#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ဝတ္ထုတို
အကြောင်းမူကား ...
မေတ္တာသည် သေခြင်းနှင့် အမျှတန်ဖိုးကြီးပါ၏

မေငြိမ်း

(၁)

ဆီဒိုးနားဟိုတယ် စားသောက်ဆိုင်ခန်းမထဲက မျက်လုံးနဲ့ မြို့ထဲလမ်းမပေါ်က ကဖေးတေးရီးယားဆိုင်ခန်းထဲက မျက်လုံးမတူနိုင်ပါ။ အဲသလိုပဲ အအေးခန်း ကော်ဖီဆိုင်ထဲက မျက်လုံးနဲ့ လမ်းဘေးလက်ဘက်ရည်ဆိုင်ထဲက မျက်လုံးတွေလဲ မတူနိုင်ပါ။ အနည်းဆုံး အခြေခံရေညီမျဉ်းချင်းတော့ ကွာလိမ့်မည်။ ဒါဟာ ... ဖြစ်ရိုးဖြစ်စဉ်၊ ရေမြေသဘာဝနဲ့ အချိန်ကာလအကွာအဝေးကြားမှာ ဘ၀ခံစားချက်တွေ အရောင်အမျိုးမျိုး ပြောင်းသွားနိုင် တာလည်း ဒါ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ လူတွေမှာ ကိုယ်ချင်းစာတတ်ဖို့ တခုတည်း လိုတာပါ။ အဲသလောက်ဆိုရင်ပဲ ကမ္ဘာဟာ တော်တော်ငြိမ်းချမ်းပြီ။

(၂)

စာရေးဆရာမတယောက် ... သူ့လက်ချောင်းလေးတွေ သိပ်လှသည်။ သူရေးသမျှ စကားလုံးတွေ အတွေးတွေကလဲ လူ့လက်ချောင်းလေးတွေလိုပဲ ...။ ဒါပေမယ့် အဲဒီအလှက ထမင်းမ၀ပါ။ ခေတ်ကိုက အလှအပကို မခံစားနိုင်ကြရှာတဲ့ခေတ် ...။ ခေတ်ကြီးက သတင်းတွေကိုပဲ ဆာလောင်မွတ်သိပ်သည်။ ဘ၀ ဘ၀ချင်းတွေရဲ့ တကယ့်အဖြစ်အပျက်ကို ဆာလောင် မွတ်သိပ်သည်။ နင်းပြားဘ၀ကနေ ကျော်လွှား အောင်မြင်သွားသူတွေရဲ့ လမ်းတွေကို စိတ်ကူးယဉ် မျှော်လင့်ကြည့်ချင် သည်။ စာရေးဆရာမကကျတော့ ခေတ်ကြီးရဲ့ နာကျဉ်မှုကိုပဲ ခံစားတာ ...။ ရသအနေနဲ့ လှပေမယ့် တကယ့်ဘ၀ထဲမှာ မလှနိုင်တာတွေကိုပဲ ခြယ်မှုန်းချင်တာ။ စာရေးဆရာအောင်သင်းရဲ့ ချိုတကူးနဲ့ ဂုဏ်ရည်မတူ လိုပေါ့။ ပြီးတော့ ... စာရေးဆရာဆိုတာ ခေတ်ရဲ့လိုအပ်ချက်ကို ဖြည့်စွက်ဖို့ တာဝန်ရှိသူလို့တော့ သူမ ယုံသည်။ ပြီးတော့ ... တကယ့်လက်တွေ့ ဘ၀ရဲ့ လိုအပ်ချက်အတွက် ...။ ဒါနဲ့ပဲ အဲဒီစာရေးဆရာမလေးဟာ သတင်းတွေ၊ မျက်မြင်သက်သေ အထင်အရှားရှိတဲ့ ဘ၀ ဘ၀တွေနောက်ကို မုဆိုးလို လိုက်တတ်ခဲ့ပြီ။ ဟုတ်ပါတယ် ... သူမ စာရေးစားတာပါ။ စာရေးဖို့ စားတာပါ။ စားဖို့ စာရေးတာ ဆိုရင်လဲ သူက စာရေးဆရာတယောက်ရဲ့ ဂုဏ်သိက္ခာကိုတော့ ဖြောင့်ဖြောင့်မတ်မတ် ဖက်တွယ်ထားသူသာ ဖြစ်တယ်။ သူဟာ စာရေးဆရာပါ ...။ ဘယ်သူ့ကိုမှ ... ဘာအတွက်နဲ့မှ ... လက်နက်ချရန် မလိုသူ။

(၃)

