#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ဝတ္ထုတို
သူခိုးကလေး

ညိုမြ

ရန်ကုန်တက္ကသိုလ်အနီး အင်းလျားလမ်းတဘက်တွင် ဒေါ်တီတီ၏မိဘမဲ့ကျောင်းတည်ရှိ၏။ ထိုကျောင်းမှာ မိဘမဲ့ကျောင်းဟု ခေါ်ဆိုသော်လည်း ရိုးသားစွာ မိတဆိုး ဖတဆိုးဖြစ်ရသော တကောင်ကြွက်ကလေးများ ခိုလှုံရာအရပ်ဟုကား မဆိုသာချေ။ ရန်ကုန်မြို့တော်ကြီး၏လမ်းကြိုလမ်းကြားများတွင် လေလွင့်နေကြသော တေလေ ကြမ်းပိုးကလေးများကို စေတနာရှင် ဒေါ်တီတီကိုယ်တိုင် ပုလိပ်မင်းကြီး၏ အကူအညီဖြင့် ထရပ်ကားကြီးတစီးနှင့် ညအခါ လှည့်လည်ကာ လမ်းဘေး ပလက်ဖောင်း ပေါ်တွင် အိပ်နေကြရာမှလည်းကောင်း၊ အချုပ်ခန်းများမှ လည်းကောင်း ကယ်တင်စုဆောင်း တည်ထောင်ခဲ့သောကျောင်း ဖြစ်လေသည်။

ထိုကျောင်းတွင် သူခိုးကလေးမောင်စိန်နှင့် ကျနော်တွေ့ဆုံကာ သူ၏ ဘ၀ရှုထောင့်ကို လေ့လာရာမှ ဥပဒေ၏ ပျော့ကွက်များ၊ လူငယ်များအဖို့ ကျောင်းနေရန်ခက်သော်လည်း ထောင်ကျရန် လွယ်ကူပုံများ၊ သူခိုးကလေးများ မကြာခဏ ထောင်ကျသော်လည်း သူခိုးကြီးများမှာ ဥပဒေကို ကျင်လည်စွာ ရှောင်တိမ်းကာ ခေတ်အဆက်ဆက် ကောင်းစားနေကြပုံများကို သတိပြုမိလေသည်။

သူခိုးကလေးမောင်စိန်ဟု သူ့အား ခေါ်ဆိုခြင်းမှာ အရွယ်မရောက်သေးသူ ဖြစ်၍သာမဟုတ်၊ သူ ခိုးသော ပစ္စည်းများမှာ တန်ဖိုးမဖြစ်စလောက်သာပင်။ တကြိမ်က လက်ပတ်နာရီခိုးမှုနှင့် ထောင်ကျခဲ့ပြီးနောက် ထဘီခိုးမှုနှင့် တဖန် အချုပ်ခံခဲ့ပြန် လေသည်။

ကျနော်။     ။ `မင်းက ဘယ်အရပ်သားလဲ´

မောင်စိန်။     ။ `၀ါးဘလောက်သောက်ရွာကပါဗျာ၊ မြစ်ဝကျွန်းပေါ်သားပေါ့´

ကျနော်။     ။ `မင်းမိဘတွေက ဘာလုပ်လဲ´

မောင်စိန်။     ။ `ကူလီလုပ်တယ်ဗျ၊ ထမင်းနပ်မှန် မစားနိုင်ဘူး၊ ကျနော့်ကို ကျောင်းထားဖို့တော့ ဝေးရော၊ ဒါကြောင့် ကျနော်လည်း ချာတိတ်ဘ၀မှာပဲ ရပ်ရွာရဲ့ ခိုင်းဖတ်အဖြစ်နဲ့ တဖက်တလမ်း ရှာဖွေစားသောက်ခဲ့ရတယ်´

ကျနော်။     ။ `မင်းတို့ အရပ်မှာ ဘုန်းကြီးကျောင်းရှိမှာပေါ့၊ အဲဒီမှာစာသင်ရင် ပိုက်ဆံမကုန်တဲ့အပြင် ထမင်းတောင် အလကားစားရသေးတယ် မဟုတ်လား´

