အမှတ်တရ
မရဏလမ်းမှ အသက်တချောင်း
ကလိုစေးထူး
ပေါ်တာ အထမ်းသမား အတွေ့အကြုံကိုတင်ပြစဉ်က ခြောက်ရက်တာ လမ်းခရီးက ထိတ်လန့်ဖွယ်၊ စက်ဆုပ်ဖွယ်၊ ခါးသီး ဖွယ်ရာ ဖြစ်ရပ်တချို့ဖော်ပြဖို့ ကျန်ရစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဖြစ်ရပ် ဒီဖြစ်စဉ်တွေဟာ အမှန်တကယ် ဖြစ်ခဲ့တာရယ်ကြောင့်နဲ့ တိမ်မြုပ်နေတဲ့ အမှန်တရားတွေ၊ အညှင်းပန်းခံရမှုတွေကို ကျနော် လက်လှမ်းမီသလောက် လက်ဆင့်ကမ်း ပြောပြချင်တဲ့ အတွက် ထပ်မံရေးသားလိုက်ပါတယ်။
ဒီအဖြစ်တွေကို မပြောပြမီမှာ စစ်ဆင်ရေးတခုကို ထွက်ကြမယ့် စစ်တပ်တွေရဲ့ ကျနော်တို့ အရပ်သားတွေ တနည်းအားဖြင့် ပေါ်တာတွေကို စောင့်ကြပ်ကြတဲ့ စနစ်တခုကို ပြောပြချင်ပါတယ်။ ခရီးစတင် ထွက်ကြရတဲ့အခါ အရှေ့ဆုံးကနေသွားကြတဲ့ ပွိုင့်တပ်စိတ်မှာ ပေါ်တာတွေကိုမလိုက်စေရပါဘူး။ အဲဒီ ပွိုင့်တပ်စိတ်က စစ်သားများကိုလည်း သူတို့ရဲ့ ကျောပိုးအိတ်၊ ရိက္ခာ အစရှိတာတွေကို မထမ်းစေပါဘူး။ အဲဒီလိုပဲ ခရီးသွားလူတန်းကြီးရဲ့ နောက်ဆုံးမှာလည်း ပေါ်တာတွေကို မထည့်စေပါဘူး။ စစ်သားတွေချည်းသာ လိုက်စေပါတယ်။ ဆိုလိုတာကတော့ ရှေ့ဆုံးလူ အယောက် ၂၀ နဲ့ နောက်ဆုံးက လူအယောက် ၂၀ လောက်ဟာ စစ်သားတွေချည်းသာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ပေါ်တာတွေကို အလယ်မှာထားပြီး (အဲဒီတုန်းက) ပေါ်တာငါးယောက်ကို စစ်သားတယောက်က စောင့်ကြပ်ကြပါတယ်။
မြန်မာရုပ်ရှင်တွေ ဗီဒီယိုတွေထဲက စစ်ကားတွေထဲမှာတော့ စစ်ဆင်ရေးသွားကြတဲ့အခါ လူတန်းကြီးထဲမှာ ပေါ်တာတွေ တယောက်တလေမှ ပါတာမတွေ့ဖူးသလို ချီတက်ကြတာလည်းစနစ်တကျရှိလှပါတယ်။ ဒါပေမယ့် တကယ့် အပြင်လက်တွေ့ ကျနော်တွေ့ခဲ့ရတာကတော့ ခရီးစထွက်တဲ့အခိုက်မှာသာ လူတွေက စနစ်ကျသလိုလို ရှိပေမယ့် တကယ်တမ်း ခရီးသွားတာ ကြာလာတဲ့အခါမှာတော့ တခါတလေ ရှေ့ကလူတွေနဲ့ နောက်ကလူတွေ အဆက်ပြတ်လိုပြတ်နဲ့ လူပေါင်းရာချီတဲ့ လူတန်း ကြီးဟာ ဟိုတစု ဒီတစုနဲ့ ဖြစ်ကြလွန်းလို့ အရှေ့ကလူတွေက အနောက်မှာ ကျန်ခဲ့တဲ့လူတွေကို မကြာခဏ စောင့်ခေါ်ရလေ့ ရှိပါတယ်။
