ဝတ္ထုတို
တတိယတန်းမှာ တနေရာ
သိန်းဖေမြင့်
(၁)
ရန်ကုန်မြို့
သီတင်းကျွတ်လဆန်း ၅ ရက်
သားချစ် ကိုရင်ကလေး ...
ခမည်းတော် စာအားဖြင့် လျှောက်ထားပါသည်။
ခမည်းတော်နဲ့တကွ ရွာမှ ပြေးလာခဲ့ကြသူများ အားလုံးပင် ရန်ကုန်မြို့ကြီးသို့ ချောမောစွာ ရောက်ကြပါ၏။ လမ်းမှာ တိုက်ပွဲခိုက်ပွဲများနှင့် မကြုံကြိုက်ခဲ့ရပါ။ သို့ မကြုံကြိုက်ရုံမက အလှူခံ သောင်းကျန်းသူဘက်သား ဂိတ်စောင့်များနှင့် ဂိတ်ကြေးခံ အစိုးရဘက်သား ဂိတ်စောင့်များသည် တခေါ်လောက်သာ ကွာဝေးကြလျက် အေးချမ်းသာယာစွာ နေနေကြသည်ကို မြင်ခဲ့ရပါသည်။ ခမည်းတော်တို့ကတော့ ကုန်သည်လည်း မဟုတ်၊ အထုပ်ပါသူလည်း မဟုတ်ကြသဖြင့် ဂိတ်ကြေး မပေးဆောင်ခဲ့ရပါ။ သို့ရာတွင် ရန်ကုန်မှာ လက်ဆောင်ပေးဖို့ ယူလာခဲ့တဲ့ သနပ်ခါးတုံးတွေကိုတော့ ဗိုလ်ကတော်တွေ လိမ်းဖို့ဆိုပြီး အကုန်ယူထားကြလိုက်ပါသည်။ ထန်းလျက်ဖြူတွေကိုလည်း ဂိတ်စောင့်ရဲဘော်တွေ လက်ဖက်ရည်ကြမ်းနှင့်မြည်းဖို့ တချို့တ၀က် ခွဲလှူခဲ့ရပါသေးသည်။
ကိုရင် လိုက်မလာတာ ကံကောင်းပါသည်။ ကိုရင်ကလေးကို ကိုရင်ဝတ်ပေးပြီး ဆရာတော် ဦးပညောဆီ အပ်ခဲ့တဲ့ ခမည်းတော်ရဲ့ အစီအစဉ်ဟာ အတော်အဆင်ပြေတယ်လို့ ဆိုရမှာပဲ။ ရန်ကုန်မှာ ကိုရင်ဝတ်နဲ့ နေဖို့လည်း အကျပ်သားပဲ။ ခမည်းတော်တို့လို မျက်နှာငယ် အဆက်အသွယ်မကောင်းတဲ့ သားသမီး ကိုရင်များကို လက်ခံချင်တဲ့ကျောင်းက အရှားသားကလား။ လက်ခံချင်တဲ့ကျောင်း ရှိဦးတော့ ... ဆွမ်းခံရတာက မလွယ်ဘူး။ ရွာမှာ ရွာသူရွာသားတွေဟာ ထမင်းထုပ်ပေးရလွန်းလို့ ဆွမ်းလောင်းဖို့ ကျပ်တာထက် ဒီကလူတွေမှာ အစစအရာရာ ဈေးကြီးရှားပါးလို့ ဆွမ်းလောင်းဖို့ ကျပ်နေကြတယ်။ လူဝတ်လဲပြီး လိုက်ခဲ့ပြန်ရင်လည်း ခမည်းတော် တယောက်တည်းတောင် နေစရာ တနေရာရဖို့ ဒီလောက်ခဲယဉ်းတာ သားအဖနှစ်ယောက်ဆိုရင် ပိုခဲယဉ်းမှာပဲ။
ခု ခမည်းတော် တည်းခိုနေရတဲ့ အခန်းဟာ အနံ ၁၂ ပေ၊ အလျား ၂၅ ပေလောက်ပဲရှိမယ်။ အဲဒီအခန်းထဲမှာ ပေါ်ချော ပေါ်စောတို့ လင်မယား သားသမီး အစုံအလင် နှစ်အိမ်ထောင်။ ကိုကြွယ်တို့ သားအဖသုံးယောက်နဲ့ မဆင့်တို့ သားအမိနှစ်ယောက် နေနေကြတယ်။ အဲဒီကြားထဲမှာ အဖေလည်း (အဲလေ ယောင်လို့) ခမည်းတော် တနေရာ တိုးယူရတာဟာ ကုန်ကျပ် လူကျပ်ဖြစ်နေတဲ့ ကိုချစ်ပိုရဲ့ ဘတ်စ်ကားမှာ မတ်ကပ်ပေါ်က တက်စီးရတာထက် ခက်သေးတယ်။ တယောက်အိပ် ကွပ်ပျစ်တလုံးတောင် နောက်ထပ် မထားသာတော့လို့ ကျုပ်မှာ သမံတလင်းပေါ်မှာ အိပ်ရတယ် သားရေ့။ ဂုံအိတ်လွတ်တွေ ထူထူခင်းနိုင်လို့ တော်သေးရဲ့။ ခု ဆောင်းဝင်နေပြီမို့ အတော်ပါပဲ။ စောင်ထူထူ မခြုံဘဲနဲ့ နွေးမှာပေါ့။ နွေကျရင်တော့ အခန်းရှေ့ လမ်းပေါ်မှာ ကွပ်ပျစ်ကလေးနဲ့ အိပ်ကြရမှာပဲ။
