#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

စာပေဆောင်းပါး
နိုဗယ်ဆု၊ ဟစ်တလာရဲ့လက်ရုံးတပ်ဖွဲ့နဲ့ ကမ္ဘာကျော် စာရေးဆရာတဦး

ငြိမ်းဝေ

(က)

၂၀၀၆ ခု၊ သြဂုတ်လ (၁၈) ရက် သောကြာနေ့က ရိုက်တာသတင်းဌာနကို ပြောလိုက်တဲ့ နိုဗယ်ဆုရှင် ပိုလန် သမ္မတဟောင်း ‘လက်စ်ဝယ်လ်စာ’ ရဲ့ စကားဟာ ကမ္ဘာ့စာပေလောကနဲ့ နိုဗယ်ဆုနယ်ပယ်မှာ အတော်လေး ဂယက် ရိုက်သွားစေခဲ့ပါတယ်။

‘တကယ်လို့ ဂျာမန်စာရေးဆရာ ဂန်တာဂရပ်စ်အနေနဲ့  သူကို ချီးမြှင့်ထားတဲ့ ‘ဒန်ဇစ်မြို့တော်သား ဂုဏ်ထူးဆောင်ဆု’ ကို ပြန်မအပ်ရင်  သူက သူ့ဆုကို ပြန်အပ်မယ် ဒီလို လူမျိုးနဲ့ တတန်းစားတည်း မနေနိုင်ဘူးလို့ ’ လို့ ၀ယ်လ်စာက ပြောခဲ့တာ ဖြစ်ပါတယ်။

‘၀ယ်လ်စာ’ ပြောတဲ့ ဂျာမန်စာရေးဆရာ ‘ဂန်တာဂရပ်စ်’ ဆိုတာ ‘၀ယ်လ်စာ’ လိုပဲ ပိုလန်နိုင်ငံ ဒန်ဇစ်မြို့တော်သား ဂုဏ်ထူးဆောင်ဆု ရရှိထားသူဖြစ်ပါတယ်။ ‘၀ယ်လ်စာ’ ဆိုလိုတဲ့သဘောက ဟစ်တလာရဲ့လက်ရုံးတပ် ( Waffen SS )ထဲမှာ ပါဝင်ခဲ့သူတဦးဟာ ဒန်ဇစ်မြို့တော်သား ဂုဏ်ထူးဆောင်ဆုနဲ့ မထိုက်တန်ဘူးဆိုတဲ့ သဘောပဲဖြစ်ပါတယ်။

စာရေးဆရာကြီးဂန်တာဂရပ်စ် က မကြာခင် ထုတ်ဝေတော့မယ့် ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ် “ ကြက်သွန်ဥကို ခွာလိုက်ရာဝယ်” မှာ သူငယ်စဉ်က ဟစ်တလာရဲ့ လက်ရုံး တပ်ထဲမှာ ပါခဲ့ဖူးတယ်လို့ ဝန်ခံရေးသားလိုက်တဲ့နောက် ဒီလို ဂယက်တွေထလာခြင်းပဲ ဖြစ်ပါတယ်။

‘၀ယ်လ်စာ’ က ယခုလိုထုတ်ဖော်ပြောဆိုလိုက်ပြီး နောက်တနေ့ကစလို့ အင်တာနက် စာမျက်နှာတွေပေါ်မှာ ဂျာမန်ပဉ္စလက် သရုပ်မှန်စာရေးဆရာ ကဗျာဆရာ ‘ဂန်တာဂရပ်စ်’ နဲ့ပတ်သက်ပြီး ငြင်းခုန်ပွဲတွေ စပါတော့တယ်။ တချို့က ‘ဂန်တာဂရပ်စ်’ ကို ပြစ်တင်ရှုတ်ချကြပြီး တချို့ကတော့ထောက်ခံအားပေးကြပါတယ်။ တချို့ကတော့ ဒါဟာ … မကြာခင်ထုတ်ဝေတော့မယ့် ဂန်တာဂရပ်စ်ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်ကို ကမ္ဘာမှာ အရောင်းရဆုံး စာအုပ်တအုပ်ဖြစ်လာအောင် ‘၀ယ်လ်စာ’ က ကြော်ငြာပေးတဲ့ သဘောပါပဲလို့ ဝေဖန်ကြပါတယ်။

