အမှတ်တရ
သမိုင်းပါရဂူ ဒေါက်တာသန်းထွန်း
မောင်စွမ်းရည်
သမိုင်းပါရဂူ ဒေါက်တာသန်းထွန်း ကွယ်လွန်သွားတာကို နှမြောတသ ၀မ်းနည်းရကြောင်း အလွမ်းစာတစောင်ကို ဖတ်ကြားလိုက်ချင်ပါတယ်။
မန္တလေးတက္ကသိုလ်က အငြိမ်းစားသမိုင်းပါမောက္ခ၊ ကမ္ဘာကျော်၊ မြန်မာ့သမိုင်း ပညာရှင် ဒေါက်တာသန်းထွန်းဟာ ၂၀၀၅ နိုဝင်ဘာ ၂၉ ရက်နေ့က မန္တလေး အမရပူရမြို့၊ တောင်သမန်အင်းစောင်း ဦးပညာရဲ့ တောင်လေးလုံး ကျောင်းမှာ အမေလူထုဒေါ်အမာ အသက် ၉၀ ပြည့် မွေးနေ့ကို လာရောက်ဆင်နွှဲပြီး နောက် တနေ့ နိုဝင်ဘာ ၃၀ ရက်နေ့ နံနက် ၂ နာရီမှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ရှာ ပါတယ်။
ဆရာ့ဘ၀မှာ ဆရာအလုပ်ချင်ဆုံး အလုပ်တွေကို အများဆုံးလုပ်သွားတဲ့နေရာဟာ မန္တလေးတက္ကသိုလ် နယ်မြေမှာပဲဖြစ်တယ်လို့ ဆိုနိုင်သလို မိတ်ဆွေရင်း၊ တပည့် ရင်း၊ အပေါင်းအသင်းတွေနဲ့ ရယ်ရယ်ပြုံးပြုံး နှလုံးမွေ့လျော်ရာနေရာဟာလဲ တောင်သမန်အင်းစောင်းက တောင်လေးလုံးကျောင်းပဲဖြစ်တယ်လို့ ကျွန်တော်တို့ ရဲရဲဆိုဝံ့ပါတယ်။
ဆရာအသက်ရှင်နေသေးရင် အလုပ်တွေအများကြီး ဆက်လုပ်နေဦးမှာ မုချ မလွဲဖြစ်လို့ ခုလို ဆရာအသေစောတာကို ကျွန်တော်တို့တတွေဟာ ဆရာ့မိသားစုနဲ့ ထပ်တူထပ်မျှ ၀မ်းနည်းရပေမယ့် ဆရာမွေ့လျော်ရာနေရာကို ဆရာကိုယ်တိုင်ရွေးချယ် ကွယ်လွန်ခဲ့တာကြောင့် ဖြေမယ်ဆို ဖြေသာသေးရဲ့လို့ ကျွန်တော်တို့ ပြောတာကို တမလွန်ဘ၀ ဆရာကြားနိုင်မယ်ဆိုရင် ခေါင်းမာတယ်၊ အသည်းမာတယ်လို့ ကျော်ကြားတဲ့ ဆရာဟာ ခါတိုင်းလိုပြုံးပြီး ခေါင်းတညိတ်ညိတ်လုပ်နေမှာ သေချာပါတယ်။
မန္တလေးမှာ ကျွန်တော်တို့တတွေ စာပေလုပ်ငန်းတွေလုပ်ကြ၊ ရေးကြ ချွတ်ကြ၊ ပြောကြ ဟောကြနဲ့ အားတက်သရော ဖြစ်နေကြချိန်မှာ ကျွန်တော်တို့ရှေ့က မားမားမတ်မတ်ရပ်တည်ပေးခဲ့သူ၊ ရဲဘော်ရဲဘက်သဖွယ်၊ ငယ်ပေါင်းကြီးဖော် တွေပမာ၊ ညီအကိုရင်းချာတွေလို ချစ်ခင်စည်းလုံးလှတဲ့ ရဲသုံးဖော်ကတော့ လူထုဦးလှ၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဦးကျော်ရင်နဲ့ မန္တလေးတက္ကသိုလ် သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းတို့ပဲ ဖြစ်ပါတယ်။
ဆရာကြီးသုံးဦးနဲ့အတူ ကျောက်ထီးတန္တု၊ အားကိုးဖွယ်ပြုရသူများကတော့ ဆရာကြီးရွှေပြည် ဦးဘတင်၊ ဆရာတော် ရွှေကိုင်းသားနဲ့ အမေလူထုဒေါ်အမာတို့ ဖြစ်ပါတယ်။ ခုအခါ အမေလူထုဒေါ်အမာကလွဲရင် ကျွန်တော်တို့အားထားရာ ဆရာ့ဆရာကြီးများဟာ တဦးပြီးတဦး လွယ်လွန်ကြရှာပါပြီ။ အဝေးရောက် တပည့်ကဗျာဆရာတင်မိုးက ဆရာသန်းထွန်း ကွယ်လွန်သွားတဲ့အခါမှာ ...