ရန်ကုန်မြို့ကြီးမှာ အိမ်ကြီးရခိုင် တိုက်တာ အဆောက်အဦတွေ ပေါပါရဲ့။ နို့ပေတဲ့ အဲဒါတွေက ခမည်းတော်တို့လို လူစားတွေအတွက် မဟုတ်ဘူး။ ရေချိုးတော့ လမ်းပေါ်က ရေဘုံဘိုင်မှာ ချိုးရတယ်။ ကျုပ်တို့ ယောက်ျားတွေတင် မကဘူး။ မိန်းမပျိုကလေးတွေလည်း လမ်းပေါ်မှာပဲ ချိုးကြရတာပဲ ကိုရင်ရဲ့။ ရွာမှာနေတုန်းက မြို့က ရေဘုံဘိုင်ကြီးတွေအကြောင်း ကြားရတော့ မဟောသဓဇာတ်တော်ထဲက ဥမင်ခန်းအကြောင်း ဖတ်ရတာလိုပဲ တအံ့တသြ ဖြစ်ခဲ့မိတယ်။ လက်တွေ့ကျတော့ ရွာက ကန်ထဲခုန်ချ၊ ကူးခပ်ချိုးရတာလို ဇိမ်မရှိဘူး။ ရေဘုံဘိုင်မှာ ကိုယ့်အလှည့်ရောက်အောင် တမေ့တမော စောင့်ရတယ်။ ကိုယ့်အလှည့် ရောက်ပြန်တော့လည်း ကြာကြာ ဇိမ်ခံမချိုးရဲဘူး။ နောက်လူက မျက်စောင်းထိုးကြည့်နေတယ်။
ဒါကြောင့်မို့ ကိုရင် မလိုက်ခဲ့တာ ကံကောင်းတယ်လို့ ဆိုရတာ။ သားတခု အဖေတခု ဘယ်မှာ ခွဲနေချင်မှာလဲ။ ခုလို ခွဲနေရတာဟာ ကိုရင့်အဖို့ ကောင်းတာတွေ အများကြီးရှိတယ်။ အနေအထိုင် မဆင်းရဲဘူး။ စာလည်း သင်ရတယ်။ ကိုရင် စာမှန်မှန် အံရဲ့လား။ ဦးပညောကကော စာကောင်းကောင်း တက်ပေးရဲ့လား။ ခုနေဆို သင်္ဂြိုဟ်တောင် တက်နေရောပေါ့နော်။ စာကြိုးစားနော် ကိုရင်ကလေး။ အနေအထိုင်ကော မျှတရဲ့လား။ ကစားချိန် ကစားပါ။ သို့ပေမယ့် ပေသီးလက်ခေါက်ထုတမ်းတော့ မကစားနဲ့နော်။ ပြီးတော့ မန်ကျည်းပင်ကြီးပေါ် ပြေးတမ်း လိုက်တမ်း မကစားနဲ့။ မန်ကျည်းကိုင်း ယီးခိုပြီး ခြေကန်တမ်းလည်း မကစားနဲ့။ ကိုရင်ကြီး ဦးအာသဖ သစ်ပင်ပေါ်ကကျပြီး လက်ကျိုးသွားတာ သတိရပါနော်။ ဦးပညောရဲ့ ဆုံးမစကားကို မြေ၀ယ်မကျ နားထောင်ပါနော်။ ထမင်းခြောက် ဖျာစောင့်ရတဲ့ အလှည့်ကျရင် အချိန်အချည်းနှီး မဖြစ်စေနဲ့။ စာအံရင်း စောင့်ပါနော်။ ဆွမ်းခံသွားရင်လည်း မဆော့နဲ့။ ကိုရင်ဆိုတာ ဣနြေ္ဒရှိရတယ်။ ဒါမှ လူကြည်ညိုမယ်။ လူတွေ ကြည်ညိုမှ ဆွမ်းကောင်း ဟင်းကောင်း ရမယ်။
ရန်ကုန်ရောက်နေကြတဲ့ ရွာကလူတွေဟာ ဘယ်သူမှ ချောင်ချောင်လည်လည် မရှိကြဘူး။ ရရစားစားပဲ ရှိကြတာများတယ်။ တချို့များ စားဖို့တောင် ကျပ်နေကြတယ်။ ခမည်းတော်က ဒါကြောင့်လည်း ဘယ်သူ့ကိုမှ မမှီခိုချင်ဘူး။ မပူ မကပ်ချင်ဘူး။ မရ ရတာပဲ ရှာကြံလုပ်မယ်။ ကျုပ် ရောက်ရောက်ချင်းပဲ ကိုရင့်ဦးလေးတော် သာလှက ပန်းထိမ်ဖိုတခုမှာ အလုပ် လုပ်မလားလို့ မေးတယ်။ ခမည်းတော်ဟာ ပန်းထိမ်အလုပ်မှာ စိတ် တော်တော်ကုန်နေတယ်။ အရင် ကိုရင့်မယ်တော် ရှိစဉ်တုန်းကတော့ ပန်းထိမ်အလုပ်မှာ ပျော်လည်း ပျော်တယ်။ ကိုယ့် ပန်းထိမ်ပညာအရည်အချင်းအတွက်လည်း ဂုဏ်ယူတယ်။ ခုတော့ တမျိုးဖြစ်သွားပြီ။ ခမည်းတော်ဟာ အသက် ၄၀ ပြည့်ရုံသာ ရှိသေးသော်လည်း အသီးအပွင့် မသီးမပွင့်တော့တဲ့ ပင်အိုကြီးနဲ့ တူနေပြီ။ ဒီပညာနဲ့ကို ဝေးချင်စိတ် ပေါက်နေပြီ။ ပြီးတော့ ပန်းထိမ်လုပ်ရရင် ကျုပ်ရဲ့မျက်စိကိုလည်း ညှဉ်းရာရောက်မယ် ထင်တယ်။ မျက်စိတွေဟာ ပန်းထိမ်ဒဏ် မခံနိုင်တော့ဘူးထင်တယ်။
ဒါကြောင့် သည့်ပြင်အလုပ်ကိုပဲ စဉ်းစားတယ်။ အနီးစပ်ဆုံးကတော့ မုန့်ဟင်းခါးရောင်းတဲ့ အလုပ်ပဲ။ မေးမြန်းစုံစမ်းကြည့်တော့ တတိယတန်းစား မုန့်ဟင်းခါးသည်တွေဟာ တယောက် တယောက်လျှင် နေ့စဉ် ပျမ်းမျှ ၅ ကျပ်ကနေပြီး ၁၀ ကျပ်ထိ ကျန်ကြတယ်ပြောတယ်။ ဒုတိယတန်း၊ ပထမတန်း တက်သွားရင် ကံကောင်းတာ ပေါ့လေ။ ကိုရင့်ကိုတောင် ရန်ကုန်ခေါ်ပြီး ပညာသင်ပေးနိုင်ဦးမယ်။ ဒါပေမယ့် တတိယတန်းသမားတွေက အများအပြားရှိလေတော့