ဝေဖန်သူတချို့ကတော့ ‘ဂန်တာဂရပ်စ်’ ဟာ ဒန်းဇစ်မြို့တော်ဂုဏ်ထူးဆောင် မြို့တော်သားဆုတွင်မကပဲ သူရရှိထားတဲ့ ဆုတွေအားလုံးကိုလည်း သူ့သဘောနဲ့သူ ပြန်လည်အပ်နှံသင့်တယ်လို့ ဝေဖန်ကြပါတယ်။ ဂျာမာန်စာရေးဆရာ ‘ဂန်တာဂရပ်စ်’ ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း ဒန်းဇစ်မြို့တော်သား ဂုဏ်ထူးဆောင်ဆုအပြင် တခြား ဂုဏ်ထူးဆောင်ဆုတွေ တသီတတန်းကြီးနဲ့ စာပေနိုဗယ်ဆုကြီးအထိ ရရှိထားသူဖြစ်ပါတယ်။ ဒါကြောင့်မို့ ‘နိုဗယ်ဆု’ ကိုတောင်မှ သူ့သဘောနှင့်သူ ပြန်လည်အပ်နှံသင့်တယ်လို့ ဝေဖန်လာခဲ့ကြပါတယ်။

အခုလို ဂျာမန်စာရေးဆရာ ‘ဂန်တာဂရပ်စ်’ နဲ့ ပါတ်သက်ပြီး ကမ္ဘာ့စာပေလောကမှာ ဂယက်ရိုက်ခတ်လာတော့ ကျနော့်မှာ အတော့်ကို တုန်လှုပ်ကြေကွဲရပါတယ်။ ကျနော်ဟာ ၁၉၉၂ ခုနှစ်လောက်ကစပြီး ‘ဂန်တာဂရပ်စ်’ ခရေစီတဦး ဖြစ်ခဲ့လို့ပါပဲ။

 

(ခ)

၁၉၉၃ ခု၊ ဒီဇင်ဘာလထဲမှာ ဟိုတုန်းက တော်လှန်ရေးဌာနချုပ်ဖြစ်တဲ့ ‘မာနယ်ပလော’ ကို ဂျာမန်သူနှစ်ဦး အလည်ရောက် လာကြဖူးပါတယ်။ တဦးက စာပေ၀ါသနာရှင်ကျောင်းသူဖြစ်ပြီး နောက်တဦးကတော့ အဖေါ်အဖြစ်လိုက်ပါလာဟန်တူတဲ့ မိခင်အမျိုးသမီးဖြစ်ပါတယ်။

သူတို့နှစ်ဦးက ‘မာနယ်ပလော’ မှာရှိတဲ့ ကဗျာရေးသူ၊ ကဗျာချစ်သူတွေနဲ့ စကားဝိုင်းဖွဲ့ချင်တယ်ဆိုလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဌာနချုပ် စည်းဝေးခန်းမမှာ အဲ့ဒီဂျာမန်သူနှစ်ဦးနဲ့ စာပေ၀ါသနာရှင် နှစ်ဆယ်လောက် ဆုံခဲ့ကြပါတယ်။

