ဝတ္ထုတို
မိသားစု စားပွဲဝိုင်းလေး
မင်းခေါင်ကျော်
ပျဉ်ခင်းထရံကာ အမေ့အိမ်ကလေးရှေ့ ကနားဖျင်းထိုးထားရာ တာလပတ်အမိုးအောက်ရှိ ထိုင်ခုံကလေးတစ်ခုမှာ ကျွန်တော်ထိုင်နေခဲ့သည်။ အိမ်ကလေးက အသစ်ကျပ်ချွတ်ကလေး။ အမေ ဒီအိမ်ကလေးကို ပြောင်းရွှေ့လာခဲ့တာ သိပ်မကြာသေး။ အမေ့ရဲ့နောက်ဆုံးမွေးနေ့ကို ဒီအိမ်ကလေးမှာ အမေ တိတ်တဆိတ် ကျင်းပခဲ့သေးသည်။ အမေ့မွေးနေ့မတိုင်မီ၊ အမေဒီအိမ်ကလေးသို့မပြောင်းရွှေ့မီ အမေ့အိမ်ကို ကျွန်တော် ရောက်ခဲ့တုန်းက အမေက ဒီလိုပြောခဲ့ပါသည်။
“အမေကွယ် ... အမေ့မွေးနေ့မှာ သားတို့ပေးထားတဲ့ ပိုက်ဆံကလေးတွေစုထားတဲ့ အထဲက ဘုန်းကြီးကျောင်းကို ဆန်နှစ်ပြည်၊ ဖရောင်းတိုင်တထုပ်နဲ့ အမွေးတိုင်ရယ် … ပြီးတော့ အမေ့သက်စေ့ ပိုက်ဆံ ၈၉ ကျပ်လှူမယ်။ လူတွေတော့ ဘာမှမကျွေးနိုင် တော့ပါဘူးကွယ်။ မင်းညီမကတော့ ကြာဆံလေးဘာလေးကြော်ပြီး စားကြမလားပဲ” ကျွန်တော့်ရင်ထဲမှာကြေကွဲဝမ်းနည်း သွားရသည်။ အမေရယ် ဒီတုန်းက အရေး အကြောင်းတွေနဲ့ မျက်စိနှစ်ကွင်း မလင်းတော့တဲ့ အမေ့မျက်နှာကို ငေးကြည့်ရင်း ကျွန်တော်ဒီလိုပြောခဲ့တာကို သတိရနေသေးသည်။ “အမေ့မွေးနေ့အတွက်လှူဖို့ ကျွန်တော် ပေးပါမယ်အမေရယ်။ သက်စေ့ ၈၉ ကျပ်တော့ မလုပ်ပါနဲ့၊ ပိုက်ဆံက တန်ဖိုးမရှိတော့ဘူးအမေ။ ၈၉၀ သာလှူလိုက်ပါ။ ကျွန်တော်ပေးပါမယ် ...”
“အေး . . အေး . . ကောင်းပါတယ်”
ငွေရောင်တောက်ပနေသော အမေ့ဆံပင်များကို ကျွန်တော်ငေးကြည့်နေမိခဲ့သည်။ ယခု အမေမရှိတော့...။ အမေ့မွေးနေ့ကျော်ပြီး ရက်ပိုင်းအတွင်းမှာပဲ အမေဆုံးပါးခဲ့ သည်။ ကျွန်တော်သည် တာလပတ်ကနားဖျင်းတဲလေးအောက်မှ အိမ်ရှေ့မြေနီလမ်း ဘက်ကို လှမ်းငေးနေမိသည်။
အိမ်ရှေ့မြေနီလမ်းရဲ့ဘေး ပိတောက်ပင်ငယ်လေးအောက်မှာ စားပွဲဟောင်းတလုံးက ကျွန်တော့်အမြင်လွှာထဲ ၀င်ရောက်လာ၏။ အခင်းပျဉ်တချပ်ကွာနေပြီး ယိုင်ရွဲ့နေ သော ဖုံအလိမ်းလိမ်း မည်းမည်းညစ်ညစ် ခြေတံရှည် စားပွဲဝိုင်းလေး။ ကျွန်တော် ချက်ချင်းမှတ်မိသွားသည်။ စားပွဲဝိုင်းလေးကိုကြည့်ကာ ကျွန်တော့်ရင်ထဲမှာ ဆွေးမြေ့ တုန်လှုပ်သွားသည်။ လောကဓံတရားကို ဒီစားပွဲဝိုင်းလေးလည်း ခံခဲ့ရပါလား။