မိုးကောင်းကင်က ကြယ်တာရာတွေ
တပွင့်ပြီး တပွင့်ကြွေ
ကြွေလေသမျှ အစားထိုးလို့မရ
နှမြောကြေကွဲမိ တသသ … စဖြင့် စာဖွဲ့ခဲ့ပါတယ်။
ကျွန်တော်တို့အားလုံး နှမြောကြေကွဲ ၀မ်းနည်းမဆုံး ယူကျုံးမရ ဖြစ်ကြရပါတယ်။
ဆရာသန်းထွန်းဟာ မန္တလေးဇာတိမဟုတ်ပါဘူး။ ဆရာ့ကို ဧရာဝတီတိုင်း၊ ငသိုင်းချောင်း ဒေါင့်ကြီးရွာမှာ ဦးဖိုးတွေ၊ ဒေါ်သင်တို့က ၁၉၂၃၊ ဧပြီ ၆ ရက်မှာ မွေးဖွားခဲ့ပါတယ်။ ဆရာဟာ ငယ်စဉ်က နိုင်ငံရေးလုပ်ခဲ့သူ ဖြစ်ပါတယ်။ ငသိုင်းချောင်းမြို့နယ် ဖဆပလဥက္ကဌ၊ စစ်ပြီးစ ရန်ကုန်တက္ကသိုလ် ကျောင်းသားခေါင်းဆောင်၊ ဗကသဥက္ကဌ။ ဗမာပြည် ကွန်မြူနစ်ပါတီ တောခိုချိန်အထိ ကွန်မြူနစ်ပါတီခေါင်းဆောင် စသဖြင့် တာဝန်တွေ ယူခဲ့ပါတယ်။ သည့်နောက် စာဖတ်၊ စာရေး၊ သုတေသနအလုပ်တွေကို မနားတမ်းလုပ်ခဲ့ရာမှာ အသက် ၈၃ နှစ်အရွယ် ဆရာကွယ်လွန်ချိန်အထိ တနေ့ ၁၄ နာရီမျှ နေ့စဉ် အလုပ်လုပ်ခဲ့ပါတယ်။ ဗမာပြည်က ပညာရှင် လောကမှာ စာအဖတ်ဆုံးနဲ့ သုတေသနအလုပ်ဆုံးဖြစ်လို့ ဆရာ့တပည့်တွေက ဆရာ့တပည့်ဖြစ်ရတာကို အထူးဂုဏ်ယူကြပါတယ်။
ပညာရှင်အနေနဲ့ ထမ်းဆောင်ခဲ့တဲ့ တာဝန်တွေကတော့ ဗိုလ်နေ၀င်း ပိတ်ဆို့ရပ်ဆိုင်းပစ်ခဲ့တဲ့ မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ် (JBRS- Journal of Burma Research Society) အယ်ဒီတာ၊ ရှေးဟောင်းသုတေသန အသင်းတည် ထောင်သူ၊ မန္တလေးတက္ကသိုလ် သမိုင်းပါမောက္ခ၊ ဂျပန်၊ အင်္ဂလန်၊ အမေရိကန် တက္ကသိုလ်ကြီးတွေမှာ သမိုင်းဌာနများရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခ စသဖြင့် ဖြစ်တဲ့အပြင် အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းရဲ့ ထာဝရ နာယကကြီးလည်း ဖြစ်ပါတယ်။