ဒီတုန်းက စကားဝိုင်းသိမ်းကာနီးတော့ သူတို့နှစ်ဦးကို ကျနော်က လက်ရှိဂျာမဏီနိုင်ငံမှာ ဘယ်စာရေးဆရာဟာ အထင်ရှားဆုံးပါလဲလို့ မေးမိပါတယ်။ ဒီတော့ သူတို့သားအမိနှစ်ယောက်စလုံး ဂျာမန်လို အချီအချ ညှိနှိုင်းပြီးကာမှ ‘ဂန်တာဂရပ်စ်’ ပါပဲလို့ ဖြေခဲ့ကြပါတယ်။ ကျနော်က ပြောပြောဆိုဆို ကျနော့်တဲကလေးထဲသွားပြီး ၁၉၈၈ ခုနှစ်က ထုတ်တဲ့ ‘ဂန်တာဂရပ်စ်’ လက်ရွေးစင်ကဗျာစာအုပ်ကို ကြွားတဲ့သဘောနဲ့ ထုတ်ပြလိုက်မိပါတယ်။ ဂျာမန်သူနှစ်ဦးစလုံးလည်း တအံ့တသြနဲ့ ၀မ်းသာအားရ ဖြစ်သွားကြပါတယ်။

အမှန်အတိုင်း ၀န်ခံရရင် ဂျာမန်သူနှစ်ယောက်ကို ‘ဂန်တာဂရပ်စ်’ ရဲ့ ကဗျာစာအုပ်ထုတ်ပြီး ကြွားလိုက်တဲ့ အချိန်အထိ ဒီစာအုပ်ကို ဟုတ်တိပတ်တိ ကျနော်မဖတ်ရသေးပါဘူး။ မဖတ်ရသေးဘူးဆိုတာထက် နားလည်အောင် မဖတ်နိုင်သေးဘူး ဆိုရင် ပိုပြီးမှန်ပါတယ်။

ဒီကြားထဲ အဲ့ဒီစာအုပ်မှာပါတဲ့ သူ့ရဲ့ အထ္ထုပ္ပတ္တိထဲမှာ သူငယ်စဉ်က ဂျာမန်စစ်တပ်ထဲ ပါဝင်ခဲ့ဖူးတယ် ဆိုတာဖတ်ရပြီး ဒီစာအုပ်ကို ဆက်ဖတ်ဖို့ရန် စိတ်ထဲမှာ ၀န်လေးနေခဲ့မိပါတယ်။ (နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ Waffen SS အဖွဲ့ထဲ ပါတယ်လို့တော့ မရေးထားပါ။ သာမန်တပ်တတပ်မှာပါခဲ့တဲ့ သဘောမျိုးသာ ရေးခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် တပ်ထဲပါခဲ့ ဖူးတယ်ဆိုရင် အနည်းနဲ့အများ နာဇီတွေရဲ့လုပ်ရပ်မှာ ပါဝင်ခဲ့ဖူးမလားဆိုပြီး ကျွန်တော် စိတ်ထင့်ခဲ့ခြင်းပါ)

ဒီလိုနဲ့ ဂျာမန်သူနှစ်ယောက်နဲ့ စကားပြောဆိုပြီးတဲ့နောက်ပိုင်းမှာ ‘ဂန်တာဂရပ်စ်’ ရဲ့ ကဗျာစာအုပ်ကို အားကြိုးမာန်တက် ကျနော် ဖတ်ခဲ့ပါတယ်။ ဒီ ဂျာမန်သူနှစ်ယောက်နဲ့ တွေ့ဆုံစကားပြောရခြင်းဟာ ‘ဂန်တာဂရပ်စ်’ ရဲ့ ကဗျာကို နားလည် သထက် နားလည်အောင် ကြိုးစားပြီးဖတ်ဖို့ တွန်းအားပေးသလို ဖြစ်တဲ့အပြင် သူ့ကဗျာတွေကို ဖတ်ရင်းဖတ်ရင်းက သူ့ကိုလည်း လေးနက်လာခဲ့မိပါတယ်။