ဝင်တိုးရတာ မလွယ်ဘူးလို့ ပြောကြတယ်။ တတိယတန်း တနေရာမှာ ခြေကုပ်ရဖို့ဟာက တောင်ခါးပန်းတက်ရတာနဲ့ တူတယ်။ တောင်ခါးပန်း မရောက်ခင် လဲတဲ့ ကွဲတဲ့ လိမ့်ကျတဲ့လူတွေ အများကြီးရှိတယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်တော့ တောင်ခါးပန်းရောက်အောင် ကြိုးစားမှာပဲ။ တောင်ထိပ်ရောက်ဖို့ကတော့ နောက်မှ စဉ်းစားရမယ်။ `ကြိုးစားက ဘုရားဖြစ်နိုင်တယ်´ဆို မဟုတ်လား။
အလုပ်အကိုင် အပေါက်အလမ်းတည့်ရင် ဆရာတော် ဦးပညောအတွက် မျက်နှာသုတ်ပ၀ါကြီးတထည်၊ ကိုရင့်အတွက် သင်္ကန်းတစုံ ၀ယ်ပြီးလှူလိုက်မယ်။ ကြုံကြိုက်တဲ့အခါ ကိုရင့်မယ်တော်ကြီး မြေပုံမှာ မြက်၊ ချုံ မရှိအောင် ရှင်းပေးပါနော်။ စာထိုးထားတဲ့ အုတ်တိုင်ကလေးကိုလည်း ချေးတို့ ညှိတို့ မှိုတို့ မတက်အောင် သုတ်သင်ပေးပါ။ ပရိတ်ရွတ် မေတ္တာပို့ပြီး မယ်တော်ကို အမျှအတန်း ဝေပေးပါနော်။ ဘုရာအရေတော် ၀တ်တဲ့ သားကိုရင်ရဲ့ အမျှပေးသံဟာ အထူးပဲ အာနိသင်ကြီးပါတယ်။
ခမည်းတော်
မောင်ရွှေရ
(၂)
ရန်ကုန်မြို့
သီတင်းကျွတ်လဆုတ် ၁၂ ရက်
သားချစ် ကိုရင်ကလေးထံသို့ ခမည်းတော် စာအားဖြင့် လျှောက်ထားပါသည်။
ကိုရင့်ထံက စာကို ကောင်းစွာရရှိပါသည်။ ကိုရင်ကလေးဟာ စာအရေးအသား အတော်ချောနေပြီပဲ။ သို့ပေမယ့် သတ်ပုံသတ်ညွှန်းကတော့ အမှားများတဲ့အတွက် ဂရုစိုက်ဖို့လိုတယ်။
ဆရာတော် ဦးပညော လေနာထတာကတော့ ထုံးစံဖြစ်နေပြီ။ မကြာခဏ ထတာပဲ။ ခမည်းတော် စိတ်ထင်တော့ ဆရာသမားနဲ့ကုမှ ရှင်းရှင်းပျောက်မယ် ထင်တာပဲ။
စောစောက သတင်းစာမှာ ရွာမှာတိုက်ပွဲဖြစ်တဲ့အကြောင်း ဖတ်ရတယ်။ ကိုရင်ကလေးအတွက် သိပ်စိတ်ပူတာပဲ။ ခု ကိုရင့်စာရတော့မှ စိတ်အေးရတော့တယ်။ တိုက်ပွဲဖြစ်တာက ဂတ်တဲတောင်ဘက်ဆိုတော့ ရွာနဲ့ တော်တော် အလှမ်းသားပဲ။ ဒါပေမယ့် ကျုပ်သဘောကတော့ ဘယ်နေရာမှ တိုက်ပွဲ မဖြစ်စေချင်ဘူး။ ကိုယ့်အချင်းချင်းတွေ သေကြတာပဲ။ ခု တိုက်ပွဲကတော့ ကွန်မြူနစ်နဲ့ ရဲဘော်ဖြူတွေဆိုတော့ သောင်းကျန်းသူ အချင်းချင်း ဖြစ်ကြတာပေါ့။ ပြီးတော့ အစိုးရဖြစ်ဖြစ် သောင်းကျန်းသူမင်း တမင်းမင်းဖြစ်ဖြစ် ခိုင်ခိုင်ခံ့ခံ့နဲ့ အုပ်စိုးနေတာက ကောင်းသေးတယ်။ မင်းမဲ့ပြီး ဓားပြတိုက်ခံရတာ ထက်တော့ တော်သေးတာပေါ့။ ခမည်းတော်တို့ ရှိတုန်းက ဖြစ်တာကြည့်ပါလား။ အုပ်ချုပ်မယ့်လူ မရှိလို့ ဓားပြရမ်းသွားတာ။ ရှိသမျှပစ္စည်း ယူရုံနဲ့ မကျေနပ်သေးဘဲ လူတွေကို ရေလောင်း ရိုက်၊ စအိုဝ တုတ်နဲ့ထိုး၊ လက်သည်းခွံခွာ စသည်ဖြင့် လုပ်တာဟာ ဂျပန်ဖက်ဆစ်ခြေရာ နင်းကြတာပဲ။ ဓားပြ အနှိပ်စက်ခံရသူတွေထဲမှာ ဆရာလေးဟာ အနာရှာဆုံးပဲ။ ကျောင်းဆရာဆိုတာ လူချစ်လူခင် လူကြည်ညိုများတဲ့အလုပ်၊ သူတော်ကောင်း အလုပ်။ ကာလပျက်တော့ ကျောင်းဆရာ အလုပ်လက်မဲ့ ဖြစ်ရတယ်။ အလုပ်မရှိတော့ ဈေးကလေး