ဆရာဟာ စာမျိုးစုံဖတ်ရင်း တချို့ဝတ္ထုတွေကို ဘာသာပြန်လေ့ကျင့်ခန်းအဖြစ် အစအဆုံး ဘာသာပြန်ခဲ့တာတွေ အများ ကြီးရှိပါတယ်။ သုတေသနပြုပြီး မြန်မာလိုရေးခဲ့သမျှကိုလည်း ကိုယ်တိုင်ရေးတဲ့ စာတွေပါမက တပည့်တွေနဲ့ လုပ်ဖော် ကိုင်ဖက်တွေရေးတဲ့ စာတွေကိုလည်း အင်္ဂလိပ်လို ဘာသာပြန်ခဲ့ပါတယ်။ ရေးသား ထုတ်ဝေထားတဲ့ စာအုပ်တွေလဲ အများကြီးရှိတဲ့အပြင် `ကွန်သာယာ´ စာအုပ်တိုက်အမည်နဲ့ ကိုယ်တိုင် ဆက်လက်ထုတ်ဝေမယ့် စာအုပ်တွေလဲ အများကြီး ရှိပါတယ်။ ကွန်သာယာဆိုတာ ပုဂံခေတ်ကျောက်စာထဲက စာလုံးပါ။ သာသာယာယာကွန်းခိုစရာ အိမ်သာယာလို့ အဓိပ္ပာယ် ရပါတယ်။ မန္တလေးတက္ကသိုလ်မှာ ဆရာနေတဲ့ အိမ်ကို ကွန်သာယာလို့ စာတန်းရေးထားတာကို စစ်ထောက်လှမ်းရေးက ကွန်မြူနစ်ရိပ်သာလို့ အဓိပ္ပာယ် ကောက်ပြီး အထူးထောက်လှမ်း စုံစမ်းတာကို ခံခဲ့ရဖူးပါတယ်။
ဆရာက ဘွဲ့လက်မှတ်ရတယ်ဆိုတာ သူသင်ယူမှတ်ထားခဲ့တဲ့ စာပေတွေ၊ အသိပညာတွေကို အခြေခံပြီး ရှေ့ကိုအလုပ် ဆက်လုပ်ဖို့ဖြစ်တယ်လို့ ယူဆပါတယ်။ တက္ကသိုလ်ဆရာတွေဟာ သက်ဆိုင်ရာဘာသာရပ်တွေမှာ သုတေသနလုပ်ပြီး ကျောင်းသားတွေကို သင်ကြားပို့ချပေးရမယ်လို့ ပြောလေ့ရှိပါတယ်။ ခုခေတ်မှာ ပါမောက္ခ တွေဟာ ဒရ၀မ်ဂိတ်စောင့်ပဲ လုပ်နေကြရလို့၊ ပညာရေးတိုးတက်မှာ မဟုတ်ဘူးလို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။
ဆရာဟာ မှန်တာလုပ် ဟုတ်တာပြောလေ့ရှိသူအဖြစ်လည်း ထင်ရှားပါတယ်။ မင်းလိုလိုက် မင်းကြိုက် လုပ်လေ့မရှိတဲ့ ပညာရှင်ပီသသူ၊ ယောမင်းကြီးလို ပုဂ္ဂိုလ်မျိုးလည်း ဖြစ်ပါတယ်။ သာဓကအဖြစ် တခုလောက် ပြောရရင် ဗိုလ်ခင်ညွန့် တယောက် ဆင်ဖြူတကောင်ကောက်ရလို့ အထူးဝမ်းမြောက်နေတဲ့အခါ တချို့ သမိုင်းပညာရှင် တွေက ဝေဿန္တရာ မင်းကြီးရဲ့ ပစ္စယဆင်ဖြူတော်ကစပြီး မြန်မာမင်း အဆက်ဆက်မှာ ဆင်ဖြူရှင်ဘွဲ့ခံခဲ့တဲ့ ဘုရင်တွေနဲ့ ဆင်ဖြူတွေရဲ့ အကြောင်းတွေကို ဖော်ထုတ်ဂုဏ်တင်ရေးသား တင်ဆက်ခဲ့ကြပါတယ်။ ဆရာ့ကိုမေးတော့ ဆင်ဖြူဖြစ်ဖြစ် ဆင်မည်းဖြစ်ဖြစ် ဆင်ဟာ တိရစ္ဆာန်၊ တိရစ္ဆာန်ကို လူက ရှိမခိုးအပ်ဘူး လို့ ဘွင်းဘွင်းကြီး ပြောချလိုက်ပါတယ်။ ဆရာအငြိမ်းစားယူပြီး ဆက်လုပ်နေတာက