သူ့အမြင်
အနီရောင်သွေးကွက်ပေါ်က ရွှေရောင်ဆေးစက်များ
ငြိမ်းဝေ
(က)
၁၉၉၃ ခုနှစ်အတွင်းက တော်လှန်ရေးဌာနချုပ်စခန်း ‘မာနယ်ပလော’မှာ ကဗျာရေးသူတချို့နဲ့ ကဗျာချစ်သူတချို့ မကြာခဏ ဆိုသလို ၀ိုင်းဖွဲ့ထိုင်ခဲ့ကြဖူးပါတယ်။ အထူးသဖြင့် ကျနော်နေထိုင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဌာနချုပ်ရုံးနဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံးနဲ့က တော်တော်လေးနီးတော့ အဲဒီက ကဗျာရေးသူ ကဗျာချစ်သူ တွေနဲ့ နေ့တိုင်းလိုလို ဆုံဖြစ်ကြပါတယ်။ ပြီးတော့ သူတို့ပါတီမှာရှိတဲ့ ရဲဘော်တွေက ပါတီရဲ့ တာဝန်ကြီးကြီးယူထားသူက အစ သာမန်ရဲဘော်အဆုံး ကဗျာရေးခဲ့ကြသူတွေက အများစုလိုဖြစ်နေတော့ သူတို့ဆီကိုပဲ ခဏခဏ ကျနော်ရောက်ပါတယ်။
ဒီနေရာမှာ တော်လှန်ရေးနယ်မြေရောက် ကဗျာချစ်သူ ကဗျာရေးသူတွေ ဟိုတုန်းကကြုံရတဲ့ အတွေ့အကြုံနဲ့ ဒီဘက်ခေတ် အထူးသဖြင့် ၂၀၀၀ ခုနှစ်လွန်ခေတ် ပြည်တွင်းကထွက်လာတဲ့ ကဗျာချစ်သူ ကဗျာရေးသူတွေ ကြုံတွေ့ရတဲ့ အတွေ့အကြုံ ဟာ တခုနဲ့တခု မတူကြပါဘူး။ အခက်အခဲချင်းမတူကြပါဘူး။ ဟိုတုန်းက ကြုံရတဲ့ အခက်အခဲတွေထဲက အတွေ့အကြုံ တခုကို ပြောရမယ်ဆိုရင် …
၁၉၉၄ ခုနှစ်ထဲမှာ ကျနော်ဟာ ‘တော်လှန်ရေး ကဗျာမိတ်ဆက်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီမိုကရက်တစ်မြန်မာ့အသံမှာ တပတ်မှာ တကြိမ် အသံလွှင့်ခွင့်ရပါတယ်။ ပြီးတော့ ဟိုတုန်းက တစောင်တည်းသော ပုံမှန်ထုတ်ဝေတဲ့ ‘ဒေါင်းအိုးဝေ’ စာစောင်မှာ ကဗျာတပုဒ် နှစ်ပုဒ်ဝင်ရေးပါတယ်။ ဒီလိုကဗျာကိစ္စ ကျနော်လုပ်နေတာကိုကြားလို့နဲ့တူပါတယ်။ ဟိုစဉ်တုန်းက အဝေးရောက် အစိုးရအဖွဲ့မှာ တာဝန်ကြီးကြီးယူထားသူ ပုဂ္ဂိုလ်တဦးက “ကိုငြိမ်းဝေကလည်း တော်လှန်ရေး အသံလွှင့်ဌာနမှာလာပြီး ကဗျာ တွေ ဘာတွေလုပ်မနေပါနဲ့” ဆိုတဲ့ စကားကို ပြောခဲ့ပါတယ်။ ဒီစကားကိုကြားတော့ ကျနော့်ခေါင်းထဲမှာ တော်တော်လေးကို ချာချာလည်အောင် ရှုပ်ထွေးခဲ့ရဖူးပါတယ်။ ပြီးတော့မှ ‘အော် … ဒါကတော့ သူက တော်လှန်ရေးလုပ်တယ်ဆိုတာ ကဗျာ ရေးဖို့က အဓိကမကျဘူး။ တခြား သည့်ထက်အရေးကြီးတယ်ထင်ရတဲ့ ကိစ္စတွေကိုသာ လုပ်စေချင်တဲ့ စေတနာနဲ့ပြောလိုက် တာ ဖြစ်မှာပါ’ ဆိုတဲ့အတွေးနဲ့ ကိုယ့်ကိုကိုယ် ဖြေခဲ့ပါတယ်။ ဟိုတုန်းက တော်လှန်ရေးနယ်မြေရောက် ကဗျာရေးသူတဦးအဖို့ ဘယ်လောက်အထိ နေစရာကျဉ်းကျပ်ခဲ့သလဲဆိုတာ တွေးကြည့်လို့ ရနိုင်မှာပါ။
အဲသလိုကာလ၊ အဲသလိုဝန်းကျင်မျိုးမှာ ပုံနှိပ်ကဗျာစာအုပ်တအုပ် ထုတ်ဝေဖို့ဆိုတဲ့ကိစ္စဟာ အင်မတန်ဖြစ်ခဲ ခက်ခဲလှတဲ့ကိစ္စ ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့က ကဗျာစာအုပ်ထုတ်ဝေနိုင်ရေးဆိုတဲ့ရည်ရွယ်ချက်ကို ဖြစ်တဲ့နည်းနဲ့အကောင်အထည်ဖော် နိုင်အောင်တော့ သိပ်ကြိုးစားကြရတာပေါ့လေ။
ဒီလိုနဲ့ “ရှစ်လေးလုံး” အထိမ်းအမှတ်ကဗျာစာအုပ်ထုတ်ဖို့ ပိုက်ဆံလိုက်စုပါတယ်။ တယောက်တရာစု ငါးဆယ်စီစုပြီး ကဗျာ ရေးသူတချို့ဆီက ကဗျာတွေ လိုက်တောင်းကြပါတယ်။ ကဗျာတချို့စုလို့ရတဲ့အခါ ခရီးစရိတ်ရှာပြီး ‘ဇင်းမယ်’ ကို တက်ရ ပါတယ်။
‘ဇင်းမယ်’ ဆိုတာ သာမန်ရဲဘော်တွေအဖို့ နတ်ဘုံစခန်း အနေအထား ဖြစ်လေတော့ ‘ဇင်းမယ်’ လိုက်ပြီး ကဗျာစာအုပ်ထုတ်ဖို့ ကိုယ့်ပါတီကအကြီးအကဲတွေဆီ ချဉ်းကပ်ရတာမျိုးတော့ ရှိတာပေါ့။ ကားနောက်မြီးက ခိုပြီးပဲ လိုက်ရလိုက်ရ ကျေနပ်ပါပြီ သဘောမျိုးပြောပြီး ‘ဇင်းမယ်’ ကို လိုက်ရပါတယ်။ ဟိုရောက်တော့ ကွန်ပျူတာဆရာလေး ‘ကိုဟန်’ က ကွန်ပျူတာနဲ့ စာအုပ် ဖွဲ့စည်းပြီး မူရင်းတစောင်ကို ထုတ်ရပါတယ်။ အေဖိုးစာရွက် နှစ်ရွက်ကို သုံးချိုးချိုးပြီး ကဗျာလက်ကမ်း စာစောင်တခု ဖြစ်အောင်ဖန်တီးရတာပါ။ ပြီးတော့မှ မြို့ထဲကို မသွားတတ်လို့ ကိုအောင်စောဦး (ဟိုတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - လွတ်မြောက်နယ် မြေ၊ နိုင်ငံခြားရေးတာဝန်ခံ) ကို ကော်ပီကူးခပိုက်ဆံပေးပြီး အကူအညီတောင်းရပါတယ်။ အုပ်ရေ (၁၀၀) ပဲ ကော်ပီကူးပြီး ထုတ်ဝေခဲ့ပါတယ်။ အဲဒီ လက်ကမ်း ကဗျာစာစောင်လေးကို “အနီရောင်သွေးကွက်ပေါ်က ရွှေရောင်ဆေး စက်များ” ဆိုတဲ့ အမည်ပေးပြီး ထုတ်ခဲ့ပါတယ်။
