ဝတ္ထုတို
ကျနော် မဟုတ်တော့တဲ့ ကျနော်
ခိုင်မာကျော်ဇော
‘နောင်တဆိုတာ နောင်မှရတယ်’တဲ့။ အဲဒီစကားရဲ့ အနက်အဓိပ္ပာယ်ကို အရင်က ကျနော် အလေးအနက် မထားခဲ့ဘူး။ အခု ကျနော့်ဘ၀ အခြေအနေနဲ့ ဒီစကားက ကွက်တိပါပဲဗျာ။ သွေးထွက်အောင် မှန်တယ်ဆိုတာ ဒါပဲလား။
အခု ကျနော် နောင်တတွေ ရနေပါပြီ။
ဒါပေမယ့် ကျနော့်နောင်တတွေဟာ သိပ်ကို နောက်ကျသွားခဲ့ပြီဗျာ။
ကျနော်က အညာသားဗျ၊ ရနောင်းကို မရောက်ခင် ဘန်ကောက်၊ ဖူးခက်၊ ရဟိုင်းမှာ ကြုံသလို ကျသလိုနဲ့ပဲ ဘ၀ကို ရုန်းကန်ခဲ့တယ်။ ဘ၀ကလည်း စုံတယ်။ အလုပ်လည်း အစုံလုပ်တယ်။ အတွေ့အကြုံလည်း စုံတယ်။ စစ်သားလည်း ကျနော်လုပ်ဖူးတယ်။ ပေါ်တာလည်း ကျနော်ထမ်းဖူးတယ်။ ဘုန်းကြီးလည်း ၀တ်ဖူးတယ်။ ဓားပြလည်း တိုက်ဖူးတယ်။ ခါးပိုက်နှိုက်လည်း ကျနော်လုပ်ဖူးတယ်။ နယ်လှည့်ပြီးလည်း ကျနော်ဆေးကုဖူးတယ်။ ဗေဒင်လက္ခဏာ ဆရာလည်း ကျနော်လုပ်ဖူးတယ်။ လှေလိုက်ဖူးတယ်။ ထောင်ကျဖူးတယ်။ ဈေးဆိုရင် မျိုးစုံအောင်ကို ကျနော်ရောင်းဖူးတယ်။
အရက်၊ ဖဲ၊ ဆေး၊ မိန်းမ စုံအောင်လည်း စမ်းသပ်ဖူးတယ်။
ကျနော်မလုပ်ဖူးတဲ့ အလုပ်ဆိုလို့ လူသတ်တဲ့ အလုပ်တခုပဲ ရှိတယ်။
ဘ၀က ခက်ခဲကြမ်းတမ်းတော့ ရောက်တဲ့အရပ်မှာ ပျော်အောင်နေ၊ တွေ့တဲ့လူနဲ့ တည့်အောင်ပေါင်းဆိုတဲ့ စကားကို လက်ကိုင်ထားပြီးတော့ ရောက်တဲ့နေရာမှာ ပျော်ပျော်ကြီးပဲ နေပစ်လိုက်တယ်။ စိတ်ညစ်ရင်လည်း ခဏပဲ။ စိတ်ညစ်နေလို့လည်း ကိုယ်လိုချင်တာ ဖြစ်လာတာမှမဟုတ်တာ။ ကျနော်က အချိန်ကုန်ခံမနေဘူး။
အခုတော့ ကျနော်ဆိုးခဲ့ မိုက်ခဲ့သမျှတွေက ကျနော့်ကို ကောင်းကောင်းကြီး ဒုက္ခပေးနေကြပြီဗျာ။ အဲဒီ ဒုက္ခသည်တွေကို ငွေတွေပေးပြီး ကျနော်
ဝယ်နေခဲ့တာ။ ဒါကို ကျနော်ကိုယ်တိုင်လည်း မသိခဲ့ဘူး။ ကုလို့မရတဲ့ ရောဂါကို ကျနော်ငွေပေးပြီး ၀ယ်ခဲ့တယ်။ အဲဒီ ရောဂါဆိုးကြီးကိုပဲ အသိဆိုးရွားစွာနဲ့ လူတကာဆီရောက်အောင် ကျနော်လိုက်ပြီး ဖြန့်ဖြူးနေခဲ့တယ်။ ကျနော် တကယ်ကို မသိခဲ့တာပါဗျာ။ ကျနော့်ကို အပြစ်ပေးကြပါ။
ကျနော်ဟာ လူငယ်တယောက်လည်း မဟုတ်တော့ပါဘူး။
ကျနော့်အသက် ၃၉ နှစ် ရှိနေပါပြီ။ ကြီးမှ မိုက်တဲ့ ကြီးမိုက်ကြီးဟာ ကျနော်ပါပဲ။