ဘာကလေး ရောင်းရတယ်။ ဈေးရောင်းတော့ ဓားပြအတိုက် ခံရပြန်တယ်။ အရိုက်အနှက် ခံရတယ်။ ဆရာကလေးခမျာမှာ မြော့မြော့ကလေး ကျန်တော့တာပဲ။ ခု ဆရာလေး ဘယ့်နှယ်နေသေးသလဲ။ ဒဏ်ရာတွေ ပျောက်ကုန်ပြီလား။ ရွာမှာတော့ လူမရှိသလောက် ဖြစ်နေပြီပေါ့ ... ဟုတ်လား။ ကျုပ်တို့ရွာက ရွာကြီးသလောက် တောင်သူယာလုပ် နည်းတာပဲ။ တောင်သူယာလုပ်တွေကတော့ မြေကို မစွန့်နိုင်လို့၊ မတတ်သာ မြေနဲ့ ဖက်သေကြရမှာပေါ့။
ဒီမှာလည်း အလုပ်အကိုင် အခြေအနေ မကောင်းသေးပါ။ ရန်ကုန်မြို့ကြီး ကြည့်လိုက်ရင်တော့ တတိုင်းပြည်လုံး ဘာမှ မဖြစ်သလိုပါပဲ။ လူတွေလည်း သိပ်စည်ကားတာပဲ။ ပျော်ပွဲ ရွှင်ပွဲတွေကလည်း တခြိမ့်ခြိမ့် တသဲသဲ။ ဟိုတယ်တွေ ကလပ်တွေ ဆိုတာမှာလည်း တီးသံ မှုတ်သံ ဆိုသံ ဆူညံနေတာပဲ။ အကအခုန်ဆိုတာလည်း အမျိုးမျိုး။ အပျောင်းအနွဲ့ အလှအယဉ် ကတာမျိုးတော့ ရှားတယ်။ လက်ချင်းယှက် ရင်ချင်းအပ်ပြီး မူးခြာပတ်ခြာ လှည့်ကတာမျိုးက သိပ်ပေါတာပဲ။ ရှေးကတော့ ဒီအကမျိုးကို ဘိုထီး ဘိုမတွေ ကတာများတယ်လို့ ပြောတယ်။ ခုတော့ မြန်မာထီး မြန်မာမတွေ များတယ်။ ကားကြီးတွေ
တ၀ီဝီနဲ့ လာကြသွားကြ မူးကြရူးကြ စားကြသောက်ကြ။ အပျော်မျိုး စုံနေတာပါပဲ။ ကျုပ်တို့လို ဆင်းရဲ ကျပ်တည်းသူတွေ ရန်ကုန်မှာ တင်းကျမ်း ပေါပေမယ့် ဆင်းရဲကြောင်း ငိုဟစ်လည်း ပြနိုင်တာ မဟုတ်၊ ဆင်းရဲကြောင်း စီတန်းလည်း ပြနိုင်တာ မဟုတ်တော့ မသိသာဘူး၊ မမြင်သာဘူးပေါ့။
ကိုင်း ဒါတွေ ဘေးဖယ်ထားပြီး ခမည်းတော်ရဲ့ အလုပ်အကိုင်အကြောင်း ရေးလိုက်ပါရစေဦး။ အရင် ပထမစာ ရေးပြီးတဲ့နောက် မကြာခင်ဘဲ မုန့်ဟင်းခါး စရောင်းတယ်။ ကြေးအိုး၊ ဆိုင်း၊ ပန်းကန် ခွက်ယောက်ဝယ်ဖို့ အရင်းအနှီး မပြည့်စုံလို့ အတော် အခက်အခဲ တွေ့လိုက်သေးတယ်။ ခမည်းတော်မှာ ငွေပါသွားတာမှ မဟုတ်ဘဲ။ ပါသမျှကလည်း စရိတ်စက စားတာ သောက်တာနဲ့ အားလုံးလိုလို ကုန်တာပါပဲ။ ကံကောင်း ထောက်မတဲ့အတွက် ကျုပ်တို့ရွာက ဦးဖိုးဆင်နဲ့ သွားတွေ့တယ်။ သူက မုန့်ဟင်းခါးဖြုတ်ပြီး စားပွဲထိုး လုပ်မယ်လို့တဲ့။ ဒါကြောင့် သူ့ကြေးအိုးနှင့် ဆိုင်းကို ရောင်းတယ်။ ငွေ ၂၀ ကျပ် လက်ငင်းပေးပြီး ကျန်တဲ့ ငွေ ၄၀ ကျပ်ကိုတော့ တလရောင်းပြီးမှ ပေးရမယ်။ အဆင်သင့်ပါပဲ၊ ကိုရင့် ဦးလေးတော် သာလှဆီက ငွေနည်းနည်းဆွဲပြီး လက်ငင်းပေးလိုက်တယ်။ ပြီးတော့ ကျန်ငွေကလေးနဲ့ အရင်းတည်ပြီး မုန့်ဟင်းခါးသည် ဖြစ်ရတော့တာပဲ။
အလုပ်က အသစ်အဆန်းမို့ မကျွမ်းကျင်ပေမယ့် သိပ်ပြီး ကရွတ်ကင်းလျှောက် ကမောက်ကမ မဖြစ်ရပါဘူး။ ရန်ကုန်မှာ ရှိနေကြတဲ့ ရွာသူရွာသားတွေက ၀ိုင်းဝန်း ကူညီကြတယ်၊ ပြသကြတယ်။ မုန့်ဟင်းခါးဟင်းမှာ
ငါး ဘယ်လောက်ထည့်၊ ပဲ ဘယ်လောက်ထည့်၊ ဘဲဥ ဘယ်လိုထည့်၊ ငှက်ပျောအူ ဘယ်လိုလှီး စသည်ဖြင့် အပ်ချမတ်ချ ပြောပြ ညွှန်ကြားကြပါတယ်။ ခမည်းတော်ဖြင့် သူတို့ကို တကယ်ပဲ ကျေးဇူးတင်ပါတယ် ကိုရင်ကလေးရယ်။