အစပထမတော့ ကျနော်ဟာ ပေါ်တာဆိုတာကို ပထမဦးဆုံးအကြိမ် နဖူးတွေ့ ဒူးတွေ့ ကြုံတာကလည်းဖြစ်၊ သွားရမယ့် ခရီးက ပန်းခင်းတဲ့လမ်းလည်း မဟုတ်ဆိုတော့ ကျနော့်လောက် ကံဆိုးတဲ့လူ ဒီကမ္ဘာမှာ မရှိတော့ဘူးလို့တောင် ထင်မှတ်ခဲ့ မိပါတယ်။ တကယ်တမ်း ခရီးသွားကြတဲ့အခါမှာတော့ ကျနော့်ထက် ကံဆိုးမိုးမှောင်ကျနေတဲ့ လူပေါင်းများစွာကို သတိထား မိလာရပါတယ်။ စစ်ဆင်ရေးလုပ်ကြမယ့် စစ်တပ်တွေက သူတို့လာရာလမ်းခရီးမှာ တွေ့တဲ့ယောက်ျားတွေကို အခွင့်အရေး ရရင်ရသလို ဖမ်းဆီးခေါ်ဆောင်ခြင်း ခံကြရတဲ့လူတွေပါ။ သူတို့တတွေ ဘာလို့ ကျနော့်ထက် ကံဆိုးကြရပါသလဲ။
ကျနော်တို့တတွေကတော့ လေးရက်တာ လုပ်အားပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ဆိုပြီး အနုနည်းနဲ့ အဖမ်းခံရတဲ့လူတွေ ဖြစ်လို့ပါ။ ပေါ်တာခြင်းအတူတူ ကျနော်တို့က လေးရက်ပြည့်ရင် ဒါမှမဟုတ်လည်း ငါးရက် ခြောက်ရက်ပြီးရင် ပြန်လွတ်ကြ မယ့်လူတွေပါ။ ဟိုလူတွေကတော့ အဲဒီလိုမဟုတ်ပါဘူး။ သူတို့က အဖမ်းဆီးခံကြတာ ဖြစ်တဲ့အတွက် သူတို့ကို ဘယ်တော့ ပြန်လွှတ်ပေးမယ်ဆိုတဲ့ အာမခံချက်ပေးထားတာ မရှိပါဘူး။ အဲဒါကြောင့် စစ်ဆင်ရေးတာဝန် ခြောက်လပြည့်လို့ စစ်သား တွေက နောက်တန်းပြန်တော့မယ်ဆိုရင် နောက်ထပ်ရှေ့တန်းတက်မယ့် တပ်အတွက် အဲဒီလူတွေကို လွှဲပြောင်းပေးလိုက် တဲ့အတွက် အဲဒီလူတွေဟာ နောက်ထပ် စစ်တပ်နဲ့အတူ ၀န်တင်လားတွေသဖွယ် အနိဌာရုံတွေရှိရာကို လိုက်ပါကြရပြန် ရှာပါတယ်။
အသွားခရီးကတော့ ထူးခြားတာသိပ်မများလှပါဘူး။ လူတန်းကြီးက တရုန်းရုန်း။ ဆဲသံဆိုသံ တညံညံနဲ့ပဲ သွားဆိုရင် သွားလိုက်၊ နားဆိုတော့နားလိုက်နဲ့ သူတို့အလိုကျ အောင့်အည်းထမ်းပိုးရင်း သူတို့တွေတပ်ချင်းလဲကြမယ့်ရွာကို လေးရက် အကြာမှာ ရောက်သွားခဲ့ပါတယ်။ ကျနော့်ဘ၀မှာ ဘယ်တော့မှ မမေ့နိုင်မယ့် စက်ဆုပ်ထိတ်လန့်ဖွယ်ရာ ရက်စက်ကြမ်းကြုတ် မှုကို မျက်မြင်တွေ့ခဲ့ရတာတော့ အပြန်ခရီးမှာပါ။
