#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ဝတ္ထုတို
ငှက်ကလေး ဖြစ်ချင်တယ်

ခိုင်မာကျော်ဇော

သမီးနံမည်က နှင်းဆီပါ၊ အမေက နှင်းဆီပန်းတွေကို သိပ်ကြိုက်လို့ သမီးနံမည်ကို နှင်းဆီလို့ ပေးခဲ့တာတဲ့။ သမီးအသက် ၁၀ နှစ်ရှိပြီ။ ဒီအိမ်မှာ ကလေး ၂၀ ကျော်ရှိတယ်။ အားလုံးထဲမှာ သမီးက အသက်အကြီးဆုံးပေါ့။

ဒီအိမ်မှာနေရတာ သမီးပျော်ပါတယ်။
တခါတခါလည်း အမေတို့ အဖေတို့ကို သတိရပါတယ်။ သမီးအမေသေတာ ၂ နှစ်ရှိပြီ။
အဖေ့ကိုတော့ သမီးသေသေချာချာ မသိပါဘူး။ အဖေ့ကို သမီး တခါမှလည်း မမြင်ဖူးဘူး။
အမေပြောတော့ သမီးအဖေက အဝေးကြီးမှာ အလုပ်သွားလုပ်နေတာတဲ့။ ဆရာမတွေလည်း သမီးကို ဒီလိုပဲပြောတယ်။
အဖေ့ကို သမီး တခါမှ မတွေ့ဖူးဘူး။ သမီးအဖေ့ကို တွေ့ချင်တယ်။
သမီးလေ ငှက်ကလေး သိပ်ဖြစ်ချင်တာ။
ငှက်ကလေးဖြစ်ရင် တောင်ပံလေးတွေနဲ့ ပျံချင်တဲ့နေရာ ပျံလို့ရတာပေါ့။

ဒီအိမ်မှာ သမီး အင်္ဂလိပ်စာလည်း သင်ရတယ်။
ဂီတာတီးလည်း သင်ရတယ်။ သီချင်းလည်း ဆိုရတယ်။
အရုပ်ကလေးတွေလည်း လုပ်ရတယ်။
အရုပ်ကလေးတွေက လားဟူ၊ ကချင်၊ အာခါ အရုပ်ကလေးတွေပေါ့။

သမီးအမေက ကရင်လေ၊ သမီးအဖေက လားဟူတဲ့။
သမီးက ကရင်နဲ့ လားဟူ အရုပ်ကလေးတွေကို သိပ်ချစ်တာ။
အဲဒီ အရုပ်ကလေးတွေကို သမီးကောင်းကောင်းလုပ်တတ်တယ်။ သမီးတို့ကို ဆရာမတွေက သင်ပေးတယ်။
သမီး ပန်းချီလည်း ဆွဲတတ်တယ်။ ကျောင်းမှာ ပန်းချီဆွဲတိုင်းလည်း သမီးက ပထမ အမြဲရတယ်။

အရင်က သမီး ပန်းချီဆွဲရင် ကရင်နဲ့ လားဟူ အရုပ်ကလေးတွေကိုပဲ ဆွဲတယ်။
အခုတော့ သမီး ငှက်ရုပ်ကလေးတွေပဲ ဆွဲတယ်။
သမီးက ငှက်ကလေး သိပ်ဖြစ်ချင်တာ။
သမီးသာ ငှက်ကလေးဖြစ်ရင် အဖေရှိတဲ့နေရာကို ပျံသွားလို့ရတာပေါ့။

ဒီအိမ်မှာနေရတာ သမီးပျော်ပါတယ်။
တခါတလေတော့လည်း အဖေတို့ အမေတို့က သတိရတယ်။
အရင်က ဒီအိမ်မှာ သမီးနဲ့အမေ အတူတူနေကြတာလေ။ အမေမရှိတော့ သမီးအားငယ်တယ်။ တခြားကလေးတွေလည်း သမီးလိုပဲ အဖေအမေ မရှိကြဘူး။ တယောက် နှစ်ယောက်တော့ အဖေအမေရှိတယ်။
သူတို့က ဒီကယ်ဆယ်ရေးအိမ်မှာ ထမင်းချက်ပေးတယ်။ တံမြက်စည်းလှည်းပေးတယ်။ ပန်းပင်တွေလည်း ရေလောင်းပေးတယ်။ တခါတခါလည်း သမီးတို့ကို ပုံပြင်တွေ ပြောပြတယ်။