မုန့်ဟင်းခါး ဆိုင်းထမ်းပြီး ထွက်စမှာတော့ ရှိုးတိုးရှန့်တန့် ဖြစ်ပါရဲ့။ ဒါကတော့ ဘယ်အရာမျိုးမဆို လုပ်နေမကျဘဲ စလုပ်ရရင် ဖြစ်မြဲပါပဲ။ မနက်စောစောပဲ ဆိုင်းထမ်းပြီး ထွက်လာလိုက်တာ နှစ်လမ်း သုံးလမ်းလွန်တောင် မုန့်ဟင်းခါးလို့ တချက်မှ အော်မထွက်သေးဘူး။ လျှာဟာ အစေးထွက်လို့ အာမှာ ကပ်နေသလိုပဲ။ နောက်ကျတော့မှ မနေသာလို့ အတင်းဇွတ်ညှစ်ပြီး အော်လိုက်ရတယ်။ `မုန့်ဟင်းခါး´ဆိုတဲ့ အသံဟာလေ ကိုယ့်အသံ ကိုယ်တောင် မယုံနိုင်ဘူး။ ခမည်းတော်အသံဟာ အခါတိုင်း ဒီလို မဟုတ်ပါဘူး။ ခုတော့ ချမ်းချမ်းကြောက်ကြောက်နဲ့ နင်းအော်လို့ ထွက်လာတဲ့ အသံဟာလေ တုန်ပြီး အောနေတယ်။
သား ကိုရင်ကလေး ကြားရလည်း အဖေ့အသံလို့ ထင်မှာမဟုတ်ပါဘူး။ တချက်အော်ပြီးရင်ပဲ နောက် ဆက်တိုက် အော်တော့တာပါပဲ။ နောက် ခုမှ ပြန်စဉ်းစားကြည့်တော့ ပထမနေ့က အော်တာဟာ သိပ်လွန်အားကြီးသွားတယ်။ ခပ်ကျဲကျဲ မှန်မှန်နဲ့ အသံအောင်အောင် အော်ရတယ်။ ထမ်းထားရတာလည်း အလေးသားမို့ အအော်များသလောက် အမောလွန်တာပဲ ကိုရင်ကလေးရေ့။ ဈေးသည်ဘ၀မှာ အော်တဲ့နေရာကလည်း ကျွမ်းကျင်ဖို့လိုတယ်။ ဘယ်အသံနှင့် အော်ရမယ်၊ ဘယ်နေရာမှာ မှန်မှန်အော်ရမယ်၊ ဒီလောက်အော်ရင် ဘယ်လောက်က ကြားမယ် စသည်ဖြင့် ကျွမ်းကျင်စွာ ခန့်မှန်းတတ်ဖို့ လိုတယ်။ မုန့်ဟင်းခါးကတော့ အော်ရာမှာ အပို အကွန့်အညွန့် မပါဘူး။ `မုန့်ဟင်းခါး´လို့ပဲ အော်လိုက်ရတာပဲ။ ရန်ကုန်မှာ အအော်မျိုး တော်တော်စုံတာ တွေ့ရတယ်။ `ဘူးသီးကြော် ပူပူနွေးနွေး´၊ `ရေခဲချစ် ချိုချိုအေးအေး´၊ `စားလို့ကောင်း
ဝါးလို့ကောင်း မြည်သံက တဖြောင်းဖြောင်းနဲ့ စမ်းချောင်းက ပဲကြီးလှော်´၊ `ကုပ်မနေနဲ့၊ ဖဲ့မနေနဲ့၊ ဟောဒီမှာ နှင်းခူဆေးပါတယ်´
ပြီးတော့ အော်ရုံအော်တတ်ပြီး ခေါ်တာ မကြားပြန်ရင်လည်း ဈေးမရောင်းရရုံ မကဘူး၊ အဆဲခံရသေးတယ်။ နားက ရှင်မှ။ ပထမနေ့တုန်းကလေ `မုန့်ဟင်းခါး ... မုန့်ဟင်းခါး´နဲ့ အော်ပြီး တိုက်ကြီးတွေပေါ် မျှော်မျှော်ကြည့်တယ်။ ခေါ်မလားလို့ ပေါ့လေ။ မခေါ်ဘူး။ သူတို့ကလည်း အသံဟောင်းသာ မျှော်နေကြတာ ထင်ပါရဲ့။ အသံသစ်ကို ဆီးကြိုကြတာတွေ မဟုတ်ဘူး။ ဈေးနား ရုံးနား ဘုရားနားမှာ ကပ်ရောင်းဖို့က မလွယ်ဘူး။ မုန့်ဟင်းခါးဆိုင်တွေက အများအပြား ရှိနေတယ်။ ရှိပြီးသားအပြင် နေရာသစ်ယူပြီး ရောင်းပြန်ရင်လည်း စားနေကျလူတွေက နေရာဟောင်းကိုသာ သွားကြတယ်။ နေရာသစ်ကို မလိုလားကြဘူး။ ဒီတော့ ပထမနေ့ ရောင်းရတာက အသံသစ်ပဲ ဖြစ်စေကာမူ အစိမ်းအကျက် မရွေးနိုင် လောက်အောင် ဆာလောင်နေသူ သို့မဟုတ် မုန့်ဟင်းခါးသံကို နားစွင့်လေ့မရှိဘဲ ဒီနေ့ ဒီရက်မှ အာလျသစ် လှုံ့ဆော်သဖြင့် ခေါ်မိသူတွေ ရှာရတာဖြစ်တယ်။ နေရာဟောင်း နေရာသစ် မရွေးချယ်ဘဲ လွယ်သလို ၀င်စားသူ တွေ့လိုတွေ့ငြား ရှာရတယ်။