ကျနော့်ရွာက ကျောက်ဆည်မြို့နယ်ထဲမှာ ရှိပါတယ်။ ရွာမှာနေတုန်းက မိဘတွေမရှိတော့ ဦးကြီးအိမ်မှာ ကပ်နေရတယ်။ နွားကျောင်း၊ ရေစည်တိုက်၊ ထန်းတက်၊ ဈေးပတ်လိုက်၊ နွားဈေးတွေလိုက်နဲ့ သူတို့ခိုင်းသမျှ ကျနော် အကုန်လုပ်တယ်။ ငယ်ကလည်းငယ်တော့ မောတာတွေ၊ ပန်းတာတွေ၊ အားငယ်တာတွေ၊ ခံစားရတာတွေလည်း မရှိဘူး။
ကျနော်က ပျော်ပျော်ပဲနေတတ်တယ်။ လုပ်စရာရှိရင် လုပ်လိုက်၊ ပျော်စရာရှိရင် ပျော်လိုက်၊ ဦးကြီးတို့ ဒွေးလေးတို့ခိုင်းတာ လုပ်လိုက်၊ သူတို့
ဝယ်ကျွေးတာ စားလိုက်၊ သူတို့ ဆင်တာလေး ၀တ်လိုက်နဲ့ ဘ၀ကို ရောင့်ရဲခဲ့တာဗျ။
တရွာလုံးက ကျနော့်ကို ဖင်ပေါ့တယ်ဆိုပြီး သူတို့လိုတာလေးတွေ တောက်တိုမယ်ရ ခိုင်းတယ်။ ပြီးတော့ မုန့်ဖိုးပေးတယ်။ မုန့်ပဲသရေစာလေးတွေ ကျွေးတယ်။ ကျနော့်ကိုဆို တရွာလုံးလိုလိုက စေတနာထားကြ ပါတယ်။
ကျနော့်စိတ်တွေ စပြီးဖောက်တာက ရွာက ရှင်ပြုပွဲမှာဗျ။ ကျနော်တို့ရွာမှာ ကြက်သွန်တွေ အောင်တဲ့နှစ်က ရှင်ပြု ရဟန်းခံပွဲလုပ်တယ်။ အိမ်တိုင်းလိုလိုက ကလေးတွေ ရှင်ပြုကြမယ်ဆိုတော့ ကျနော်လည်း ရှင်ပြုချင်တာပေါ့။ ဦးကြီးတို့ ဒွေးလေးတို့သားတွေလည်း ပါတယ်ဆိုတော့ ကျနော်လည်း ပူဆာတာပေါ့။
ကျနော့်ဦးကြီးက သဘောကောင်းပါတယ်။ ကျနော့်ကိုပါ ရှင်ပြုပေးဖို့ စာရင်းထည့်တယ်။ အဲဒီတုန်းက ကျနော် ရှင်ပြုရမယ်ဆိုတဲ့အကြောင်းကို အိမ်ပေါက်စေ့အောင် ကျနော်လိုက်ပြောခဲ့တာဗျ။ ကျနော် အဲဒီလောက်ထိပျော်ခဲ့တာ။ တကယ့်တကယ် ရှင်ပြုပွဲရောက်တော့ ကျနော့်ပျော်ရွှင်မှု တွေ ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်တယ်။ အဲဒီရှင်ပြုပွဲမှာ ကျနော် အတော့်ကို ကြေကွဲခဲ့ရတယ်ဗျာ။ ဗြောကြီးလည်းတီးရော ကျနော့်ရင်ဘတ်ကြီးဟာ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့။
သူများတွေက မိဘတွေစုံရာနဲ့ ဆံချကြတော့ ကျနော့်မှာ မျက်နှာငယ်လိုက်ရတာ။ အဆက်မပြတ်တီးနေတဲ့ ဗြောသံကြီးနဲ့ အာကွဲလျှာကွဲဆိုတဲ့ ရှင်ပြုရဟန်းခံ အသောသီချင်းကြီးက ကျနော့်ရဲ့ ပူဆွေးဝမ်းနည်းမှုတွေကို မီးထိုးပေးနေတယ်ဗျ။ ကျနော် မခံနိုင်တော့ဘဲ အော်ပြီး ငိုချလိုက်တော့ အဲဒီရှင်ပြုပွဲ ခဏတော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ ကျနော့်မှာ ဒါယကာကြီး ဒါယကာမကြီးလို့ ခေါ်စရာ မိဘတယောက်မှ ရှိမနေဘူး။ ဦးကြီးနဲ့ ဒွေးလေးကလည်း သူတို့သားတွေနားမှာပဲ ရောက်နေတာ။ ခင်ဗျားတို့ စဉ်းစားကြည့်ကြပါဗျာ။ ကျနော် ဘယ်လောက်ထိ ၀မ်းနည်းကြေကွဲခဲ့ရသလဲဆိုတာ။