တချိန်က ဒီစားပွဲဝိုင်းကလေးမှာ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမ မိသားတစုလုံး ၀ိုင်းဖွဲ့စားသောက်ခဲ့ကြသည်။ ညဘက် ညီအစ်ကိုတွေ သူငယ်ချင်းတွေ ဒီစားပွဲဝိုင်းလေးမှာ လက်သုတ်စားရင်း စကားထာဝှက်တမ်း ကစားခဲ့ကြဖူးသည်။ စာမေးပွဲတွေနီးလို့ ကျွန်တော်တို့ ညီအစ်ကိုတွေ စာကျက်တော့လည်း ဒီစားပွဲဝိုင်းမှာ။ ကျွန်တော့် အစ်ကိုကြီးတွေက ကျွန်တော်အပါအ၀င် ညီတွေရယ် နှမလေးရယ် စာသင်ပေးတော့လည်း ဒီစားပွဲဝိုင်း။
အမှန်တော့ ဒီစားပွဲမှာ ၀ယ်စက တတောင်ခန့် အမြင့်ရှိသော စားပွဲဝိုင်းပုသာ ဖြစ်သည်။ ကျွန်တော်တို့မိသားစု အဖေအလုပ်ရှိရာ ကမာရွတ် မြို့နယ်မှ သင်္ဃန်းကျွန်းမြို့နယ်ကိုပြောင်းတော့ လေးပင်နှစ်ခန်း ပျဉ်ထောင်အိမ် ဖြစ်သွားကာ အတန်ငယ်ကျယ်ဝန်းလာပြီး အဖေက စားပွဲဝိုင်းပုကို ခြေထောက်လေးဘက် တပ်ဆင်ပေးလိုက်ခါ ခမ်းခမ်းနားနား စားပွဲဝိုင်းရှည် (မတ်တတ်စားပွဲ) ဖြစ်လာခဲ့လေသည်။ ကုလားထိုင်နှင့် ခွေးခြေနှင့် စားပွဲဝိုင်းရှည် ဖြစ်လာခဲ့လေသည်။
ညတွေ ညတွေတွင် ကျွန်တော်တို့ ညီအစ်ကိုသူငယ်ချင်းတွေ ရုပ်ရှင်အကြောင်း၊ ဇာတ်ပွဲအကြောင်း၊ စာပေအကြောင်း ငြင်းခုန်ရာ စားပွဲဝိုင်း ဖြစ်လာခဲ့လေသည်။ ပထမဆုံး အိမ်ကိုသာမက စားပွဲဝိုင်းကိုပါ စွန့်ခွာသွားသူများမှာ ကျွန်တော့်အထက်က အစ်ကိုနှစ်ယောက်ဖြစ်သည်။ တယောက်က နယ်တွင်ကျောင်းဆရာသွားလုပ်ရင်း အဲဒီနယ်မြို့မှာ အိမ်ထောင်ကျသွားသည်။ တယောက်ကတော့ ဘောလုံးသမားအဖြစ် စစ်တပ်ထဲဝင်သွား၏။ သူလည်းအိမ်ထောင်ကျသွားသည်။ သူကတော့ လောကဓံလှိုင်းရိုက်ခတ်ခံရမှု အတော်ပြင်းထန်ပါသည်။ စစ်တပ်ထဲမှာ ဆယ်စုနှစ် နှစ်ခုကျော်ကျော်ကြာတော့ သူထွက်လိုက်သည်။