အသွားခရီးမှာ ကျနော်တို့ကို ပေါ်တာအဖြစ် ခိုင်းစေတဲ့စစ်တပ်ဟာ နောက်တန်းကနေ ရှေ့တန်းကို စစ်ဆင်ရေးထွက်တဲ့တပ် ဖြစ်ပြီး အပြန်ခရီးမှာ ခိုင်းစေတဲ့တပ်ကတော့ ရှေ့တန်းကနေ နောက်တန်းကို ပြန်ကြရမယ့် တပ်ဖြစ်ပါတယ်။ အဲဒါကြောင့် ထမ်းပိုးပေးရတဲ့ ပစ္စည်းချင်းအတန်ငယ်ကွဲပြားပါတယ်။ အသွားတုန်းက ထမ်းပိုးရတာတွေက လက်နက်တွေနဲ့ ရိက္ခာတွေသာ ဖြစ်ပေမယ့် အပြန်ခရီးမှာ ထမ်းရတဲ့အထဲမှာတော့ ဒဏ်ရာရနေတဲ့ စစ်သားတွေပါ ပါလာခဲ့ပါတယ်။
ကျနော့်မျက်မြင်အရပြောရရင် အသွားတုန်းက ကျနော်တို့ကို စောင့်ကြပ်တဲ့ စစ်သားတွေထက် အပြန်ခရီးက စစ်သားတွေက ပိုမို ရိုင်းစိုင်း ရင့်သီးကြပါတယ်။ သူတို့နဲ့အတူပါလာတဲ့ ပေါ်တာတွေကလည်း ကျနော်စောစောကပြောသလို ကာလရှည်ကြာ ဖမ်းဆီးခိုင်းစေခြင်းခံရတဲ့သူတွေ ဖြစ်တဲ့အတွက် မေးရိုးကငေါငေါ၊ မျက်တွင်းဟောက်ပက်တွေနဲ့ အင်မတန် ကရုဏာ သက်ဖွယ်ကောင်းလှပါတယ်။ ဒါပေမယ့် ခိုင်းစေတဲ့ စစ်သားတွေကတော့ ဒါဟာ လူသားအချင်းချင်းပါလားဆိုတဲ့ စာနာစိတ် မထားပါဘူး။ ရက်ပေါင်းကြာရှည် အခိုင်းစေခံရလို့ ဆက်မသွားနိုင်ရင် လက်ထဲမှာ အသင့်ဆောင်ထားတဲ့ သစ်ကိုင်းနဲ့ အချက်ပေါင်းများစွာ မထမချင်းရိုက်ပါတယ်။ ပါးစပ်ကလည်း အဆက်မပြတ်ဆဲဆိုပြီး ရိုက်တာပါ။ ဒီလိုနဲ့ ။
အဲဒီတုန်းက ကျနော်တို့လူတစုဟာ ခရီးတန်းရဲ့အရှေ့နဲ့ရော အနောက်နဲ့ပါ အဆက်ပြတ်နေခဲ့ပါတယ်။ လူတစုဆိုပေမယ့် လည်း များများစားစားတော့ မဟုတ်ပါ။ ကျနော်နဲ့ ဦးလေးအပါအ၀င် ပေါ်တာ ခြောက်ယောက်လောက်နဲ့ အစောင့်စစ်သား နှစ်ယောက်ပဲ ဖြစ်ပါတယ်။ အဲဒီစစ်သား နှစ်ယောက်ထဲက နှစ်ရစ်နဲ့ တယောက်က အဲဒီလိုရှေ့နဲ့ရောနောက်နဲ့ပါ အဆက်ပြတ် နေတာကို လိုလားပုံမရပါဘူး။ အဲဒါနဲ့ ရှေ့ကို