နောက်တော့ ကျနော် ဗွေဖောက်လာတယ်။ ကျနော် ထန်းရည်သောက်တတ်လာတယ်။ ကြက်ဝိုင်းတွေလိုက်ပြီး လောင်းတတ်လာတယ်။ ခိုးတတ်လာတယ်။ မပေးတော့ ခိုးတာပေါ့ဗျာ။ အိမ်က ပစ္စည်းတွေခိုးတော့ ဦးကြီးတို့ ဒွေးလေးတို့ကလည်း ဆူညံပူညံပေါ့။ နောက်ဆုံး ကျနော့်ကို အိမ်ပေါ်က နှင်ချတဲ့အထိ ဖြစ်လာတယ်။
အိမ်က လက်မခံတော့ ဘုန်းကြီးကျောင်းပေါ့။ ဘုန်းကြီးရဟန်းတွေက ငယ်မွေး ခြံပေါက်ဆိုတဲ့ ရွာ့သံယောဇဉ်နဲ့ ကျနော့်ကို ကြိုးစားပြုပြင်ကြ ပါသေးတယ်။ ဗေဒင်တွေ ဆေးကျမ်းတွေ သင်ပေးတယ်။ ခွေးမြီးကောက် ကျည်တောက်စွပ်ဆိုတဲ့ စကားကလည်း တကယ်မှန်တယ်ဗျ။ နောက်ဆုံး ဘုန်းကြီးကျောင်းက ပစ္စည်းပါခိုးပြီး ကျောင်းကို ဓားပြတိုက်တဲ့ အဖွဲ့ထဲမှာပါ ကျနော်က ကြံရာပါဖြစ်တော့ ဘယ်သူကမှ ကျနော့်ကို ရွာအနား အကပ်မခံတော့ဘူး။
ကျောက်ဆည်၊ မြင်းခြံ၊ မန္တလေး ဟိုရောက်ဒီရောက်နဲ့ နောက်ဆုံးတော့ မြ၀တီ မဲဆောက်ကနေ ဘန်ကောက်ကို တောလမ်းကနေ ကျနော် ရောက်သွားတယ်။ ရောက်ရောက်ချင်းတော့ ဆောက်လုပ်ရေးမှာ ကျနော်လုပ်သေးတယ်။ ပြေးရလွှားရနဲ့ ထောင်တွေလည်း အကြိမ်ကြိမ်ကျ။ ထောင်ဆိုတာကတော့ လူစုံတာပေါ့ဗျာ။ အဲဒီမှာ ဆေးသုံးတဲ့နည်းကို ကျနော် ရလာတာ။ ထောင်ကထွက်တော့ ထောင်ထဲမှာတွေ့တဲ့ လူတွေရဲ့ အဆက်အသွယ်နဲ့ပဲ ဖူးခက်၊ ဖန်င၊ ရဟိုင်း၊ ရနောင်းတို့ကို ကူးချည်သန်းချည်ပဲ။ နောက်ဆုံး မလေးရှားအထိ ကျနော် ရွက်လွှင့်သွားဖူးပါတယ်။ မလေးထောင်နဲ့ မလေးကြိမ်ဒဏ်လည်း ၃ ကြိမ်ထက်
မနည်း ကြုံဖူးခံဖူးတယ်။
ပင်လယ်နဲ့ နီးစပ်တဲ့ ဘ၀တွေကလည်း ကြမ်းတမ်းတယ်ဗျ။ ဆင်းရဲကျပ်တည်းကြတော့ တယောက်နဲ့ တယောက် သနားတာတို့၊ ညှာတာတာတို့၊ သစ္စာတို့၊ မေတ္တာတို့က ရှိမနေတော့ဘူး။ အခက်အခဲကြုံရင် အားလုံး ကိုယ်လွတ်ရုန်းကြတာပဲ။
ရနောင်းမှာတော့ ကျနော် အကြာဆုံးနေတာပဲ။ ဒီမှာက ကျနော့်အတွက် ပျော်စရာလေးတွေ ရှိတယ်။ ပင်ပန်းဆင်းရဲတော့ ပျော်စရာရှာရတာ