ပန်းချီဆရာမတယောက် ...။ စာရေးဆရာအတွက် စက္ကူနဲ့ မင်တံက လွယ်သလောက် ပန်းချီဆရာရဲ့ မီဒီယံကတော့ တန်ဖိုးများလေသည်။ ပန်းချီဆရာမလေးဟာ ထမင်းစားဖို့အတွက် ကလေးတွေကို စာသင်တဲ့အလုပ် လုပ်သည်။ စာသင်ခ နဲ့ပဲ ပန်းချီရေးသည်။ ပြီးတော့ သူ့ပန်းချီတွေကို ဈေးလျှော့  မရောင်းနိုင်ပါဘူးလို့ ပြောတတ်သည်။ သူ့နှလုံးသားထဲမှာ ပန်းချီဟာ တန်ဖိုးကြီးလှတဲ့ သူ့ရဲ့ဝိညာဉ်ပွားပါပဲ။ သူက ကလေးတွေကို စာသင်တာဟာ ပန်းပုရုပ်လေးတွေ လုပ်နေတာ ပါတဲ့။ ဘာဖြစ်ဖြစ် အရေးကြီးတာက စိတ်ကူးယဉ်ဆန်ပေမယ့် သူဟာ လောကကို အလှဆင်သူ။ လောကအတွက် တာဝန် ကျေသူ ...။ (ကလေးတွေအတွက် တာဝန်ကျေခြင်းဟာ လောကအတွက် တာဝန်ကျေခြင်းပဲဖြစ်သည်)။ သူ့သူငယ်ချင်း စာရေးဆရာမလေးကို အနုပညာဈေး လျှော့ပေးရလေတယ်လို့ သနားပြီး ဖေးမအားပေးခဲ့သူ ...။ အဲဒီအခါ သူတို့နှစ်ယောက် လမ်းဘေးက လဘက်ရည်ဆိုင်လေးမှာ ခဏခဏ အတူထိုင်ဖြစ်ကြသည်။ ပြီးတော့ လောကပေါ် ကိုယ်ချင်းစာခံစားတဲ့ စားပွဲခုံယိုင်နဲ့နဲ့လေးမှာ မျက်နှာချင်းဆိုင်ထိုင်ရင်း ... တစုံတရာကို နှစ်ယောက်အတူ အဖြေရှာကြပါသည်။

(၄)

အဲဒီ စာရေးဆရာမနဲ့ ပန်းချီဆရာမလေး လဘက်ရည်ဆိုင်ထိုင်နေတုန်း `တခါတလေ´တွေ ခပ်များများမှာ ... လက်ပွေ့အိတ်ကြီးကြီးနှင့် ဟန်းဖုန်းကိုကိုင်ပြီး မှန်လုံဆလွန်းကားထဲက ဆင်းဆင်းလာတတ်တဲ့ နောက်ထပ်တယောက် ကတော့ စာရေးဆရာမနဲ့ ပန်းချီဆရာမကို လဘက်ရည်ဆိုင်ထဲကနေ ခေါ်ခေါ်ထုတ်သွားတတ်သည်။ အဲဒီတယောက်ရဲ့ မျက်လုံးတွေက လှိုက်လှိုက်လှဲလှဲ ပူပူနွေးနွေးရှိ၏။ သူတို့ သုံးယောက်က သူငယ်ချင်းတွေပေါ့။ စီးပွားရေးလုပ်ငန်းမှာ ကျွမ်းကျင်တဲ့ သူငယ်ချင်းမကို စာရေးဆရာမနဲ့ ပန်းချီဆရာမက ချစ်စနိုးနဲ့ သူဌေးမလို့ ခေါ်တတ်သည်။ အဲဒီဝေါဟာရက သူတို့အကြားမှာတော့ ဘာမှအရေးမကြီးတဲ့ နာမည်တမျိုးသာဖြစ်သည်။ သူတို့သုံးယောက်အတူတူ အအေးခန်း ကော်ဖီဆိုင် တခုမှာသွားထိုင် ...။ ဘ၀တွေအကြောင်း အပြန်အလှန်ပြော ... ခေတ်အကြောင်းပြော ...။ သူဌေးမက ပြောတတ်သေး သည်။ ဘ၀ထဲမှာ မကောက်ကျစ်ဖို့ မရိုးမသားမလုပ်ဖို့နဲ့ မှားတဲ့ဘက်က မရပ်ဘဲ နေနိုင်ဖို့ပဲ အရေးကြီးတယ်ဆိုပဲ။ အဲဒီအခါ စာရေးဆရာမနဲ့ ပန်းချီဆရာမက မျက်ရည်ကြည်တွေလဲ့နေတဲ့ မျက်လုံးတွေနဲ့ သူဌေးမကို ကြည့်တတ်ကြသည်။ ဒါဟာပဲ အဲဒီသူငယ်ချင်းသုံးယောက်ရဲ့ ဆုံမှတ်လည်း ဖြစ်သည်။

(၅)