သမီးသူငယ်ချင်းတွေကိုလည်း သမီးက ငှက်ကလေးတွေ ပေးဖြစ်ချင်တာပဲ။
သမီးတို့အားလုံး ငှက်ကလေးတွေဖြစ်ရင် အတူတူပျံလို့ရတာပေါ့။
ကြိုးတန်းပေါ်မှာလည်း သီချင်းဆိုလို့ရတယ်။
မိုးကောင်းကင်ကြီးထဲလည်း ပျံဝဲလို့ရတယ်။
သစ်ပင်တွေပေါ်မှာလည်း နားနေလို့ရတယ်။

ဒီအိမ်မှာ စနေ၊ တနင်္ဂနွေနေ့တိုင်း သီချင်းဆိုရတယ်။
ဘုရားရှိခိုးရတယ်၊ ဆုတောင်းရတယ်။
သမီးဆုတောင်းရင် ငှက်ကလေးဖြစ်ပါစေလို့ပဲ ဆုတောင်းတယ်။

တခါတခါ သမီးအရမ်းငိုချင်တာပဲ။
သမီး အမေ့ကို သတိရတယ်။ အမေရှိတုန်းက သမီး အမေနဲ့ အတူတူအိပ်ရတယ်။
သမီးအမေနဲ့ ခွမ်တို့အမေက သမီးတို့ကလေးတွေနဲ့ အတူတူအိပ်ကြတာ။
သမီးကတော့ အမေ့ဘေးမှာ အိပ်ရတာပေါ့။ အမေက သမီးကို သီချင်းတွေဆိုပြတယ်။ ပုံပြင်တွေလည်း ပြောတယ်။
အဖေ့အကြောင်းမေးရင်တော့ မမေးပါနဲ့ သမီးရယ်တဲ့။
ပြီးတော့ အမေငိုတယ်။ အမေငိုတော့ သမီးလည်း ငိုချင်တာပေါ့။

ဒီအိမ်မှာနေရတာ သမီးပျော်ပါတယ်။ တခါတခါတော့လည်း သမီးမပျော်ဘူး။
သမီးမပျော်တာ ခွမ်တို့အမေကြောင့်ပါ။
ခွမ်တို့အမေက ပြောတယ်။ သမီးအဖေမရှိတော့ဘူးတဲ့။
သမီးအဖေက မကောင်းတဲ့ရောဂါနဲ့ ဆုံးသွားပြီတဲ့။
သမီးအမေလည်း အဲဒီရောဂါကြောင့် သေရတာတဲ့။
သမီးမှာလည်း အဲဒီရောဂါရှိတယ်တဲ့။
ဒီအိမ်က ကလေးနှစ်ယောက်မှာလည်း အဲဒီရောဂါရှိတယ်တဲ့။
ထမင်းချက်ရင်း သူတို့ပြောတာကို သမီးကြားတာပါ။
သူတို့က ဆရာမကြီးရှေ့မှာတော့ မပြောရဲကြဘူး။

သမီးက သူတို့ပြောတာ မယုံပါဘူး။
သမီးတို့အားလုံး အတူတူပါပဲ။
သမီးတို့ အတူတူပဲ နေကြတယ်။
အတူတူပဲ ကစားကြတယ်။
အတူတူပဲ စာသင်ကြတာပဲ။
ဆရာမကြီးကလည်း သမီးတို့ကို အတူတူပဲ ချစ်ပါတယ်။