ပေါ့ဗျာ။ လှေနောက်လိုက်သွားလိုက်။ ၃-၄ လကြာရင် ကမ်းကပ်တယ်။ ပါလာတာလေး ကုန်းပေါ်တက် သုံးလိုက်ဖြုန်းလိုက်။ တခါတခါလည်း ၅ လ ၆ လကြာလိုက် ကမ်းပေါ်တက်လိုက်။ ပျော်လိုက်ပါးလိုက်၊ သောက်လိုက်စားလိုက်။ တခါတခါလည်း ဆေးလေးချလိုက်နဲ့ပေါ့။
လှေလိုက်ရင်းပဲ ကော့သောင်းကို ၂ ကြိမ် ၃ ကြိမ်လောက် ပြန်ပို့ခံရဖူးတယ်။ ငါးခိုးတဲ့လှေတွေဆိုပြီး လိုက်ဖမ်းတော့ ပြေးရတာပေါ့။ ဘယ်လိုမှ ပြေးမလွတ်တော့လည်း အဖမ်းခံရတာပေါ့။ ကော့သောင်းထဲမှာလည်း ၂ ကြိမ်လောက် ထောင်ကျဖူးတယ်။ ထောင်ကထွက်တော့ ကော့သောင်း ဆိပ်ကမ်းမှာပဲ ကုန်တင်ကုန်ချဘ၀နဲ့ ငတ်တလှည့် ပြတ်တလှည့်နေရင်း ကျနော့်မိန်းမနဲ့ တွေ့ကြတာ။ သူကလည်း ဆိပ်ကမ်းမှာ ကုန်တင်ကုန်ချ လုပ်တဲ့သူပဲလေ။ အိမ်ထောင်တခါ ပျက်ဖူးတယ်လို့ သူက ကျနော့်ကို ပြောပြတယ်။ ကျနော်ကလည်း အိမ်ထောင်သာ အတည်တကျမရှိတာ။ အကြိမ်ကြိမ်တော့ အတွေ့အကြုံ ရှိဖူးတဲ့သူမဟုတ်လား။ ရိုးရိုးသားသားဝန်ခံရမယ်ဆိုရင်တော့ သူနဲ့ သူ့အဖေက ကော့သောင်းဆိပ်ကမ်းနဲ့ ခပ်လှမ်းလှမ်းမှာ တဲကလေးထိုးပြီး နေကြတာဆိုတော့ ကျနော့်အတွက် ခေတ္တခိုလှုံရာသဘောနဲ့ သူ့ကိုပေါင်းခဲ့တာပဲ။ ကြာလာတော့ အတည်တကျနဲ့ နေထိုင်တဲ့ မိသားစုဘ၀ကို ကျနော် ရချင်လာတယ်။
သူကလည်း မိသားစုဘ၀ကို တည်ဆောက်ချင်တဲ့ပုံပဲ။ ဒါပေမယ့် ကျနော်တို့ နှစ်ယောက်စလုံးမှာ ခြေနှစ်ဖက် လက်နှစ်ဖက်ပဲ ရှိကြတာ။ တနေ့စာတနေ့ အနိုင်နိုင်ဆိုတော့ ကျနော်က ရနောင်းကိုပဲ ပြန်တက်လာတယ်။ သူ့ကိုလည်း အဆင်ပြေရင် ပြန်ခေါ်မယ်လို့ ပြောခဲ့ရတယ်။ ဒါပေမယ့် နှစ်နဲ့ချီပြီး ကျနော် သူ့ဆီ မရောက်ဖြစ်ခဲ့ဘူး။
နောက်တကြိမ်မှာ အဖမ်းခံရပြီး ကော့သောင်းကို ပြန်ပို့ခံရတော့မှ သူ့ဆီ ကျနော်ပြန်ရောက်သွားတယ်။ သူက ကျနော့်ကို မျှော်နေတာတဲ့။ သူနဲ့ကျနော် ကလေးတယောက်ရတဲ့အထိ ပေါင်းသင်းဖြစ်တယ်။ ကလေးကိုယ်ဝန်ဆောင်တော့ ကော့သောင်းမြို့က ဆေးခန်းတခုမှာ ဆေးစစ်ကြတယ်။ သူရော ကျနော့်မှာပါ အိပ်ခ်ျအိုင်ဗွီပိုး ရှိနေတယ်တဲ့။ ကျနော် တော်တော်လေးခံစားလိုက်ရတယ်။ ကျနော်ရဲ့ ရင်သွေးလေး အတွက် ပါဗျာ။ ကျနော့်ဘ၀နဲ့ယှဉ်ပြီး ခံစားဖြစ်ပေါ်လာတဲ့ ခံစားချက်ပါ။ ကျနော် ညာမပြောပါဘူး။