မြန်မြန် သွားနိုင်သမျှသွားအောင် ကျနော်တို့တွေကို လော်ဆော်ပါတယ်။ ဒါပေမယ့် ကျနော်တို့ထဲက ပေါ်တာတယောက်က ရှေ့ကို ဘယ်လိုမှ ဆက်မသွားနိုင်လောက်အောင် အမောဆို့နေပါတယ်။ အမောဆို့တယ်ဆိုတာထက် ရက်ပေါင်းများစွာ လေးပင်တဲ့ဝန်ထုပ်ကို ထမ်းယူလိုက်ပါနေရတဲ့အတွက် သူ့ခန္ဓာကိုယ်ထဲက ရှိရှိသမျှ အားအင်ကုန်ခန်းသွားတာလို့ ပြောရင် ပိုမှန်ပါမယ်။ ရှေ့ကို ခြေလှမ်း အနည်းငယ်သွားလိုက်၊ လမ်းဘေးမှာ ပုံလဲလိုက်၊ ပါးစပ်ကလဲ `ဆရာတို့ရယ်၊ ကျနော် ဘယ်လိုမှ မတတ်နိုင်တော့လို့ပါ´လို့ ငိုသံကြီးနဲ့ တတွတ်တွတ် တောင်းပန်လိုက်နဲ့။
ပထမတော့ အစောင့် စစ်သားက ဆဲဆိုပြီး အတင်းပြန်ထခိုင်းပါတယ်။ ဟိုလူက မထတော့ မထမချင်း ရိုက်ပါတယ်။ ရိုက်လိုက် ကုန်းရုန်းထပြီး ရှေ့ကို နည်းနည်းသွားလိုက်၊ နောက်တခါ ပုံလဲလိုက်၊ ထပ်ရိုက် ထပ်ထနဲ့ နောက်ဆုံးမှာတော့ အထမ်းသမားဟာ သူထမ်းထားတဲ့အထုပ်ကို ဘုန်းကနဲပစ်ချပြီး သွေးရူးသွေးတန်းနဲ့ တောထဲကို ၀င်ပြေးပါတယ်။ ပါးစပ် ကလည်း အမေရေ … အမေရေလို့ ကျယ်လောင်စွာ အော်ဟစ်ပြီး ပြေးတာပါ။ အဲဒီမှာတင် နှစ်ရစ်နဲ့အစောင့်စစ်သားက (နားနဲ့မနာ ဖ၀ါးနဲ့နာပါ) `ဟာ ... ဒီ ငါ … သား´လို့ ဆဲပြီး လက်ထဲက သေနတ်နဲ့ လှမ်းပစ်ထည့်လိုက်ပါတော့တယ်။
ပစ်တယ်ဆိုတာက ခြောက်လှန့်ပြီးပစ်တာ မဟုတ်ပါ။ လူကို သေသေ ချာချာချိန်ပြီး လှမ်းပစ်ထည့်တာပါ။ လေးငါးချက် လောက် ပစ်အပြီးမှာတော့ ထွက်ပြေးသွားတဲ့လူကို ထိသွားပါတယ်။ ကျနော်တို့တွေကို အကုန် အဲဒီမှာ ငြိမ်ငြိမ်ထိုင်နေကြလို့ လှမ်းပြောပြီး စစ်သားနှစ်ယောက်က ပြေးသွားတဲ့လူနောက်ကို သွားကြည့်ပါတယ်။ ခဏနေတော့ ပြန်လာကြပါတယ်။ ပစ်လိုက်တဲ့ နှစ်ရစ်နဲ့လူက စိတ်လှုပ်ရှားနေပုံ ပေါ်ပါတယ်။ ဟိုလူ ထမ်းရမယ့် အထုပ်ကို သူကိုယ်တိုင်ပဲ ဆဲဆဲဆိုဆို ကောက် ထမ်းရင်း ကျနော်တို့ကိုလည်း `ပြေးလို့ ခြောက်ပစ်လိုက်တာ သေသွားပြီ´လို့ပြောရင်း ရှေ့ကိုဆက်သွား ခိုင်းပါတယ်။