မောင်စိန်။     ။ `ဟုတ်ပါတယ်၊ ဒါပေမယ့် ဘုန်းကြီးကျောင်းမှာနေလို့ ပိုက်ဆံဝင်တာ မဟုတ်ဘူး၊ အရပ်ထဲမှာ တိုလီမိုလီ အလုပ်လုပ်ရတာလောက် ဇယားမမိဘူးလို့ အဖေတို့က ပြောတယ်၊ သူတို့လည်း စာမတတ်ဘူး´

မိဘများနှင့်အတူ ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့ရာမှ မောင်စိန်မှာ ခါးပိုက်နှိုက်လောကနှင့် ဆက်သွယ်မိ၏။ ထောင်သို့ ရောက်ရာမှာလည်း သူ့ထက်ဝါရင့်သော စောရဂိုဏ်းသားများနှင့် ဆုံမိကာ အမှောင်ဗဟုသုတ အတွေးအခေါ်များ ပိုမိုကြွယ်ဝလာ၏။

မောင်စိန်။     ။ `လောကကြီးက မတရားပါဘူးဗျာ´

ကျနော်။     ။ `ဘယ်လိုလဲ´

မောင်စိန်။     ။ `သြော် … ကျနော်တို့လို သူခိုးကလေးတွေတော့ ဖိထောင်းခံရပြီး သူခိုးကြီးတွေကျတော့ ထောင်အပြင် ဘက်မှာ လွတ်လွတ်လပ်လပ် မော်တော်ကား တ၀ီဝီ စီးနေနိုင်ကြတာပဗျ´

ကျနော်။     ။ `သူခိုးကြီးတွေဆိုတာ ဘယ်သူတွေလဲကွ´

မောင်စိန်။     ။ `ငွေကို သိန်းနဲ့ သန်းနဲ့ချီပြီး သုံးသူတွေ၊ အလွဲသုံးစား လုပ်သူတွေ၊ အကပ်ကောင်းသူတွေ၊ ငွေများ တရားနိုင် ၀ါဒသမားတွေပဗျာ၊ ဥပဒေက သူတို့ကို သူခိုးလို့တောင် မခေါ်ဘူး၊ ပျက်ကွက်သူတဲ့ဗျ၊ အခွန်ဆောင်ရန် ပျက်ကွက်သူ၊ အကြွေးဆပ်ရန် ပျက်ကွက်သူဆိုတာတွေပဗျာ၊ သူတို့အဖို့ ယဉ်ကျေးတဲ့ ပုဒ်မများ ရွေးချယ်တပ်ဆင်ပြီး မလွှဲသာလို့ အပြစ်ရတောင် အကျဉ်းထောင်မှာ အေတန်း၊ ဘီတန်း နေခွင့်ရကြတယ်´

ကျနော်။     ။ `မင်းအဖို့ ငယ်ငယ်ရွယ်ရွယ် ပညာရှာချိန်မှာ စာသင်နိုင်ခွင့် ရရှိခဲ့ရင် ကောင်းမှာပဲနော်´

မောင်စိန်။     ။ `ဟုတ်တယ်ဗျ၊ ကျနော်သာ စာကောင်းကောင်းတတ်ရင် အခုလို သူခိုးကလေး လုပ်နေစရာမလိုဘဲ သူခိုးကြီး လုပ်မှာပဗျာ၊ ဒါကြောင့် ကျနော့်ကို စာသင်မပေးနိုင်တဲ့ မိဘများကို တခါတလေ စိတ်နာမိတယ်၊ သူတို့ရဲ့ ညံ့ဖျင်းမှုကြောင့် ကျနော့်အဖို့ သူခိုးဘ၀မှာတောင် အောက်ကျနောက်ကျဖြစ်ရတယ်၊ အချုပ်ခန်းမှာနေရတုန်းက ကျနော့်ရဲ့ ဘ၀တူများက ပြောကြတယ်၊ မင်းဟာ သွက်သွက်လက်လက် အရှိသားပဲတဲ့၊ အကင်းလည်း ပါးသတဲ့၊ သူခိုးတော် သူခိုးကောင်း ဖြစ်နိုင်သတဲ့၊ ဘာမဟုတ်တဲ့ ထဘီမှုနဲ့ အဖမ်းခံရတာ နာသကွာတဲ့´

ကျနော်။     ။ `သူခိုးကြီး ဖြစ်နိုင်ပါလျက်နဲ့ သူခိုးကလေးဖြစ်နေလို့ မခံချိ မခံသာဖြစ်ရသပေါ့´

