ဝတ္ထုတို
အဓိပ္ပါယ်ရှိသော သစ်ပင်
ခိုင်မာကျော်ဇော
ဒီရက်ထဲမှာ ကျမ ထူးထူးခြားခြား အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ ကိုတိုး ကျမတို့မိသားစုဆီ ပြန်လာတယ်တဲ့။ ကျမက သားလက်ကိုဆွဲ၊ ကိုတိုးက သမီးလေးလက်ကိုဆွဲပြီး ကျမတို့မိသားစုတွေ ပျော်ပျော်ရွှင်ရွှင် လျှောက်လည်ကြ တယ်တဲ့။ ကျမ ပျော်လိုက်တာ။ အပျော်တွေလွန်ပြီး ကျမပါးပြင်ပေါ် မျက်ရည်တွေ စီးကျလာတယ်။ အဲဒီမျက်ရည်တွေကို ကျမ မသုတ်ရက်ဘူး။ ဒီမျက်ရည်ဟာ ကျမအတွက် တန်ဖိုးအရှိဆုံး၊ အေးချမ်းမှု အရှိဆုံးပါပဲ။
ကျမဘ၀မှာ ပထမဆုံးကျခဲ့ရတဲ့ မျက်ရည်က အမေဆုံးတဲ့ အချိန်ကပါ။ အဲ့ဒီ မျက်ရည်ဟာ ကျမအတွက် အပူလောင်ဆုံးလည်း ဖြစ်ပါတယ်။ အမိမဲ့ သမီးဟာ ကွင်းထီးထီးက သစ်ပင်ကြီး တပင်လိုပါပဲ။ လေဒဏ်၊ မိုးဒဏ်၊ မုန်တိုင်းဒဏ်တွေ ကို အကာအကွယ်မဲ့စွာ ခံစားရတယ်။
အမေဆုံးပြီး တနှစ်အကြာမှာပဲ အဖေ နောက်အိမ်ထောင်ပြုခဲ့တယ်။ အဖေရဲ့ နောက်အိမ်ထောင်မှာ ကျမထက်ကြီးတဲ့ သမီးတယောက်၊ ကျမနဲ့ မတိမ်းမယိမ်းအရွယ် သားနှစ်ယောက်ပါတယ်။ သူတို့အားလုံးကို ကျမအတွက် အဖော်ဆိုပြီး အဖေက အိမ်ကို ခေါ်လာတယ်။ အဲဒီတုန်းက ကျမအသက်က ၁၂ နှစ်ပဲ ရှိသေးတယ်။
အဲဒီအချိန်ကစပြီး ကျမဘ၀ထဲကို လေတွေ၊ မိုးတွေ၊ မုန်တိုင်းတွေ၊ မီးလျှံတွေ တခုပြီးတခု ၀င်လာခဲ့တယ်။ မိထွေးက အဖေမရှိတဲ့အချိန်တိုင်းမှာ ကျမကို အမျိုးမျိုးနှိပ်စက်တယ်။ မိထွေးသမီးက ဆရာမကြီးလို ကျမကို အိမ်အလုပ်တွေ တမျိုးပြီးတမျိုးခိုင်းတယ်။ သားနှစ်ယောက်လည်း အမေတူ၊ အမတူတွေပဲ။ အိမ်မှာ ကျမအတွက် နေစရာ နေရာမရှိ ဖြစ်လာတယ်။
အဖေက ကုန်သည်ပွဲစား။ အဖေ အိမ်မှာနေရတဲ့အချိန်က သိပ်နည်းတယ်။ အဖေက မြို့တကာ၊ နယ်တကာမှာ စီးပွားတွေ ချဲ့တွင်လာချိန်မှာ ကျမအတွက် အိမ်မှာ နေစရာ တဖြည်းဖြည်းနဲ့ ကျဉ်းကျဉ်းလာတယ်။ ကျမအတွက် နေစရာက အိပ်ခန်းလေးတခုပဲ ရှိတယ်။ အဲဒီ အိပ်ခန်းလေးတောင်မှ နောက်ဆုံး ကျမ ဆုံးရှုံးလိုက်ရတယ်။ ကျမ အိပ်ခန်းလေးကို မိထွေးသမီးက အပိုင်စီးသွားပြီလေ။