နောင်တ တွေနဲ့ ဘ၀ကို ပြန်စတော့မယ်ဆိုခါမှ ကျနော့်ဘ၀ထဲကို လှိုင်းလုံးကြီးတွေ ၀င်ရောက်လာတယ်။ ကော့သောင်းမြို့ထဲက အိပ်ခ်ျအိုင်ဗွီ ပညာပေးဆိုင်းဘုတ်ကြီးတွေကလည်း ကျနော့်ကို နေ့ရောညပါ ခြောက်လှန့်နေတယ်။ ကျနော့်ကြောင့် ကျနော့်မိုက်မဲမှုတွေကြောင့် ကျနော့်ရဲ့ ဆင်ခြင်တုံမဲ့တဲ့ အသိတရားတွေကြောင့် စိတ်ကို အလိုလိုက်ခဲ့တဲ့ ကျနော့်ရဲ့ မိုက်မဲမှုတွေကြောင့် အပြစ်မဲ့သူတွေပါ ဒုက္ခရောက်ကြရပြီဗျာ။
ကုရာနတ္ထိ ဆေးမရှိတဲ့ ဒီရောဂါပိုးကို ကျနော် ဘယ်မိန်းမဆီက ၀ယ်ယူခဲ့တာလဲ။ ဘယ်ဆေးထိုးအပ်ထဲက သယ်ဆောင်ခဲ့တာလဲ။ ကျနော့်ဆီမှာ ရှိနေခဲ့တဲ့ ရောဂါပိုးတွေကို ကျနော် မိန်းမဘယ်နှစ်ယောက်ဆီကို ဖြန့်ဖြူးခဲ့ပြီလဲ။
ဒီရောဂါဟာ ဒီလောက်အထိ ကြောက်စရာကောင်းလိမ့်မယ်လို့လည်း ကျနော် မသိခဲ့ဘူး။ ကျနော် ထင်လည်း ထင်မထားခဲ့ဘူး။ တခါက ရနောင်းဆိပ်ကမ်းက စားသောက်ဆိုင်တခုမှာ မိန်းကလေးတဦးနဲ့ ကျနော် ပျော်ပါးဖို့လုပ်တော့ သူက ကျနော့်ကို အခုအခံတွေ သုံးပေးပါလို့ တောင်းတောင်းပန်ပန်ပြောပေမယ့် ကျနော်က လက်မခံခဲ့ဘူး။ အဲဒီမိန်းကလေးလည်း အခုဆိုရင် ဒုက္ခတွေ ရောက်နေလောက်ပြီ။ ဒီမိန်းကလေးကတဆင့် ကျနော့်လိုယောက်ျား ဘယ်နှယောက်ဆီကို ရောဂါတွေ ကူးစက်နေပြီလဲ။ ကျနော့်ကြောင့် လူဘယ်နှယောက် ဒုက္ခရောက်ခဲ့ပြီလဲ။
ကော့သောင်းဆိပ်ကမ်းက ကုန်ထမ်းတဲ့ မိန်းမတယောက် သေဆုံးခဲ့ရတာ ကျနော့်ကြောင့်။ အပြစ်မဲ့တဲ့ ရင်သွေးလေးတဦး ဆုံးပါးခဲ့ရတာ ကျနော့်ကြောင့် ။ အားလုံးဟာ ကျနော့်ကြောင့်ပါဗျာ။
ကျနော်ဟာ ရိုးသားပြီး ပျော်ပျော်နေတတ်တဲ့ အညာသားလေးတယောက် မဟုတ်တော့ဘူး။ ကျနော်ဟာ အပြစ်တွေကို ကျူးလွန်နေတဲ့ အပြစ်သားဖြစ်နေပြီ။
အရင်က အသားညိုညိုနဲ့ စိုစိုပြေပြေရှိတဲ့ ကျနော့်အသားအရေတွေဟာလည်း အခုတော့ ခန်းခြောက်နေပြီ။ အစားအသောက်လည်း အရင်လို စားမ၀င်တော့ဘူး။ ကျနော် အိပ်လို့လည်း မပျော်တော့ဘူးဗျာ။
အရင်က ကျနော်ဟာ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ အညာသားပါ။
အခု ကျနော်ဟာ ကျနော် ဟုတ်မနေတော့ဘူးဗျာ။ ။
|