မောင်စိန်။     ။ `ဒါပေါ့ဗျ၊ တကယ်လို့ ကျနော်သာ စာတတ်ရင် အသင်းအဖွဲ့တခုခုမှာ ဥက္ကဌလုပ်နိုင်မယ်ဗျာ၊ ဒါမှမဟုတ်လဲ ဘဏ်မန်နေဂျာ၊ မြူနီစီပယ် အတွင်းရေးမှူး၊ မီးရထားဘုတ်လူကြီး စတဲ့ ရာထူးကောင်း၊ နေရာကောင်းများ ရရှိနိုင်မယ် မဟုတ်လား၊ နေရာတကာဝင်ဆံ့ပြီး ၀င်ရှုပ်နိုင်မှာပေါ့၊ စားပေါက်တွေ အများကြီး ကြုံမှာပေါ့၊ ဒါတွင်မက ယဇ်မျိုးဌာနနဲ့ ပင်းပြီး ဘိန်းချနိုင်ရင်လဲ တသက်လုံး အတွင်းဌာန် တားသွားမှာပေါ့´

ကျနော်။     ။ `ပြစ်မှုကျူးလွန်သူများဟာ တာရှည် ကောင်းကျိုးမပေးတတ်ပါဘူးကွာ´

မောင်စိန်။     ။ `တာရှည် မတာရှည်တော့ မပြောတတ်ဘူး၊ ဇိမ်နဲ့နေရတာကတော့ အမှန်ပဲ´

ကျနော်။     ။ `အစိုးရဆိုတာလည်း ကျူးလွန်သူတွေကို လက်ပိုက်ကြည့်နေတာ မဟုတ်ဘူးကွ´

မောင်စိန်။     ။ `အဲဒါကို ကျနော်လည်း သိတာပေါ့၊ စုံထောက်တွေ လိုက်ပြီး စုံစမ်းရေး ကော်မတီတွေ ဘာတွေလုပ်မှာပေါ့၊ သတင်းစာတွေကလဲ အပုပ်နံ့ဆိုပြီး ရေးကြမှာပေါ့၊ ဒါပေမယ့် … အဲတာတွေက ခဏပန်းပါ၊ ရှောင်နည်း ကွင်းနည်းတွေလဲ သိုင်းကွက် နားလည်သူအဖို့ လွယ်ပါတယ်၊ ဘုံးတဲ့ ပိုက်ဆံတွေကိုလဲ ဆွေမျိုးသားချင်းများဆီမှာ ဖြန့်ချီပြီး ပုန်းဝှက်ထား နိုင်တယ် မဟုတ်လား၊ နာမည်ကြီး ၀တ်လုံများ ငှားရမ်းနိုင်တယ်၊ အထက်တန်းလွှာ ပုဂ္ဂိုလ်များကလည်း မိမိ ရိုးသား ဖြောင့်မတ်ကြောင်းကို ထောက်ခံသက်သေလိုက်ကြမယ်၊ နိုင်ငံရေး ပါတီဝင်ဖြစ်ရင် သာတောင် ကောင်းသေးတယ်၊ အမှုကို ဖြစ်တဲ့နည်းနဲ့ ပိတ်ပစ်မှာပဲ၊ ပရိသတ်ဆိုတာကလည်း နိုင်သူဘက်က လိုက်တတ်ကြစမြဲမို့ မောင်စိန်က တော်ပါတယ်လို့ ချီးကျူးကြမှာ မုချပဲ´

ကျနော်။     ။ `မင်းက စာမတတ်ပေမယ့် အတွေးအခေါ်ကတော့ မဆိုးဘူး´

မောင်စိန်။     ။ `အဲဒါကြောင့် စာတတ်ချင်တယ် ပြောတာပေါ့၊ စာမတတ်လို့ သူခိုးကလေးဘ၀က မတက်နိုင်ဖြစ်နေရ တာပေါ့၊ ခါးပိုက်နှိုက်၊ ထမီရုတ်ဘ၀နဲ့ တင်းတိမ်နေရတာပေါ့၊ ဥပဒေကလည်း သူခိုးကလေးတွေအပေါ်မှာတော့ မညှာဘူး´