သူတို့ရဲ့ နယ်မြေချဲ့ထွင်မှုဟာ စာသင်ခန်းထဲအထိ ရောက်လာတယ်။ ဆရာ ဆရာမတွေရှေ့မှာ၊ သူငယ်ချင်းတွေ ရှေ့မှာ၊ သူတို့ကြောင့် ကျမ ၀မ်းနည်းအားငယ်ရတယ်။ သိမ်ငယ်မှုတွေ ဖြစ်ရတယ်။ ကျမ မျက်ရည်အကြိမ်ကြိမ် ကျရတယ်။
မိထွေးရဲ့ တောက်နေတဲ့မျက်လုံးတွေ၊ သူတို့ သားသမီးတွေရဲ့ ရန်လိုနေတဲ့ အကြည့်တွေ၊ အဖေရဲ့ အလိုမကျမှုတွေ၊ ပြစ်တင်ဝေဖန်မှုတွေကြားမှာ ကျမ မျက်ရည်တွေ တဖြည်းဖြည်းနဲ့ ခန်းခြောက်သွားခဲ့တယ်။
နောက်ဆုံး ကျမ အိမ်ကဆင်းပြီး လောကကြီးထဲကို ခြေချခဲ့တယ်။ သူငယ်ချင်းတယောက်ရဲ့ အဆက်အသွယ်နဲ့ မြ၀တီကို ရောက်လာတယ်။ အဲဒီအချိန်မှာ ကျမအသက်က ၂၀ ရှိပြီ။ တမြို့တရွာမှာ ဘ၀ရပ်တည်ရေးအတွက် ကျမ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့တယ်။
ဈေးဗန်းခေါင်းပေါ်တင် လမ်းတကာ လည်ရောင်းတယ်။ ဖရဲသီး၊ နာနတ်သီး၊ ဆီးသီး၊ သရက်သီး၊ သီးနှံမျိုးစုံကို မဲဆောက်မှာ သွားဝယ်ပြီး မြ၀တီမှာ ပြန်ရောင်းတယ်။ ပြောင်းဖူးပြုတ်၊ ကောက်ညှင်းထုပ်၊ မုန်းဖက်ထုပ်၊ ကြံပန်းခိုင်နဲ့ အကြော်စုံလည်း ဖောက်သည်ယူပြီး ရောင်းတယ်။
ကျမခေါင်းပေါ်မှာ ရာသီအလိုက်၊ အချိန်လိုက် အသီးတွေ အကြော်တွေ အမျိုးမျိုး ပြောင်းလဲနေရာယူခဲ့တယ်။ ကျမခြေရာ တွေဟာ မြ၀တီမြို့ရဲ့ ကားဂိတ်မှာ၊ လမ်းဆုံလမ်းခွမှာ၊ ဈေးမှာ၊ ဗွီဒီယိုရုံတွေမှာ ခြေရာချင်း ထပ်နေမှာပါ။ ဒီမြို့မှာ ကျမကို `အကြော်သည် မခင်မြ၊ အသီးသည် မခင်မြ´လို့ပဲ သိထားကြပါတယ်။ ကျမကလည်း အဲဒီလိုပဲ အသိပေးခဲ့ပါတယ်။ ပဲခူးက အကြောင်းတွေကို ကျမ မေ့နိုင်အောင် ကြိုးစားတယ်။ မေ့လည်း မေ့ထားလိုက်ချင်တယ်။
ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပဲဆိုတာ တကယ်မှန်ပါတယ်။ ကျမ ဘယ်လိုပဲ ဇာတ်မြှုပ်ပြီးနေနေ၊ ကျမအကြောင်းကို သိနေတဲ့လူက ရှိနေတယ်။ ကျမ ဘ၀ကို ပြန်လည်တူးဆွခဲ့သူကတော့ ကိုတိုးပဲ။ ကိုတိုးက ပဲခူးမြို့က ကျမရဲ့အကြောင်း တွေကို ကောင်းကောင်းသိနေတယ်။