ပထမနေ့ ရောင်းတယ်ဆိုရင်ပဲ ဘယ်လောက်ခက်တယ်ဆိုတာ နဖူးတွေ့ ဒူးတွေ့ တွေ့ရတာပါပဲ။ အဲဒီနေ့က မုန့်ရော ဟင်းရော ကျန်နေတယ်။ နေ့တွက် ရင်းရတဲ့ငွေတောင် အပြည့်မရဘူး။ ငါးမူး လိုနေတယ်။ ခမည်းတော်ရဲ့ လုပ်ခလည်း လုံးလုံး ရှုံးရတာပေါ့။ လုပ်ရတာက ဘယ်လောက် ပင်ပန်းသလဲဆိုရင် ညနေ သို့မဟုတ် ညမှာ ဈေးသွားပြီး ငါး၊ ပဲ၊ ကြက်သွန် စတဲ့ ပစ္စည်းတွေ ၀ယ်ရတယ်။ မနက် ၃ နာရီကထပြီး ဟင်းချက်ရတာပဲ။ ၃ နာရီထက် နောက်မကျရဘူး။ ဟင်း တည်ထားတုန်းမှာ မုန့်သွားယူရသေးတယ်။ နံနံမိတ် ရှောက်သီး လှီးရတယ်။ ၅ နာရီခွဲရင် မုန့်ဟင်းခါးဆိုင်း အဆင်သင့်ဖြစ်ရတယ်။ ပြီးတော့ ဈေးရောင်း ထွက်ရတာပဲ။ ကျုပ်တို့လို မစွံသေးတဲ့ မုန့်ဟင်းခါးသည်များမှာ တနေကုန် တနေခမ်း ထမ်း၊ ဟစ်၊ ထိုင်၊ ရောင်း၊ အားရတယ်ကို မရှိပါဘူး။ ကူဖော်လောင်ဖက် မရှိတဲ့လူဆိုတော့ ဈေးသွားလည်း ကိုယ်တိုင်၊ ဟင်းချက်လည်း ကိုယ်တိုင်၊ ငါးရိုးထွင်လည်း ကိုယ်တိုင်၊ ရောင်းလည်း ကိုယ်တိုင်။ သိပ်ပင်ပန်းတာပဲ။ ဈေးရောင်းရင်း နောက်ဖေး နောက်ဖီ သွားချင်တော့ မုန့်ဟင်းခါးဆိုင်းကို စောင့်ကြည့်ရစ်မယ့်လူ မရှိလို့ အခက်တွေ့ရတယ်။ မတတ်နိုင်ဘူး။ အနားမှာရှိတဲ့ ဆိုင်တဆိုင်ကို အပ်ခဲ့ရတယ်။ ပန်းတယ် ကိုရင်ရေ၊ ပန်းတယ်။ အိပ်ရေးကလည်း သိပ်ပျက်တာပဲ။ ခမည်းတော် ပင်ပန်း တယ်လို့ ညည်းညူမိတာကြောင့် ကိုရင်ကလေး စိတ်မကောင်းမဖြစ်နဲ့။ ခမည်းတော်မှာ တခြားလူရှေ့မှာ ညည်းစရာမရှိလို့ သားရှေ့မှာ ညည်းလိုက်တာ။ ပင်ပန်းပေမယ့် စိတ်မလျှော့ပါဘူး။ လောကဓမ္မတာ ဖြစ်တဲ့အတိုင်း ဇွဲနပဲနဲ့ အပင်ပန်းခံရမှာပဲ။
မုန့်ဟင်းခါးသည်ဘ၀ တလပဲ ပြည့်တော့မယ်။ ပထမနေ့မှာ ရှုံး၊ နောက်တနေ့လည်း ခမည်းတော်ရဲ့ လုပ်ခ ရှုံးတာပဲ။ ခုတလောတော့ လုပ်ခအပြည့် မရပေမယ့် နည်းနည်းတော့ ရပါရဲ့။ မြှုပ်ခဲ့တဲ့အရင်းဟာ ပြန်မပေါ်သေးဘူး။ လုံးလည်လိုက် နေတယ်။ တတိ တတိနဲ့ စားတာထဲ ပါကုန်တယ်။ တလ ပြည့်တော့မယ်။ ဆိုင်းဖိုးအတွက် ကျန်ငွေ ၄၀ ကျပ် ဘယ်လိုလုပ် ပေးရမယ်မသိသေးဘူး။ ဒီလောက် ပင်ပန်းပြီး ဒီလောက် တွက်ခြေ မကိုက်တဲ့အတွက် မုန့်ဟင်းခါးရောင်းတာကိုတောင် စွန့်လွှတ်ပြီး တခြား အလုပ်တခုခု ရှာဖွေတော့မယ်လို့တောင် စိတ်ကူးကြည့်မိတယ်။ ဒါပေမယ့် ရန်ကုန်မြို့မှာ အလုပ် အင်မတန်ရှားတယ်။ ဒါကြောင့် တောင်တောင်မြောက်မြောက် စိတ်ကူးကြည့်ပေမယ့် အပိုလိုလိုပါပဲ။ ဇွဲ ဇွဲ ဇွဲ ဆိုပြီး ကိုယ့်ကိုယ်ကို မောင်းနှင်ပေးနေရတာပဲ။
ပထမစာထဲမှာ မုန့်ဟင်းခါးသည် သုံးမျိုးသုံးစားအကြောင်း ရေးလိုက်တယ်။ ဒါကို ကိုရင်ကလေးက နားမလည်ဘူး၊ ဟုတ်လား။ တတိယတန်းစား ဆိုတာက ခမည်းတော်တို့လို ခြေကုပ်မရသေးဘဲ ဆိုင်းထမ်းပြီး အော်ကာ ဟစ်ကာ
ဝင်တိုးရောင်းရတဲ့ မုန့်ဟင်းခါးသည်။ ဒုတိယတန်းကတော့ ခြေကုပ်ရတဲ့ မုန့်ဟင်းခါးသည်။ လက်ဖက်ရည်ဆိုင်နားမှာဖြစ်စေ၊ ဈေးထဲမှာ ဖြစ်စေ၊ ရုံးနားမှာ ဖြစ်စေ၊ ဘုရားခြေရင်းမှာ ဖြစ်စေ ဆိုင်ခင်းရောင်းစရာ နေရာရပြီး ဖောက်သည်ရှိတဲ့ မုန့်ဟင်းခါးသည်။ အဲဒီလို ခြေကုပ်ရအောင် ကျုပ် ကြိုးစားနေတယ်။ မြူနီစပယ်ရုံးနားမှာ ခြေကုပ်ရအောင် အထူးကြိုးစား နေတယ်။ အဲဒီနားတ၀ိုက် တရစ်ဝဲ၀ဲသွားပြီး ရောင်းရတာပေါ့၊ သို့ပေမယ့် မြူနီစပယ်ရုံးက