(ခ)
“အနီရောင်သွေးကွက်ပေါ်က ရွှေရောင်ဆေးစက်များ”ကဗျာစာအုပ်မှာ ဟိုက္ကူကဗျာဆန်ဆန် ကဗျာတိုလေးတပုဒ်ကို ကျနော် ရေးပါတယ်။
“မဟာရှစ်လေးလုံး အရေးတော်ပုံဘွဲ့”
နေကိုဖမ်းချုပ်
ရိုက်ပုတ်
မြေမှာမြှုပ်
လကို လှမ်းဆုပ်
မန်းမှုတ်
ချိုးငှက် ကိုယ်စီလုပ်။
ဒီကဗျာတိုလေးကိုရေးတော့ ကျနော့်အသိုင်းအ၀ိုင်းကလေးထဲမှာ ဒီလိုအဓိပ္ပာယ် ထိန်ဝှက်လွန်းတဲ့ကဗျာ ရေးရပါမလားဆိုပြီး တော်တော်လေးကို အပြစ်တင် ခံရပါတယ်။ တချို့ကဆိုရင် ‘မော်ဒန်’ ကဗျာဆိုတာ ဒါမျိုးလားဆိုပြီး တခြား အဓိပ္ပာယ်ချိုးဖျက် ထားတဲ့ စာသားတွေကိုရွတ်ပြီး ကျနော့်ကို လှောင်ပြောင် ကျီစယ်တာမျိုးအထိ လုပ်ပါတယ်။ “တော်လှန်ရေးပဲ၊ ဘာမှဝှက်ပြီး ရေးနေဖို့မလိုပါဘူး။ ဟိုဘက်မှာတုန်းက ရန်သူမသိအောင်ရေးရတာမျိုး ဒီမှာမလိုပါဘူး။ ရှင်းအောင်ပဲရေးပါ” ဆိုပြီး ဆရာ လုပ်သလိုလို အကြံပေးသလိုလိုနဲ့ ကျောသပ်ပြီး ပြောတဲ့လူကလည်း ပြောပါတယ်။
ဒီလိုအတွေ့အကြုံ၊ ဒီလို ရေခံမြေခံမျိုးမှာ ကဗျာဆိုတာ နိမိတ်ပုံတွေ သင်္ကေတတွေကိုအသုံးပြုပြီးရေးဖို့ လိုအပ်သလား မလိုအပ်ဖူးလားဆိုတဲ့ အတွေးကို ချပြပြီး ဆွေးနွေးဖို့ဆိုတာ တော်တော့်ကို အဆီအငေါ် မတည့်စရာ အခြေအနေမျိုးပါ။ ‘နေ’ တို့ ‘လ’ တို့ဆိုတာ နိမိတ်ပုံအဖြစ်အသုံးပြုထားတာ။ ‘ချိုးငှက်’ ဆိုတာ ‘သင်္ကေတ’ အဖြစ် ယူထား ရေးထားတာဆိုတာ ရှင်းပြ နိုင်ဖို့ ကျနော့်ပါးစပ်က ဆွံ့အခဲ့ဖူးပါတယ်။ ဒီလိုနဲ့ပဲ ဆယ်စုနှစ်တခုကိုကျနော်တို့ကျော်ခဲ့ပါတယ်။ အာဏာရှင်လက်အောက်က လွတ်မြောက်နေတဲ့နေရာမှာလို့ ပြောယူရမယ့်နေရာမှာ ဒီကဗျာကို ကျနော်ရေးခဲ့တာပါ။
(ဂ)
အမွှာကောင်းကင်
အမွှာကောင်းကင်နှစ်ခု
မျက်လုံးထဲမှာ …။
တခုက ကမ္ဘာမြေကြီးရဲ့အပေါ်မှာ
ကြယ်တွေပြည့်နှက်
ဘုရားဖူးလမ်းပြမြေပုံ