အပြင်တွင် ကျပန်းဈေးရောင်းစားသည်။ ဆင်းဆင်းရဲရဲ။ မိန်းမရယ်၊ ကလေးသုံးယောက်ရယ်၊ ယောက္ခထီးကြီးရယ်၊ မိသားစုခြောက်ယောက်ရဲ့ ပါးစပ်ပေါက်အတွက် သူတောတိုးကာ ပန်းချိုး၍ရောင်းဖူးသည်။ ကုန်စိမ်းဒိုင်သွား သစ်သီးခြင်းထမ်း၍လည်းရောင်းဖူးသည်။ သူက တပ်ထဲတုန်းက ပညာမတတ်တော့ ရဲဘော်ကနေ အကြပ်ထိသာ အမြင့်ဆုံးရာထူးရှိခဲ့သည်။ တပ်ကထွက်တော့ လက်ချည်းဖြစ်သည်။
တခါတော့ အိမ်နီးချင်းမိသားစုနှင့် စကားများရန်ဖြစ်ရာမှ ဓါးခုတ်မှုဖြစ်၊ အချုပ်ခံရ။ ကျွန်တော့်အထက်က အကိုရှေ့နေ (နောက်ပိုင်း အတိုက်အခံ နိုင်ငံရေးသမား)က ကြိုးစားပြီးလိုက်ပေးခဲ့ပေမယ့် ငွေနှင့်မလိုက်နိုင်သည့်အတွက် ထောင်ကျသွားသည်။ ထောင်ကထွက်တော့ သူ့မိသားစုမှာ အတော်ကျပ်တည်းနေ၏။ သည်တွင် မြို့တော်ဝန် မာရသွန်ပြိုင်ပွဲဝင်ဖို့သူစိတ်ကူးရသည်။ အသက် ၅၀ အောက်။ ဆုရလျှင် တီဗွီတို့ ဘာတို့ ရမည်။ သူ့အသက်က ၅၀ ထဲရောက်နေပြီ။ သူမျှော်မှန်းချက်တခုအတွက် အပြေးလေ့ကျင့်သည်။ သည်လိုနှင့် တရက် အပြေးလေ့ကျင့်ပြီးအပြန် နှလုံးရပ်၍ဆုံးပါးခဲ့၏။ မိသားစုအရေး တီဗွီတလုံးအတွက် အသက်ပေးသွားခဲ့ရသည်။
ကျောင်းဆရာ ဖြစ်သွားတဲ့အစ်ကိုကတော့ အခြေအနေမဆိုး။ သူ့ဇနီးကလည်း ကျောင်းဆရာမ။ သူက နောက်ပိုင်း အထက်တန်းကျောင်းအုပ်။ နောက် ပညာရေးမှူး။ တိုင်းပညာရေးမှူးအထိ ဖြစ်ခဲ့သည်။သားနှင့်သမီး၂ ယောက်ထဲရှိရာ နှစ်ဦးလုံးဆရာဝန်ဖြစ်ကြသည်။ လင်ကောင်း သားကောင်းရကာ ငွေကြေးပြည့်စုံသွားသည်။ ယခု ထိုအစ်ကိုလည်း ပင်စင်ယူခဲ့တာကြာပြီ။ ပင်စင်လစာ မတောက်တခေါက်ရယ်၊ သားသမီး နှစ်ယောက်ရဲ့ ထောက်ပံ့မှုရယ်နှင့် မပူမပင်ရ။
တတိယ အမေ့အိမ်နှင့်စားပွဲဝိုင်းကို စွန့်ခွာခဲ့သူမှာ ကျွန်တော်ဖြစ်သည်။ ကျွန်တော်ကလည်း ရေတပ်ထဲ ၀င်ခဲ့ဖူးသေးသည်။ ၆၆ - ၆၇ လောက်က။ တပ်မတော်ကိုချစ်လို့။ မျိုးချစ်လို့တော့မဟုတ်။ ယူနီဖောင်းကို သဘောကျတာနှင့် ၀င်သွားခဲ့သည်။ ဘောင်းဘီဖြူ အင်္ကျီဖြူ ခြေအိတ်ဖြူ။ နောက် ကောင်းကင်ပြာရောင်အင်္ကျီနှင့် နက်ပြာဘောင်းဘီ။ ဦးထုပ်ပြားဖြူလေးကိုလည်း သဘောကျသည်။ နောက်တော့ နိုင်ငံရေးငြိစွန်းတယ်ဆိုကာ တပ်က ထုတ်ပစ်သည်။ တကယ်တော့ ကျွန်တော်ကနိုင်ငံရေးသမားမဟုတ်။ နိုင်ငံရေးသမားအချို့နှင့်ပေါင်းမိခြင်းသာဖြစ်သည်။ တပ်ကထွက်ပြီး နယ်ကစီမံကိန်းတစ်ခုမှာသွားလုပ်သည်။ အိမ်ထောင်၂ ဆက် ကျဖူးသည်။ စာရေးဆရာဖြစ်လာသည်။ ၈၈ အရေးအခင်းထဲပါဝင်ခဲ့သည်။ ဒုတိယအကြိမ်အစိုးရအလုပ်မှ ထွက်ခဲ့ရပြန်သည်။ ဘာဖြစ်လဲ။ ဈေးရောင်းစားသည်။ စာရေးသည်။
သည်လိုနှင့် အမေ့အိမ်မှ တယောက်ပြီးတယောက် စွန့်ခွာကြသည်။ ညီငယ်တစ်ယောက်မှာ ဆိုးပေတေ။ ဆေးချသည်၊ ရန်ဖြစ်သည်။ အိမ်ကို အမျိုးမျိုး ဒုက္ခပေးသည်။ တိုင်းပြည်အရေးအခင်းတခု (၇၆ အလုပ်သမား အရေးအခင်းထင်သည်) မာရှယ်လောကာလမှာ ညဘက် သူငယ်ချင်း တွေနှင့် အပြင်ထွက်ဆေးခြောက်ရှူရင်း အဖမ်းခံရသည်။ ထောင်ကျသည်။ ရဲဘက်စခန်းရောက်သွားသည်။ ထောင်ကလွတ်တော့ လူဆိုးစာရင်း
ဝင်နေပြီ။ မှတ်ပုံတင်လည်းမရှိ။ ဒီိလိုနှင့်မထူးဘူးဆိုကာ စစ်တပ်ထဲဝင်သွားသည်။ ရှေ့တန်းချည်း ပို့နေလို့ တပ်ပြေး(၃)ကြိမ် ဖြစ်ဖူးသည်။ ပြန်ဖမ်း၊ ပြန်အမှုထမ်း။ ယခု မြေးတွေရနေပြီ။ အိမ်ကိုဘယ်တုန်းကမှ မထောက်ပံ့နိုင်ခဲ့။ အိမ်ကသာ ပြန်ပြန်နှိုက်သူဖြစ်သည်။ အိမ်တလုံးသာ ရှိသော အမေ့ဆီက အမွေအတင်းတောင်းသည်။
သူ့အထက်က ညီလည်း စစ်တပ်ထဲဝင်ဖူးသည်။ နှစ်ပေါင်းမနည်း။ တပ်ကြပ်ကြီးနှင့် ပင်စင်။ အပြင်ရောက်တော့ ဘာလုပ်ရမှန်းမသိ။ ဈေးရောင်း စားသည်။ အိမ်ထောင်ကျ။ သမီးသုံးယောက်ကို တက္ကသိုလ်ထိပို့နိုင်ခဲ့၏။
ကံကြမ္မာအဆိုးဆုံးကတော့ ကျွန်တော်တို့ရဲ့ တဦးတည်းသော အငယ်ဆုံးနှမဖြစ်သည်။ အသက် ငယ်ငယ်ရွယ်ရွယ်မှာပင် စစ်သားတစ်ယောက်နှင့် အိမ်ထောင်ကျသည်။ တနှစ်ပြည့်အောင် မပေါင်းရ။ လင်ယောက်ျား မိုင်းထိကာ ဆုံးပါးသည်။ ကိုယ်ဝန်နှင့်ကျန်ရစ်၏။ အမေ့အိမ်ပြန်ရောက်လာ သည်။ ကလေးအတန်ကြီးလာတော့ နောက်အိမ်ထောင်ပြုသည်။ နောက်အိမ်ထောင်က စက်ဘီးပြင်သည်။ သူတို့က အမေ့အိမ်မှာပဲ အမေ့ကို စောင့်ရှောက်ရင်းနေခဲ့သည်။ စက်ဘီးပြင်တဲ့အလုပ်ကလေးကမဆိုး။ ဒါကိုသင်္ဘောသားအိုတချို့နှင့်ပေါင်းမိပြီး သင်္ဘောသား ရောဂါထသည်။ အမေ့အိမ်ကိုပေါင်ပြီး သင်္ဘောတက်ဖို့ ကြိုးစားသည်။ ပိုက်ဆံပေးပြီး ထိုင်းကိုတော့ရောက် သွားပါရဲ့။ သင်္ဘောပေါ်မရောက်။ ယောင်ချာချာဖြစ်ပြီး အိမ်ပြန်ရောက်လာသည်။ ပေးထားတဲ့ ပိုက်ဆံတွေ ဆုံးကုန်၏။ အလိမ်ခံရမှန်း ဒီတော့မှသိသည်။