လူတွေက ဆီချက်ခေါက်ဆွဲ ရောင်းတဲ့ ပေါက်ဖော်ဆိုင်မှာသာ သကာကို ယင်အုံသလို ၀ိုင်းအုံနေကြတာပဲ။ ပထမတန်းစား မုန့်ဟင်းခါးသည်ဆိုတာ ကတော့ နေရာကောင်းမှာ ခြေကုပ်ရရုံ မကဘူး။ သုံးလေးနေရာမှာတောင် ဆိုင်ခွဲထားနိုင်တယ်။ ပြီးတော့လည်း အလှူ မုန့်လိုက်ကျွေးဖို့ အော်ဒါလည်း ရတယ်။ အလှူအတန်း၊ ပွဲနေပွဲထိုင်၊ မင်္ဂလာဆောင်၊ ကလေးကင်ပွန်းတပ်၊ မင်းပွဲသဘင် စသည်တို့မှာ တိုးနိုင်အောင် နာမည်ရတဲ့ မုန့်ဟင်းခါးသည် ဖြစ်တယ်။ ပထမတန်းစား ဖြစ်ပြီဆိုတော့ သားသမီးတွေကို ကျောင်းကြီးတွေမှာ ထားနိုင်ကြတယ်။ မယားကို လက်ဝတ်လက်စား တောက်ပြောင်အောင် ဆင်နိုင်ကြတယ်။ ဂျစ်ကား စီးနိုင်ကြတယ်။ တချို့များ မြင်းပွဲသွားပြီးတောင် သုံးလေးရာမျိုးဖြုန်းနိုင်ကြတယ်။ ခမည်းတော်သာ ပထမတန်းစား မုန့်ဟင်းခါးသည်ဖြစ်ရင် သား ကိုရင်ကလေးကို ရန်ကုန်ခေါ်ယူပြီး ပညာ ကောင်းကောင်း သင်ပေးမယ်။ ကိုရင့် မယ်တော်အမည်နဲ့ ကောင်းမှုကုသိုလ်လုပ်မယ်။
အလုပ်အကိုင် ဟန်မကျသေးလို့ ၀ယ်ပြီးပို့လိုက်မယ်ဆိုတဲ့ သင်္ကန်းတစုံတောင် မ၀ယ်နိုင်သေးဘူး ကိုရင်ရေ့။ ဦးပညောဖို့ လေနာပျောက်ဆေး တပုလင်းဝယ်ထားတယ်။ လူကြုံတာနဲ့ တပြိုင်နက် ပို့လိုက်မယ်။ ဦးပညောရော၊ ကိုရင်ပါ သတိပြုဖို့ တချက်ကတော့ အလှူအတန်း သာရေးနာရေးရှိလို့ ပင့်ဖိတ်တဲ့ရွာကို သွားတာကတော့ မလွှဲမရှောင်သာဘူး။ နို့ပေမယ့် ကွန်မြူနစ်ရွာ၊ ရဲဘော်ဖြူရွာ၊ အလံနီရွာ၊ အစိုးရရွာ၊ ရွာအမျိုးမျိုး ဖြစ်နေလေတော့ ဟိုဘက်သည်ဘက် အားလုံး အထင်မလွဲအောင် သတိဝီရိယနဲ့ နေဖို့ပါပဲ။
မယ်တော်ကြီးရဲ့ မြေပုံကို သွားရှင်းတယ်ကြားရလို့ ၀မ်းသာတယ်။ `သာဓု သာဓု´လို့ ခမည်းတော်ကလည်း ခေါ်လိုက်ပါတယ်။ သူ့ ပိုးထမီစတွေနဲ့ ချုပ်ထားတဲ့ အနေရထိုင်ကော ကျောင်းမှာ မပျက်မစီး ရှိသေးရဲ့လား။
ခမည်းတော်
မောင်ရွှေရ
(၃)
ရန်ကုန်မြို့
တန်ဆောင်မုန်းလဆုတ် ၁၃ ရက်
သားချစ် ကိုရင်လေးထံသို့ ခမည်းတော် စာအားဖြင့် လျှောက်ထားပါသည်။
ကိုရင့်ထံမှ ပြန်စာကို ကောင်းစွာရရှိပါသည်။ အလုပ်မှာ အလွန်ထိုင်းပါသည်။ မုန့်ရောင်းမကုန်၊ လက်ကျန်များသည်။ ကုန်တဲ့အခါမှာလည်း တနေကုန် တနေခမ်း ရောင်းရတယ်။ ညနေစားဖို့ ထမင်းဟင်းချက်ချိန်၊ နောက်တနေ့ မုန့်ရောင်းဖို့အတွက် ဈေးဝယ်ချိန်ပင် မရလောက်အောင် ဖြစ်ရတယ်။ အအိပ်က ပျက်၊ ဆိုင်းထမ်းပြီး မကုန်ကုန်အောင် လျှောက်ရောင်းရတဲ့အတွက် မောကလည်း မောပြီး ခမည်းတော်မှာ ပိန်သွားပါသည်။ အရင်းကလည်း မပေါ်ရုံမက စားတာထဲ တတိတိပါသွားသဖြင့် နောက်ထပ်လိုက်ဖို့တောင် ခက်နေပြီ။ ကြေးအိုးနဲ့ ဆိုင်းဖိုးကျန်ငွေ ၄၀ ကျပ်ကိုလည်း တလမက နှစ်လတောင် မချေနိုင်လို့ မျက်နှာပူစရာ ဖြစ်နေပြီ။ ဦးဖိုးဆင်က တောင်းလှပြီ။ ဒီတော့ ကြေးအိုးနဲ့ ဆိုင်းကို ပြန်အပ်ပြီး မုန့်ဟင်းခါး ရောင်းတဲ့အလုပ်ကို စွန့်ရတော့မလို ဖြစ်နေပြီ။