အသေချာဆုံးလမ်းပြမြေပုံ။
နောက်တခုက ကမ္ဘာမြေကြီးရဲ့အောက်မှာ
အင်မတန်လေးလံတဲ့ ကောင်းကင်မဲကြီးတခု
ရတနာတွေပြည့်နှက်လျက်
ပျောက်ဆုံးနေတဲ့မြေပုံ နောက်ဆုံးမျှော်လင့်ချက်။ ။
“အမွှာကောင်းကင်” ကဗျာဟာ မြန်မာကဗျာမဟုတ်ပါဘူး။ ‘ချက်’ ကဗျာဆရာ ‘၀ါ့လ်ထ် မာရာ’ ရေးတဲ့ ကဗျာပါ။ ဒီကဗျာဟာ ‘ချက်’ နဲ့ ‘စလိုဗက်’ လူမျိုးတွေ ကတ္တီပါလမ်းခွဲ မတိုင်ခင်အချိန်တုန်းက ရေးခဲ့တဲ့ကဗျာပါ။ “မြေပုံ” နှစ်ချပ်ကို ယှဉ်ပြီးပြတဲ့ ပြောတဲ့ကဗျာပါ။ တခုက ရှင်းရှင်းလင်းလင်း။ တောက်တောက်ပပ မြင်ရတာလွယ်တဲ့ လမ်းပြမြေပုံ။ နောက်တခုကတော့ မဲမှောင်ခက်ခဲတဲ့လမ်းပြမြေပုံ။ ဒီမြေပုံနှစ်ခုကို ‘၀ါ့လ်ထ် မာရာ’က တပါတီ အာဏာရှင်စနစ်လက်အောက်မှာ ရေးခဲ့တာပါ။
အခုလည်း ကျနော်တို့လူမျိုးတွေ လမ်းပြမြေပုံနှစ်ခုကို ရွေးကြရမယ့်အချိန် ‘၀ါ့လ်ထ် မာရာ’ ရဲ့ အဲဒီ ‘အမွှာကောင်းကင်’ ကဗျာကို ကျနော်သတိရနေမိပါတယ်။ နှိုင်းယှဉ်ပြီး ခံစားရတာထိပါတယ်။ ‘ချက်’ တွေကတော့ လမ်းပြမြေပုံနှစ်ခုအနက်က မဲမှောင်လေးလံတဲ့ ကောင်းကင်ကြီးအောက်က လမ်းပြမြေပုံအမှန်ကို ရွေးနိုင်ခဲ့ကြပါတယ်။
ဒီ “အမွှာကောင်းကင်နှစ်ခု” ဆိုတာ လူတစုက ရွေးချယ်ထားတဲ့ လမ်းပြမြေပုံနဲ့ လူထုကရွေးချယ်သင့်တဲ့ လမ်းပြမြေပုံနှစ်ခုကို နှိုင်းယှဉ်ဖွဲ့ဆိုထားတဲ့ကဗျာပါ။ ‘မြေပုံနှစ်ချပ်’ ကို ‘ကောင်းကင်နှစ်ခု’ နဲ့ နိမိတ်ပုံပြုထားတာပါ။
(ဃ)
ကျနော်ထင်ပါတယ်။
ဘယ်ခေတ်ဘယ်အခါမဆို ဘယ်လိုပတ်ဝန်းကျင်မျိုးနဲ့ ဘယ်လိုရေခံမြေခံမျိုးမှာမဆို ကဗျာဆိုတာ သင်္ကေတတွေ နိမိတ်ပုံ တွေ အစရှိတဲ့ ကဗျာ့ စူး၊ ဆောက်၊ တန်ဆာပလာတွေနဲ့သာ ထုဆစ်ဖွဲ့ဆိုရတာ ဖြစ်တယ်လို့ပဲ ယူဆပါတယ်။
ဖိနှိပ်သွေးစုပ် အုပ်ချုပ်ခံရတဲ့ခေတ်၊ လွတ်လပ်တဲ့ခေတ်၊ ဘယ်ခေတ်မှာမဆို နိမိတ်ပုံတွေ သင်္ကေတတွေဟာ ကဗျာ့ဝိညာဉ် အဖြစ် အရေးပါနေပါလိမ့်မယ်။ ။ [Top]
ကိုးကား။ ။ ‘CHILD OF EUROPE´ စာအုပ်ထဲမှ
ချက်ကဗျာဆရာ Ewald Murrer ရဲ့ Twin Skies’ |