောင်တဲ့ မီးတောက်ပူပြင်းတွေသာ။
ပြီးတော့ သူတို့ရန်သူအချင်းချင်းလဲ ရန်သူ၊ ပြီးတော့ အဲဒီရန်သူတွေက ချောင်ပိတ်ခံထားရတဲ့ သတ္တ၀ါတွေလို မည်းမည်းမြင် ရန်ရှာချင်တဲ့သူတွေ။
ဆိုတော့ … မြန်မာလူထုတွေခမျာ သွေးမတော်သားမစပ်တဲ့ စိတ်မနှံ့သူတွေနဲ့ တအိမ်ထဲ အတူနေကြရသလို အချိန်တိုင်းမှာ အန္တရာယ်ရှိနေကြရှာတာ။ ဒုက္ခသည်စခန်းမှာတော့ အနည်းဆုံးတော့ အရူးးရန်ကနေ သက်သာရာရနိုင်မှာပေါ့။
ကျမကတော့ ဘ၀ထဲမှာ အကျယ်ချုပ်နဲ့ရှင်သန်ဖို့ ကိုယ်တိုင်များ ကြုံကြိုက်ရမယ်ဆိုရင်တော့ စာဖတ်၊ စာရေးနဲ့ လေ့လာလို့ ရသမျှ လေ့လာစရာတွေ အကုန်လေ့လာဖို့ အချိန်ရတယ်လို့ အောက်မေ့မယ်။ ကံကောင်းလို့ မိသားစုနဲ့ မကွဲမကွာနေခွင့်ရရင် သားသမီးတွေကို အဲဒီတော့မှပဲ အချိန်အများကြီး ပေးနိုင်တော့မှာလို့ စိတ်ချမ်းသာမယ်။ အနည်းဆုံးတော့ သားသမီးတွေကို သမိုင်းကြောင်းတွေအကြောင်း ကောင်းကောင်းပြောပြနိုင်မယ်။ လောကကြီးကို ပကတိအတိုင်း သဘာဝအတိုင်း မြင်တတ်လာမှာမို့ ဒါဟာ တန်ဖိုးပဲလို့ ခံယူမယ်။
ကျမတို့ကမှ လူနဲ့ သူနဲ့ မိသားစုနဲ့ သဘာဝပတ်ဝန်းကျင်တွေနဲ့ နေရသေးတာ … အန်တီစုမှာတော့ … ။ ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေမှာတော့ …။ ကျောင်းသားတပ်မတော်က ရဲဘော်တွေမှာတော့ … ဆိုတာတွေ တွေးလိုက်ရင်တော့ ဒုက္ခသည်စခန်း ဆိုတာကတောင် ခရီးခွတ်လပ်က အပန်းဖြေစခန်း တစ်ခုသာ …။ အဲဒီမှာ အနည်းဆုံးတော့ ပိုအားရှိတဲ့ အိပ်မက်တွေ မက်ခွင့်ရှိနေတယ်လေ။
နေရောင်ခြည်တွေကွန့်မြူးတဲ့ အရုဏ်ဦးမှာ
အသက်တ၀ကြီး ရှူပစ်လိုက်ဖို့ပါပဲ …
သိပ်အများကြီးတော့ မဟုတ်ပါဘူး
ရင်ဘတ်ကြီး လွတ်လွတ်လပ်လပ်ပွင့်ခွင့် တစ်ခုတည်းရယ်။
(ညိုထက် - လမ်းသစ်ဦး)
(၆)
ဒါပေမယ့် …
နက်ဖြန်ခါရဲ့မနက်ခင်း လင်းပွင့်ရက်တွေ ရောက်ရင်တော့ဖြင့် ကိုယ့်ပိုင်မြေဆီကို အသေအချာ ပြန်လာဆုံဖြစ်ကြဖို့တော့ လိုတယ်။
ငါတို့ ပြန်ဆုံရမှာက
ကာလသစ်တစ်ခုမှာမှ …
တစုံတရာ
ရေရာမှုလေထုမှာမှ …
ရဲဘော်တို့ရေ …
နက်ဖြန်မနက်ဟာ
(ကျနော်တို့အတွက်)
နေထွက်ပေးတာ
ဖြစ်စေရမယ်
သေချာတယ်။
(ထက်မိုး - မသေချာမီရက်ကြပ်များ)
မေငြိမ်း
၂၀၀၆၊ စက်တင်ဘာ။ [Top] |