ဒါပေမယ့် ခမည်းတော် ယုံတာတခုက ဆက်ရောင်းနိုင်ရင် ဧကန္တ အကျိုးရှိမှာပဲဆိုတဲ့ အချက်ပဲ။ ခုဆိုရင် ခမည်းတော်ချက်တဲ့ မုန့်ဟင်းခါးဟာ အပေါ့၊ အလေး၊ အချို၊ အစပ် အလောတော်ဖြစ်နေပြီး လက်ရာမှန်လာပြီ။ စားတဲ့လူတွေ စွဲစ ပြုလာပြီ။ `မုန့်ဟင်းခါး´လို့ အော်ရာ ဟစ်ရာမှာလည်း လေမှန် နေရာမှန် ဖြစ်နေပြီ။ ဖောက်သည် တွေ့စပြုနေပြီ။ ဘယ်လက်ဆောင်နဲ့ ဘယ်သူ့ကပ်ပြီး ဘယ်လိုပြောလိုက်ရင် ဈေး၊ ဘုရား၊ ရုံး စတဲ့နေရာတွေမှာ နေရာကောင်းတခု ထိုင်ရောင်းစရာ ရနိုင်ပြီဆိုတာ သိထားပြီ။ အချုပ်ဆိုရရင် မုန့်ဟင်းခါးရဲ့ အကြောကို ကိုင်မိထားပြီ။ ဘယ်လောက် ပင်ပန်း ပင်ပန်း လုံ့လစိုက်ပြီး ရောင်းဖို့လို့ စိတ်ထဲမှာ ပိုင်းဖြတ်ထားတယ်။ ခမည်းတော်ရဲ့ ဇွဲဟာ ငယ်တဲ့ဇွဲ မဟုတ်ပါဘူး။ ဇွဲကောင်းလို့လည်း ပန်းထိမ်လုပ်တုန်းက နာမည်ကျော်ခဲ့တာပေါ့။ ဒါကြောင့် ဆက်ရောင်းနိုင်ရင် မုချ ကြီးပွားရမယ်လို့ ယုံကြည်ထားတယ်။ ဆက်ရောင်းနိုင်ဖို့ လိုနေတာက တခုပဲရှိတယ်။ ဒါက အရင်းအနှီး ၄၀ ကျပ်၊ ၅၀ ကျပ် ထပ်ရဖို့ပဲ။ အခု ခမည်းတော်ရဲ့ အခြေအနေဟာ ဆုကို လက်နဲ့ တို့ကြည့်နိုင်တဲ့ ချောတိုင်တက်သူရဲ့ အခြေအနေနဲ့ တူတယ်။ ရှေ့ဆက် နည်းနည်းတက်နိုင်ရင် ဆုကို ဆွဲဖြုတ်ယူဆောင်နိုင်တော့မယ်။ အရင်း ၄၀ ကျပ်၊ ၅၀ ကျပ်ပဲ ခက်နေတာ။
သြော် ... တယ်အဆင်မပြေတဲ့ လောကကြီး။ အထက်တန်းစားတွေမှာတော့ ဟိုတယ် တခါတက်ရင် ၅၀ ကျပ်မျိုး၊ ၁၀၀ ကျပ်မျိုး ပက်ခနဲ သုံးပစ်နိုင်တယ်။ မယားနဲ့ သမီး အလှပြင်ဆိုင် တခေါက်သွားပြီး ဆံပင်ကောက်တာ အမောက်လုပ် တာတောင် ၄၀ ကျပ်၊ ၅၀ ကျပ် အလွယ်နဲ့ သုံးနိုင်ကြတယ်။ မြင်းတကောင် လောင်းတာတောင်
၄၀ ကျပ်၊ ၅၀ ကျပ်၊ ၁၀၀ ကျပ် စသည်ဖြင့် လောင်းနိုင်ကြတယ်။ ခမည်းတော်တို့ အောက်တန်းစားများမှာတော့ တသက်တာ အသက်မွေးဝမ်းကျောင်း မှုအတွက် အရှိန်ရသွားအောင်၊ အလျင်မီသွားအောင်၊ ဆက်မိသွားအောင် အရင်းငွေ ၄၀ ကျပ်၊ ၅၀ ကျပ်ကိုပဲ မရနိုင်ဖြစ်နေတယ်။
အခု ခမည်းတော် လိုနေတဲ့ ငွေ ၄၀ - ၅၀ ကျပ်ဟာ ဆုံးရှုံးမှုနဲ့ အောင်မြင်မှုကြီးမှာ တံတားကလေးပဲ။ အသက်မွေးမှုအတွက် တံတားကလေးပဲ။ သားနှင့် အဖကြား တံတားကလေးပဲ။ ဒီငွေကလေး ဘယ်ကရမလဲ။ အတိုး အဆမတန် ကြီးကြီးနဲ့ ချေးပြန်ရင်လည်း အတိုးဆပ်ရတာနဲ့ ကာမိမှာမဟုတ်။ ပြီးတော့ အတိုးကြီးကြီးပေးတာတောင် အလွယ်တကူနဲ့ မရနိုင်။ ခက်ပါတယ် ကိုရင်ရယ် ... ခက်ပါတယ်။
အကယ်၍ ဒီအရင်းကလေးလောက်မှ မရရင် မုန့်ဟင်းခါးအလုပ်ကိုတော့ စွန့်လိုက်ရမှာပဲ။ အညွန့်တက်ခါနီး နှာမောင်း ကလေးနဲ့ အားယူနေရတဲ့ ဘူးပင် သခွားပင် ကလေးတွေကို သတ်ပစ်လိုက်ရသလို နေမှာပဲ။ ဒီအလုပ်ကို စွန့်ပြီးတဲ့နောက် အခစားအလုပ်တခုခု ၀င်လုပ်ရမှာပဲ။ ခမည်းတော်တို့လို အင်္ဂလိပ်စာ မတတ်တဲ့ လူတွေအဖို့ ပွဲရုံစာရေး၊ ဆိုင်စာရေး လောက်တော့ ရနိုင်ကောင်းပါရဲ့။ ဒါမျိုးတောင် မရဘူးဆိုရင် မြေပေါက်ရတဲ့ အလုပ်ကိုပဲ ဖြစ်ဖြစ် ဘယ်လောက်ကြမ်းတဲ့ အလုပ်ကိုပဲ ဖြစ်ဖြစ် ၀င်လုပ်ရမှာပဲ။ ပန်းထိမ်တူကို ကိုင်တဲ့လက်က ပေါက်တူး ကိုင်ရမယ်ဆိုတဲ့အƞ |