သမီးကြီးလာရင် ဆရာမလုပ်မယ်။
ကလေးတွေကို စာသင်ပေးမယ်။
သီချင်းတွေလည်း သင်ပေးမယ်။
သမီးက ဒီအိမ်က ဆရာမကြီးလို ဒေါက်တာကြီးလည်း ဖြစ်ချင်တယ်။
ဒေါက်တာမကြီးဆိုရင် လူတွေက ပိုပြီးချစ်ကြတယ်လေ။ ဒီအိမ်ကို ဧည့်သည်တွေလာရင် ဆရာမကြီးကိုပဲ မေးတယ်။
ဆရာမကြီးက သဘောကောင်းတယ်။
သမီးတို့ကိုလည်း ချစ်တယ်။
သမီးတို့အတွက် ကစားစရာတွေ အရုပ်တွေ အမြဲတမ်းဝယ်ပေးတယ်။
သမီးတို့နဲ့လည်း သီချင်းအတူတူဆိုတယ်လေ။

သမီးတို့ အင်္ဂလိပ်စာတွေ ဆိုရတယ်။
အင်္ဂလိပ်သီချင်းတွေကိုတော့ သမီးတို့ဆရာမက သင်ပေးတယ်။
သမီးအမေလည်း ထိုင်းသီချင်းတွေဆိုတတ်တယ်။
ကရင်သီချင်းလည်း အမေက ဆိုတတ်တယ်။
သမီးကိုလည်း အမေဆိုပြဖူးတယ်။
သမီးနားမလည်ပေမယ့် အမေဆိုတာ နားထောင်လို့ သိပ်ကောင်းတယ်။

သမီးသီချင်းဆိုတာလည်း ကောင်းတယ်လို့ ဆရာမကြီးက ပြောတယ်။
သမီးနဲ့ နဘဲနဲ့ သီချင်းဆိုရင် ဆရာမကြီးက သိပ်သဘောကျတယ်။
နဘဲက သမီးသူငယ်ချင်းလေ၊ ခွမ်လည်း သမီးသူငယ်ချင်းပါပဲ။
အရင်တုန်းက သမီး ခွမ်ကို ခင်တယ်။
အခု သမီး ခွမ်ကို မခင်တော့ဘူး။
ခွမ်တို့အမေက မကောင်းဘူး။
သမီးကိုဆို ခွမ်တို့အမေက တမျိုးပဲ။

အခု သမီးကစားရင် နဘဲနဲ့ပဲ ကစားတယ်။
နဘဲမှာလည်း သမီးလိုပဲ အမေအဖေ မရှိဘူးလေ။
နဘဲက သမီးကိုလည်း ခင်ပါတယ်။
နဘဲက သမီးဆွဲတဲ့ ငှက်ရုပ်ကလေးတွေကို သဘောကျတယ်တဲ့။
သူလည်း သမီးလိုပဲ ငှက်ရုပ်ကလေးတွေ လိုက်ဆွဲနေတယ်။
အရင်တုန်းက နဘဲက အိမ်ကလေးတွေ၊ သစ်ပင်ကလေးတွေ၊ လှေတွေပဲ ဆွဲတာ။
အခု သမီးအတူတူ ငှက်ရုပ်ကလေးတွေပဲ ဆွဲတော့မယ်တဲ့။

နဘဲလည်း သမီးလိုပဲ ငှက်ကလေးတွေပဲ ဖြစ်ချင်တယ်တဲ့။
သမီးတို့ ငှက်လေးတွေဖြစ်ရင် သိပ်ကောင်းမှာပဲ။
ကြိုးတန်းပေါ်မှာလည်း သီချင်းဆိုလို့ရတယ်။
မိုးကောင်းကင်ကြီးထဲလည်း ပျံဝဲလို့ရတယ်။
သစ်ပင်တွေပေါ်မှာလည်း နားနေလို့ရတယ်။

ပြီးတော့သမီးတို့သွားချင်တဲ့နေရာကိုလည်းပျံသန်းသွားလို့ရမယ်လေ…။    ။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.