အမေ့အိမ်ရောင်းလိုက်ရသည်။ အတိုးတွေက တလတလ သိန်းချီတက်နေတော့ ကြာရင် အိမ်ရှုံးမယ်လေ။ ဒီတော့ ရောင်းဆပ်လိုက်ရသည်။ ဟိုး ဒဂုံမြောက် မြို့စွန်ရောက်သွားသည်။ ယောက်ဖမှာ သင်္ဘောသား မဖြစ်လိုက်ရဘဲ စက်ဘီးပြန်ပြင်စားရတော့ အတော်စိတ်ဓာတ်ကျသွားသည်။ နဂိုကတည်းက အရက်လေး ကြိုက်တတ်သူ။ အရက်သမားလုံးလုံးဖြစ်သွားသည်။ အလုပ်ကောင်းကောင်း မလုပ်တော့။ လင်မယား တကျက်ကျက်။ ကျွန်တော်က ဒဂုံမြောက်အစွန်အိမ်ကို တလတခေါက်လောက်တော့ ရောက်သည်။ ကျွန်တော်ရောက်တိုင်း ယောက်ဖနှင့်နှမ ရန်ဖြစ်နေတာတွေ့ပြီး စိတ်ညစ်ရသည်။ အမေက ရှိနေတော့ ဆေးဖိုးဝါးခ လေးကန်တော့ရင်း မရောက်မဖြစ် ရောက်ရခြင်းဖြစ်သည်။ နောက်တော့ ယောက်ဖ အရက်ကြောင့်ဆုံးသည်။ အသက် ၄၀ ကျော်လေး ရှိသေး၏။ နှမမှာ နှစ်ထပ်ကွမ်း မုဆိုးမဖြစ်သွားသည်။ ကလေး တပြုံနှင့် ကျန်ရစ်၏။
အမေ့အိမ်မှာ အမေနှင့် အတော်ကြာကြာနေပြီး အိမ်ထောင်ကျ၊ အိမ်ခွဲတော့လည်း အမေ့အိမ်နှင့် တရပ်ကွက်ထဲမှာ ရှိနေခဲ့သူမှာ ကျွန်တော့် အထက်ကအကို ရှေ့နေ နိုင်ငံရေးသမားဖြစ်သည်။ နိုင်ငံရေးသမားဆိုတော့ အမေနှင့်ရော သူ့မိသားစုနှင့်ပါ မကြာမကြာ ခွဲခွာရသည်။ အဖမ်းခံ လိုက်ရ၊ ပြန်ထွက်လာလိုက်၊ ပြန်အဖမ်းခံရလိုက်။ မရေမတွက်နိုင်တော့ဘူး ထင်သည်။ အသက် ၂၀ ပတ်ဝန်းကျင်အရွယ်ကစပြီး ယခု ၆၀ ထိ။ ၈၈ အရေးအခင်း နောက်ပိုင်းမှာတော့ သူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ၀င်ဖြစ်လာသည်။
သင်္ဃန်းကျွန်းမြို့နယ်မှာ အတွင်းရေးမှူး။ ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီဝင်၊ ရှေ့နေ၊ သူ့ဇနီးက အထည်ချုပ်မှာ အလုပ်သမား။ သားတွေ လည်း ရရာအလုပ်တွေ လုပ်နေကြရ။ လက်လုပ်လက်စားဘ၀။ တနှစ်လောက်ရှိပြီ ထင်သည်။ သူအဖမ်းခံရပြန်သည်။ သူ့ဇနီးမှာထောင်ဝင်စာ အတွက် ဖတ်သီဖတ်သီ။ အမေဆုံးတော့ သူက ထောင်ထဲမှာ။ ညီအငယ်က စစ်တပ်ရှေ့တန်းမှာ။