၁၉၉၅ ခု၊ နှစ်လည်ပိုင်းမှာ ကျနော်ဟာ တော်လှန်ရေးတာဝန်နဲ့ နော်ဝေနိုင်ငံကို သွားရပါတယ်။ နော်ဝေနိုင်ငံ အော်စလိုမြို့ ဒီမိုကရက်တစ် မြန်မာ့အသံမှာ အသံလွှင့်သမားအဖြစ်နဲ့ နေခဲ့ရပါတယ်။ ဒီတုန်းက ကျနော် အလုပ်လုပ်တဲ့နေရာနဲ့ ဆယ်မိနစ်လောက် လမ်းလျှောက်ရင်ရောက်တဲ့ ဘုရင့်နန်းတော် ပန်းခြံထဲကို ညနေပိုင်း အလုပ်နားတဲ့အချိန်တိုင်း နေ့တိုင်းသွားပြီး ထိုင်ခဲ့ဖူးပါတယ်။ ပန်းခြံထဲက ထိုင်ခုံတခုမှာ ထိုင်ရင်း ‘ဂန်တာဂရပ်စ်’ ရဲ့ ကဗျာစာအုပ်ကို သဲကြီးမဲကြီး ဖတ်နေခဲ့ပါတယ်။

တနေ့မှာ မီးဖိုးချောင်ထဲမှာတွေ့တဲ့ ရက်လွန်သတင်းစာတစောင်ကို အမှတ်တမဲ့ကောက်ကိုင်တော့ ဂျာမန်ကဗျာဆရာကျော် ‘ဂန်တာဂရပ်စ်’ အော်စလိုမြို့ကို အလည်လာတဲ့ သတင်းကိုဖတ်ရပါတယ်။ အော်စလိုမြို့ SAS ဟော်တယ်ကြီးမှာ (၃) ရက် တည်းခိုနေထိုင်ရင်း နော်ဝေစာရေးဆရာ ကဗျာဆရာတချို့နဲ့ တွေ့တဲ့သတင်းကို ဖတ်ရပါတယ်။ သတင်းစာမှာပါတဲ့ နေ့စွဲ ရက်စွဲတွေကို ကမန်းကတန်းကြည့်တော့ ဂျာမန်စာရေးဆရာ ‘ဂန်တာဂရပ်စ်’ နော်ဝေကနေပြန်သွားတာ (၂) ရက် ရှိနေပြီးဆိုပဲ။

ဒီသတင်းကို ဖတ်ရတော့ ကျနော့်ခမျာ ကိုယ့်ကိုယ်ကို မချင့်မရဲ မကျေမနပ် အကြီးအကျယ် ဖြစ်ရတော့တာပေါ့။ လက်စသတ် တော့ ကျနော်က ‘ဂန်တာဂရပ်စ်’ ရဲ့ လက်ရွေးစင်စာအုပ်ကိုပိုက်ပြီး ဘုရင့်ပန်းခြံဆီကို လမ်းလျှောက်ပြီးသွားတဲ့အခါ SAS ဟော်တယ်ကြီးရဲ့ရှေ့က အမြဲတမ်း ဖြတ်လျှောက်ပြီးမှ သွားခဲ့ရတာပဲ။ အဲဒီလို ကျနော်က ဟော်တယ်ရှေ့က ဖြတ်လျှောက် သွားနေတဲ့ အချိန်။ အဲဒီဟော်တယ်ကြီးထဲမှာ ဂျာမန်စာရေးဆရာ ‘ဂန်တာဂရပ်စ်’ ရှိနေတယ်ဆိုတာ မသိနိုင်ခဲ့ဘူးလေ။ တကယ်လို့သာ အကြောင်းစုံသိမယ်ဆိုရင် ဘာပဲပြောပြော ကျနော် လေးနက်တဲ့ကဗျာဆရာ၊ စာရေးဆရာနဲ့ စကားလေး တခွန်းပဲပြောရပြောရ၊ သူ့ကို မြင်ဖူးသည်ဆိုရုံပဲ တွေ့ရတွေ့ရ၊ သူ့အသံကို နားနဲ့ တိုက်ရိုက် ကြားဖူးသည် ဆိုရုံပဲ ကြားရ ကြားရ၊ ကျနော်ကြိုးစားမိမှာ အမှန်ပါပဲ။ အခုတော့ ကံဆုံပေမယ့် လွဲခဲ့ရတဲ့အဖြစ်ကိုတွေးပြီး ကိုယ့်ကိုယ်ကို မချင့်မရဲဖြစ်လို့ မဆုံးခဲ့ပါဘူး။