ပဲခူးမြို့ အထက်တန်းကျောင်းမှာတုန်းက သူက ကျမထက်အတန်းကြီးတဲ့ ကျောင်းသားကြီးပေါ့။ သူလည်း ဆယ်တန်းကျပြီး မြ၀တီမြို့ကို ရောက်လာတာ။ တရပ်ကွက်ထဲမို့ သူက ကျမအကြောင်းတွေကို သိနေခဲ့တယ်။
နောက်တော့ ကျမကို သနားတယ်လို့ ပြောပြီး လက်ထပ်ဖို့ တောင်းဆိုခဲ့တယ်။ ဒီလိုနဲ့ပဲ နေပူပူ ကွင်းထီးထီးထဲက ကျမ သစ်ပင်ရဲ့ဘေးမှာ ကိုတိုးဆိုတဲ့ သစ်ပင်တပင် ၀င်ရောက်နေရာယူလာတယ်။ သူနဲ့ကျမနှစ်ယောက် တဘ၀ စခဲ့ကြတယ်။ ချမ်းမြေ့ သာယာတဲ့ မိသားစုဘ၀ တည်ဆောက်ကြဖို့လည်း ကျမတို့ ရည်ရွယ်ခဲ့တယ်။ ဆင်းရဲတာကလွဲလို့ အပြန်အလှန် နားလည်မှုတွေနဲ့ ကျမတို့ဘ၀ သာယာချမ်းမြေ့ခဲ့ပါတယ်။
တနှစ်လောက်ကြာတော့ ကျမတို့မှာ သားလေးတယောက်ရလာတယ်။ ကျမတို့မှာ နောက်ထပ် သစ်ပင်လေးတပင် တိုးလာ ခဲ့ပြီလေ။ ကျမတို့ သစ်ပင်သုံးပင် ဖြစ်သွားပြီ။
မကြာပါဘူး။ ကျမတို့ သစ်ပင်တွေကို မုန်တိုင်းတွေ ဆင်လာတယ်။ ကိုတိုးက မြ၀တီကမ်းနားမှာ ကုန်တင်ကုန်ချလုပ်တယ်။ အိမ်ကို အ၀င်အထွက်ရှိတဲ့ ကိုတိုးသူငယ်ချင်းက ဒီအလုပ်ကို ပင်ပန်းတယ်။ ၀င်ငွေလည်း ပုံမှန်မရှိဘူးဆိုပြီး သူနဲ့အတူ ဘန်ကောက်မှာ အလုပ်လုပ်ဖို့ ခေါ်တယ်။ ကိုတိုးက တော်တော်လေး စိတ်ထက်သန်တယ်။ ကျမက မသွားစေချင်ဘူး။ နောက်ဆုံးတော့လည်း မိသားစုဘ၀ရှေ့ရေးကို တွေးပြီး ကျမလည်း မတားသာတော့ဘူး။
ဒီလိုနဲ့ ကိုတိုး ဘန်ကောက်ရောက်တယ်ပေါ့။ ဘန်ကောက်မှာ သူ အလုပ်လုပ်ရတာ အဆင်ပြေပါတယ်။ ကျမတို့ မိသားစုကိုလည်း တလတခါ ငွေ မှန်မှန်ပို့တယ်။ ဖုန်းနဲ့လည်း မှန်မှန်ဆက်သွယ်တယ်။ ၂ နှစ်လောက်ကြာတော့ ကျမလက်ထဲမှာ ငွေအနည်းငယ် စုမိလာတယ်။ အဲဒီငွေလေးကို တိုးပွားအောင် ကျမက အိမ်နီးနားချင်းတွေကို ငွေတိုးချေးတယ်။
သိပ်မကြာပါဘူး။ ကိုတိုးသတင်းတွေ ကျမစပြီး ကြားရတယ်။ ကိုတိုး ဘန်ကောက်မှာ မိန်းမသစ်တယောက် ရနေသလိုလို၊ ထိုင်းအမျိုးသမီးတဦးနဲ့ ရှုပ်နေသလိုလို။ ဖုန်းဆက်ပြီး သူ့ကို ကျမမေးတော့ မဟုတ်ပါဘူးလို့ပဲ သူ ငြင်းခဲ့တယ်။ သူ အဲ့သလိုမဟုတ်ဘူးဆိုရင် ကျမတို့ မိသားစုဆီကို ပြန်လာပါလို့ ကျမက မှာတော့ သူ ပြန်တော့လာပါတယ်။ ဒါပေမယ့် မကြာဘူး။ သူ ဘန်ကောက်ကို ပြန်သွားတယ်။ ကျမ အတန်တန်တားတဲ့ကြားက သူ ပြန်သွားတာပါ။ ဒီအတွက်လည်း ကျမနဲ့သူ အကြီးအကျယ် စကားများကြတယ်။