အမေ့ ဈာပနမှာ သူတို့နှစ်ယောက်လုံး ရောက်မလာနိုင်ခဲ့ကြ။ ကျွန်တော်တို့ မီးသင်္ဂြိုဟ်မည့် နောက်ဆုံးအချိန်ထိ ဆန့်ကျင်ဘက်အရပ်တွေမှာ ရောက်နေသော ညီအစ်ကို နှစ်ယောက်ကို စောင့်နေကြပါသည်။ အစ်ကိုဖြစ်သူကို အမေ့နောက်ဆုံး ဈာပနကို ထောင်ထဲက ခေတ္တထွက်လာပို့ ဆောင်နိုင်ဖို့ သူ့ဇနီးနှင့် သူတို့အဖွဲ့ဝင်တွေ အမျိုးမျိုး ကြိုးစားခဲ့ကြသေးသည်။ ရောက်မလာနိုင်ခဲ့။ ညီဖြစ်သူ အမေ့ဈာပနမီဖို့ အမေဆုံးဆုံးချင်း သူတို့နယ်တပ်ရင်းကို ဖုန်းဆက်၊ သံကြိုးရိုက်ကာ ကြိုးစားခဲ့ကြပါသည်။ ဒါပေမယ့် ညီလည်း ရောက်မလာနိုင်ခဲ့။
ကျွန်တော်တို့ ညီအစ်ကို ခုနစ်ယောက်၊ နှမတစ်ယောက် ပေါင်းရှစ်ယောက် ပေါက်ဖွားခဲ့သည်။ အမေ့အိမ်စားပွဲဝိုင်းမှ အသီးသီးခွာသွားကြပြီး နောက် သားသမီး မြေးတွေအသီးသီး ပွားများခဲ့ကြပြီ။ သို့သော်လည်း မြေးကိုထား၊ ညီအစ်ကိုတွေ၏ သားသမီးချင်းပင် တချို့တွေ့ဆုံဖူးကြခြင်း မရှိခဲ့။ သားသမီးတွေ အိမ်ထောင်တွေကျ၊ ကလေးတွေထပ်ပွား။ မတွေ့မမြင်ဘူးကြ။ ကျွန်တော်သည်ပင် ကျွန်တော့်အစ်ကိုတွေ၏ သားသမီး နာမည်အားလုံးမသိ၊ မမှတ်မိ။ သားသမီးတွေ အရွယ်ရောက်ကုန်ပြီ။ နှစ်ပေါင်း သုံးဆယ်ကျော်။ စားပွဲဝိုင်းလေးက ကင်းကွာခဲ့တာ နှစ်ပေါင်း ၄၀ ကျော်။
ယခု အမေ့နောက်ဆုံး ဈာပနမှာ ကျွန်တော်တို့ ညီအစ်ကိုတွေက ပေါက်ဖွားခဲ့သော သားသမီးတွေအားလုံးနီးပါး လာဆုံတွေ့ခဲ့ကြသည်။ အံ့သြ၊ ၀မ်းသာ၊ ၀မ်းနည်း ခံစားမှုတွေနှင့် ဖြစ်သည်။ အချို့ထွန်းကား၊ အချို့သာမန်၊ အချို့နိမ့်ပါး။ ယခု လူ့ဘ၀ကြီး၏ လောကဓံတရားကို မျက်ဝါး ထင်ထင်ပက်ပင်းကြီး တွေ့မြင်လိုက်ရသလိုပင်။ ကျွန်တော်သည် ပျဉ်ခင်းထရံကာ အမေ့အိမ်ကလေးရှေ့ ကနားဖျင်းထိုးထားရာ တာလပတ်အမိုး အောက်ရှိ ပလတ်စတစ်ထိုင်ခုံမှာ ထိုင်နေခဲ့သည်။ လမ်းဘေးရောက်နေသော နှစ်ပေါင်း ၄၀ ကျော် ပျဉ်ကွာယိုင်နဲ့ စားပွဲအိုကလေးကို ကြေကြေ ကွဲကွဲ ငေးကြည့်နေခဲ့မိပါသည်။ ။ |