ကျနော်။     ။ `မင်း ထောင်ကျတုန်းက ဘယ်လိုနေရလဲ´

မောင်စိန်။     ။ `အလုပ်ကြမ်းနဲ့ ခြောက်လ ကျတယ်ဗျာ၊ သိပ်တော့မကြာဘူး၊ ဒါပေတဲ့ ထောင်ထဲမှာ ဖျင်ကြမ်းဝတ်ပြီး ဆန်လုံးတီးစားရတယ်၊ နောက်ဖေးအိုး သိမ်းရတယ်၊ တခါတလေလည်း အပြင်ထွက်ပြီး ကျောက်ထုရတယ်၊ လမ်းပြင် ရတယ်၊ အပြင်မှာ စမတ်ကျကျ ၀တ်စားဆင်ယင်ပြီး မော်တော်ကား စီးသွားကြသူများကို မြင်မိတိုင်း မိမိ အကျဉ်းသားဘ၀နဲ့ နှိုင်းယှဉ်ပြီး ၀မ်းနည်းမိတယ်။ တပဲ၊ တမူး ခိုးသူများက ထောင်ထဲမှာ။ တသိန်း၊ တသန်း ခိုးသူများ (၀ါ) ပျက်ကွက်သူများ ကတော့ အပြင်မှာ လွတ်လပ်စွာ အမြတ်ကြီးစားခြင်း၊ အချင်းချင်း လည်ပင်းလှီးခြင်းများကို မူမပျက် ဆက်လက်ပြုလုပ်နေ နိုင်ကြတယ်၊ ဥပဒေက အဲဒီ သူခိုးကြီးတွေကိုတော့ မထိရဲဘူးဗျ၊ မုဆိုးဟာ သမင် ဒရယ်လေးများကို အားတိုင်း ပစ်ခတ်နေ သော်လည်း ကျားများ၊ ခြင်္သေ့များကိုတော့ ကြောက်ရွံ့သလိုပေါ့ဗျာ´

သူခိုးကလေး မောင်စိန်မှာ စာတတ်သူမဟုတ်၍ ဥပဒေကို မဖတ်တတ်ချေ။ သို့သော် သူ၏ဘ၀ အတွေ့အကြုံအားဖြင့် လည်းကောင်း လူပြိန်းတို့၏ စိတ်တွက် အပေါင်း၊ အနုတ်အရ လည်းကောင်း၊ ဥပဒေ၏ ပျော့ကွက်များနှင့်သာ အဖန်တလဲလဲ ၀င်တိုးခဲ့ရသူဖြစ်လေသည်။ သူ့အဖြစ်ကို နားထောင်ရင်း ကျနော်သည် `ပဒကုသလ´ ဇာတ်မှ ငိုချင်းကို သတိရမိ၏။

            `အကြံခက်လေသနော်
            သံလျက်တော် ယူသည့် သူခိုးရယ်က
            သူ၏အမျိုးဟာ ဧကရီမို့
            သူ၏အမည်ကို ထုတ်ဖော်မပြောပါရစေနဲ့
            ဓား ကုပ်ပေါ်မှာဝဲ …´

`ပဒကုသလ´မှာ ပုဂံခေတ်၊ တကောင်းခေတ်ကပေါ်ခဲ့သော ဇာတ်လိုက်မဟုတ်ချေ။ ထို့ထက် ဆယ်ပြန် ရှေးကျသည့် ဗာရာဏသီခေတ်က ဖြစ်ပွားခဲ့သော သူခိုးကြီး၏ ပြဿနာပင် ဖြစ်ပေသည်။ ယခုတိုင်လည်း မောင်စိန် ပြောသကဲ့သို့ ထိုပြဿနာမျိုး ပေါ်ပေါက်ဆဲ ဖြစ်သည်သာမက ပို၍ပင် ဆိုးဝါးများပြားနေသည်ဆိုလျှင် ဤ ၂၀ ရာစုခေတ်၏ တိုးတက်ရေးကို စစ်မှန်သည်ဟု ဆိုနိုင်ပါမည်လော။     ။ [Top]

(စပယ်ဦးစာပေဖြန့်ချီရေးမှ  ထုတ်ဝေသော ညိုမြ၏ ခေတ်စမ်းစာများ စာအုပ်ပါ သူခိုးကလေး ၀တ္ထုတိုကို ကူးယူဖော်ပြပါသည်)
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.