သူ ကျမတို့သားအမိဘ၀ထဲက အပြီးအပိုင် ထွက်သွားပြီလား။ ကျမ သူ့ကို ဖုန်းတွေ အကြိမ်ကြိမ်ဆက်၊ စာတွေ အခါခါ ရေးပေမယ့် သူ့ဆီက ဘာမှ အကြောင်းမပြန်ဘူး။ သူ ကျမတို့သားအမိကို တကယ်ပဲ ထားသွားခဲ့ပြီလား။ ကျမ ရင်တွေ ပူလောင်ခဲ့ရတယ်။
ကျမအပေါ်ကို အပူတွေက တပူပြီးတပူ ဆင့်လာတယ်။ ကျမမှာ ကိုယ်ဝန်ရှိနေပြီ။ ကျမ အိပ်ခ်ျအိုင်ဗီပိုး ရှိနေပြီ။ ကျမ တော်တော်လေးကို ချောက်ချားခဲ့ရတယ်။ လူမမယ် သားလေးတယောက်နဲ့။ ဗိုက်တလုံးနဲ့။ ကုမရတဲ့ ရောဂါဆိုးကြီးနဲ့။
ပတ်ဝန်းကျင်ရဲ့ အထင်သေးတဲ့အကြည့်တွေ၊ မသင်္ကာတဲ့ မျက်လုံးတွေ၊ ပြစ်တင်ရှုတ်ချတဲ့ အပြောတွေကြားမှာ မလူးသာ မလိမ့်သာဖြစ်ခဲ့ရတယ်။ ကျမရဲ့ ကိုယ်ဝန်ဟာလည်း ရင့်လာသလို ကျမရဲ့ ညတွေဟာလည်း ပိုပိုပြီး မှောင်လာပါတယ်။
ကျမလေ အိပ်ဆေးတဗူးနဲ့ ကိုယ့်ဘ၀ကိုယ် အဆုံးစီရင်ဖို့အထိ ကြံစည်ခဲ့သေးတယ်။ အရွယ်မရောက်သေးတဲ့ အပြစ်မဲ့ သားလေးရယ်၊ သားသားလား သမီးလား မသိနိုင်သေးတဲ့ ကျမဗိုက်ထဲက ရင်သွေးလေးရယ်။ ပြီးတော့ အဖန်ငါးရာ ငါးကမ္ဘာ သံသရာဝဋ်ကြွေးရယ်။ အားရပါးရ ငိုကြွေးရုံကလွဲလို့ ကျမ ဘာများတတ်နိုင်ဦးမှာလဲ။
နေပူပူ ကွင်းထီးထီးထဲက ကျမဘ၀ သစ်ပင်ကို ရစရာမရှိအောင် သူ ချေမွဖျက်ဆီးခဲ့တယ်။
ကျမ သူ့ကို မုန်းတယ်။
ကျမ သူ့ကို စိတ်နာတယ်။
ကျမ သူ့ကို နာကျည်းတယ်။
ကျမကို သနားပါတယ်လို့ပြောပြီး ဒဏ်ရာပေါင်းများစွာနဲ့ သူထားသွားခဲ့တယ်။
ကျမ သူ့ကို နာနာကြည်းကြည်း မုန်းတီးမိပါတယ်။
ကျမ ဘ၀ထဲမှာ ကိုတိုးဆိုတဲ့ သစ်ပင်ကြီးတပင် သေဆုံးသွားခဲ့ပါပြီ။ ဒါပေမယ့် နေပူပူ ကွင်းထီးထီးကြီးထဲမှာ ကျမဆိုတဲ့ သစ်ပင်ကြီးတပင်ကတော့ ရှင်သန်နေဆဲပါ။
ကျမ သားလေးအတွက်၊ ကျမ ဗိုက်ထဲက ရင်သွေးလေးအတွက်၊ ကျမ ရှင်သန်နေရမယ်။
ကျမဆိုတဲ့
သစ်ပင်ကြီးတပင် ရှင်သန်နေခြင်းဟာ
သတ္တိရှိစွာ ရှင်သန်နေခြင်း
ရဲရင့်စွာ ရှင်သန်နေခြင်း
အဓိပ္ပါယ်ရှိစွာရှင်သန်နေခြင်းပါ။ ။ [Top] |