သူ့တပည့် ဒေါ်နီနီမြင့် ညွှန်ချုပ်အဖြစ် အုပ်ချုပ်တဲ့တက္ကသိုလ် သမိုင်းသုတေသနဌာနမှာ ဖြစ်ပါတယ်။ ဒေါ်နီနီမြင့်ဆိုတာ အများသိကြတဲ့အတိုင်း ဗိုလ်ချုပ်နေ၀င်းရဲ့ ဇနီးတဦး ဖြစ်လို့ ဗိုလ်ချုပ်ကတော်၊ သမ္မတကြီးကတော် ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် အမရဆောင်ရဲ့ အထက်ဆုံး လေးထပ်ရဲ့ အရှေ့ဦးဖျားအခန်းမှာ သူ့တခန်းမှာပဲ ကော်ဇော ခင်းပြီး လေအေးစက်တပ်နေပါတယ်။ တနေ့တော့ မြေညီထပ်မှာနေတဲ့ သူ့ဆရာဒေါက်တာသန်းထွန်းကို ငါတွေ့ချင်တယ်၊ ငါ့ဆီခေါ်ခဲ့လို့ သူ့တပည့် ဆရာမလေး တဦးကို အခေါ်လွှတ်လိုက်ပါတယ်။ ဆရာက ဘာပြောတယ်မှတ်သလဲ။ ငါ့နေရာ သူသိသားပဲ၊ သူတွေ့ချင်ရင် ငါ့ဆီလာပေါ့လို့ ပြောလွှတ်လိုက်ပါတယ်။ ဆရာက ဒီလိုပုဂ္ဂိုလ်မျိုးပါ။ အဲသလို မာကြောတဲ့ ပုဂ္ဂိုလ်ဖြစ်ပေမယ့် သူ့ကို ညီအရင်းလို ချင်ခင်အားပေးစောင့်ရှောက်တဲ့ လူထုဦးလှအကြောင်းကို ပြောကြပြီလားဆိုရင် အမေ လူထုဒေါ်အမာရဲ့ အရင် ဦးအောင် မျက်ရည်မထိန်းနိုင်သူဟာ ဆရာသန်းထွန်းပဲ ဖြစ်ပါတယ်။
ဆရာဟာ တောင်သမန်အင်းစောင်းမှာ လူထုဦးလှအထိမ်းအမှတ် မယ်ဇယ်ပင်နဲ့ သူ့ရဲဘော် မန္တလေးတက္ကသိုလ်ကျောင်းသား သမဂ္ဂဌက္ကဌ ကိုစောလွင်အတွက် အထိမ်းအမှတ် မယ်ဇယ်ပင်တပင်စီ စိုက်ခဲ့ပါတယ်။ ဆရာ့ရဲ့ ဘ၀နောက်ဆုံးအချိန်မှာ ဆရာ ဒီမယ်ဇယ်ပင်တန်းရဲ့ ငြိမ်းချမ်းမြေမှာ အမေလူထုဒေါ်အမာကို ဂုဏ်ပြုစကား ပြောကြားရင်း ချိုးငှက်များကိုလွှတ်ပြီး ငြိမ်းချမ်းရေးဆန္ဒကို ဖော်ထုတ်ခဲ့ပါတယ်။ တောင်လေးလုံးနယ်မြေမှာ သန်းထွန်းမယ်ဇယ်ပင်ဆိုတဲ့အမည်မျိုး ကမ္ဗည်းထိုးပြီး ဦးပညာ၊ အမေလူထုဒေါ်အမာ၊ ဆရာကတော် မမရီတို့နဲ့ တပည့်သားမြေးတွေက မယ်ဇယ်ပင်အသစ်တပင် စိုက်ကြမယ် ထင်ပါတယ်။ ဆရာလွှတ်ခဲ့တဲ့ ချိုးငှက်ကလေး တွေဟာ ဆရာစိုက်ခဲ့တဲ့ မယ်ဇယ်ပင်၊ မယ်ဇယ်ပင်ကိုင်းတို့မှာ ငြိမ်းငြိမ်း ချမ်းချမ်း ဘေးမသန်းဘဲ စံမြန်းပျံသန်းနိုင် ကြပါစေသတည်း။ ။ [Top] |