သူဌေးမက `ဘ၀မှာ ပိုက်ဆံရှိဖို့က တော်တော်တော့ အရေးကြီးတယ်။ အဲလိုပဲ လူတယောက်ရဲ့ ပကတိတန်ဖိုးကလဲ အရေးကြီးတာပဲ။ ဘာကိုရွေးသလဲဆိုတာအပေါ် မူတည်ပြီး လူတန်းစားကွဲသွားတာလို့ ကျမက သတ်မှတ်တယ် ...´လို့ ပြောတတ်တဲ့သူဌေးမဖြစ်သည်။ `ကျမက ရိုးရိုးပဲ၊ ပိုက်ဆံရဲ့တန်ဖိုးကို ရွေးချယ်တယ်၊ ရှင်တို့က ဂုဏ်သိက္ခာရဲ့တန်ဖိုးကို ရွေးချယ်တယ်။ ရှင်တို့က လောကအတွက် ရှင်တို့ရဲ့ စေတနာကို ဖြန့်ဝေနိုင်တယ်။ ကျမကတော့ ရှင်တို့လိုလူတွေအတွက် လိုအပ်မယ်ထင်တာတွေကိုပဲ ဖြည့်ပေးနိုင်တယ်´လို့လဲ အားမလို အားမရပြောတတ်သည်။ ပြီးတော့ ပန်းချီဆရာမနဲ့ စာရေးဆရာမရဲ့ ဘ၀ထဲ လိုတဲ့ ရုပ်ဝတ္ထုတွေကို သူက မကြာခဏဖြည့်ပေးတတ်သည်။ အဲဒီအခါ စာရေးဆရာမကတော့ ... `ရှင်ပေးနေတာ ပစ္စည်းတွေမဟုတ်ပါဘူး ... သူဌေးမရဲ့ ... စေတနာတွေပါ ...´လို့ ပြန်ပြောတတ်သည်။ ပန်းချီဆရာမ ကတော့ .. `ဘာမှမပေးလဲ နေပါကွာ .. မင်း ငါတို့နဲ့အတူလာစကားပြောတာ အားလုံးပြည့်စုံပါပြီ ...´တဲ့။ ဒါနဲ့ပဲ သူတို့ သုံးယောက် ဘ၀က ငြိမ်းချမ်းစွာစွဲမြဲခဲ့၏။

(၆)

သူတို့ မကြာခဏ ငြင်းခုန် ... တခါတခါ စိတ်တိုရန်ဖြစ်၊ အယူအဆတွေ တိုက်ကြ။ တယောက်ယောက်က `ဟေ့ ... ငြင်းနေလို့ ဘာမှဖြစ်မလာဘူး ... အင်အားပြုန်းတီးတယ်´လို့ သတိပေးလိုက်ရင် ရယ်မောသတိရကြပြီး လက်ချင်းပြန်တွဲ ကြရ၊ ကော်ဖီဆိုင်ဆီ သွားကြတာပါပဲ။ တကယ်လဲ သူတို့အတွက် အလူးအလဲခံသတ်စရာ လောကဓံရန်သူက အနီးဆုံးမှာ အ၀ိုင်းခံနေရတာပဲ ။ သူတို့အပေါ်မှာ အုပ်မိုးထားတဲ့ကောင်းကင်က လေးလံဖိစီးလွန်းတာကို သူတို့ အမြဲရင်ဆိုင်နေရ တာလေ။ ဒါကို သူတို့ကောင်းကောင်း သဘောပေါက်ကြ၏။ အဲဒီအခါ အခြေအနေတွေဝေးလဲ သူတို့နှလုံးသားချင်းတွေ နီးနိုင်ခဲ့ကြပါသည်။

(၇)

တကယ်တော့ လူ့ဘ၀မှာ အရေးကြီးဆုံးက ကိုယ်ချင်းစာတတ်ဖို့ပါပဲ။ ကိုယ်ချင်းစာနာမှပဲ စစ်ပွဲတွေ အဆုံးသတ်မှာ ...။ ကိုယ်ချင်းစာနာမှပဲ အာဏာဟာ သေနတ်ပြောင်းဝမှာပဲရှိတယ်ဆိုတဲ့စကား ပွဲသိမ်းမှာ ...။ ကိုယ်ချင်းစာနာမှပဲ ပြစ်တင် ပုတ်ခတ်ဆဲဆိုသံတွေ ဆိတ်သုဉ်းမှာ ...။ ကိုယ်ချင်းစာနာကြမှပဲ မလွတ်မြောက်ကြသူချင်း လက်မြဲမြဲတွဲနိုင်မှာ …။ ၀မ်းဝနေတဲ့သူတွေက အငတ်ဘေးဆိုက်နေသူတွေကို ကိုယ်ချင်းမစာသရွေ့၊ လောကသားအချင်းချင်း သူတပါး နှလုံးသားနာကျင်နေတာကို ကိုယ်ချင်းမစာ ... မငဲ့ညှာကြသေးသရွေ့တော့ ... ကောင်းကင်ထက်မှာ ချိုးဖြူငှက်များ
ဝဲပျံနေတာ တွေ့ခွင့်ရဖို့အရေးက ... ဝေးလှပါသေးသည် ...။     ။
[Top]

မေငြိမ်း (ဧပြီ ၂၀၀၆)

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.