နာရီဝက် သာသာလောက် ရှေ့ကိုဆက်သွားတော့ ပြတ်သွားတဲ့ ရှေ့ကလူတွေ နားရက်သား ထိုင်စောင့်နေကြတာကို ပြန်မီ သွားပါတယ်။ နှစ်ရစ်နဲ့လူက ပေါ်တာတယောက် လွတ်သွားတယ်လို့ သူ့အရာရှိကို သတင်းပို့ပါတယ်။ ပစ်သတ်လိုက်တယ်လို့ မပြောပါဘူး။ ကျနော်အပါအ၀င် တခြားဘယ်သူမှ သူ ပစ်သတ်လိုက်တယ်ဆိုတာကို မပြောရဲကြပါဘူး။ အဲဒီအချိန်မှာ ပုရွက်ဆိတ် တကောင်လောက်တောင် တန်ဖိုးမဲ့နေတဲ့ မိမိအသက်ကို စောင့်ရှောက်ဖို့အတွက် ရေငုံ နှုတ်ပိတ်နေခြင်းက သာလျှင် အကောင်းဆုံးဖြစ်တယ်လို့ အားလုံးက နားလည်နေကြလို့ပါ။
အဲဒီလိုနဲ့ပဲ ရခဲလှတဲ့လူ့ဘ၀ရယ်လို့ ဘုရားရှင်ကိုယ်တိုင် မြွက်ကြားခဲ့တဲ့ လူ့အသက်တချောင်းဟာ ရက်စက်ကြမ်းကြုတ်မှုရဲ့ ဓားစာခံအဖြစ် ပေးဆပ်လိုက်ရပါတော့တယ်။ သူ အိမ်ပြန်အရောက်ကို မျှော်နေကြမယ့် သူ့ရဲ့ မိဘ၊ ဆွေမျိုး၊ ညီအကို မောင် နှမတွေ ဒီလိုပုံစံနဲ့ သူ အသက်ဆုံးသွားတာကို သိရှာကြရင် ဘယ်လောက်တောင် ရင်ထုမနာ ဖြစ်ကြမလဲ။ ဖြေမဆည်နိုင် ဖြစ်ကြမလဲဆိုတာ ရင်နင့်စရာပါ။ အခု အချိန်မှာရော အဲဒါတွေရပ်သွားပြီလို့ ထင်ကြပါသလား။ လုံးဝ မှားသွားပါလိမ့်မယ်။ သူတို့ သွားရာလမ်းက ရွာတွေမှာ တွေ့သမျှ ယောက်ျားတွေကို ပေါ်တာအဖြစ် ဆွဲနေကြဆဲပါ။ ခိုင်းနေကြဆဲပါ။
လူတိုင်းဟာ မိမိအသက်ရှင် ရပ်တည်နိုင်ရေး ဒါမှမဟုတ် အခြေခိုင်နိုင်ရေးအတွက် ပုံစံမျိုးစုံနဲ့ ရုန်းကန် လှုပ်ရှားကြရပါတယ်။ ဒါပေမယ့် လူစိတ်ရှိတဲ့ လူတိုင်း မိမိကြောင့် တပါးသူ ထိခိုက်နစ်နာမှာ ဘယ်သူမှ မလိုလားကြပါဘူး။ လူစိတ်ကင်းမဲ့တဲ့ လူ့ဗာလတွေကတော့ ကိုယ့်ကြောင့် ပျက်သုန်းသွားရတဲ့ ဘ၀တွေ၊ အသက်တွေကို ထောက်ထားညှာတာခြင်းမရှိဘဲ သူတို့ ဘ၀တည်မြဲဖို့အတွက် ယုတ်မာရက်စက်ကြပါတယ်။ အဲဒီလိုလူတွေ ဘယ်လောက်များ သက်ဆိုးရှည်ကြဦးမှာပါလိမ့်။ ကျနော်တို့ကော ဘယ်တော့များ ဒီချောက်အိပ်မက်ဆိုးကြီးထဲက လွတ်မြောက်ရမှာပါလိမ့်။ ။ [Top] |