ဒီလိုနဲ့ ၁၉၉၈ ခုနှစ်မှာ ထိုင်းမြန်မာနယ်စပ်ကို ကျနော်ပြန်လာခဲ့ပါတယ်။ အဲဒီနှစ်ထဲမှာပဲ ကျနော်ဟာ ဘီဘီစီ အသံလွှင့်ဌာနရဲ့ စာအုပ်စင်ကဏ္ဍကတဆင့် ‘ဂန်တာဂရပ်စ်’ ရဲ့ လက်ရွေးစင်ကဗျာစာအုပ်ကို မိတ်ဆက် အသံလွှင့်ခဲ့ပါတယ်။ အဲဒီနှစ်ထဲမှာပဲ သူ့ကဗျာတပုဒ်ကို ဘာသာပြန်ပြီး ‘ဒေါင်းအိုးဝေ’ စာစောင်မှာ ထည့်သွင်း ခဲ့ပါတယ်။ သူ့ဘ၀အကြောင်းကိုလည်း ပူးတွဲဖော်ပြ ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ စာပေနိုဗယ်ဆုကို ‘ဂန်တာဂရပ်စ်’ ရရှိသွားတယ်လို့လည်း ကြားရော ကျနော့်မှာ ပျော်လို့မဆုံး ဂုဏ်ယူလို့မဆုံးနိုင်အောင် စိတ်လှုပ်ရှားခဲ့ရတယ်ဆိုပါတော့။

(ဂ)

မြန်မာစာဖတ်ပရိသတ်အဖို့တော့ အခုလို ဂျာမန်စာရေးဆရာ ‘ဂန်တာဂရပ်စ်’ အကျပ်အတည်းဖြစ်ရတဲ့ သတင်းအပေါ် အနီးကပ်ထိတွေ့ခွင့်ရနိုင်ကြပါ့မလားလို့ ကျနော်တွေးမိပါတယ်။ ‘ဂန်တာဂရပ်စ်’ ရဲ့ စာတွေကိုလည်း မြန်မာစာဖတ်ပရိသတ် သိပ်ပြီးမသိနိုင်ကြသေးပါဘူး။ မှတ်မှတ်ရရ ၁၉၉၂ ခု ‘ပင်လယ်’ စာပေမဂ္ဂဇင်းထဲမှာ ‘ဂန်တာဂရပ်စ်’ ရဲ့ ‘ဥထဲမှာ’ ကဗျာကို ‘စောဟန်သိုက်’ က ဘာသာပြန်ဆိုခဲ့တာနဲ့ ၁၉၉၉ ခုနှစ်ထဲက ရနံ့သစ် မဂ္ဂဇင်းမှာ သူ့ရဲ့ ‘မိသားစုပြဿနာများ’ ကဗျာတိုကို ‘မောင်သစ်မင်း’ က ဘာသာပြန် ဖော်ပြထားတာကိုပဲ ကျနော်သတိပြုပါတယ်။ ဒီ့ထက်များတဲ့  မြန်မာဘာသာပြန်တွေ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ ဒါပေမယ့် မြန်မာစာဖတ်ပရိသတ်ဟာ ‘ဂန်တာဂရပ်စ်’ ရဲ့ စာတွေနဲ့ စိမ်းနေဆဲပဲဆိုတာတော့ အသေအချာပြောနိုင်မယ် ထင်ပါတယ်။

ကျနော်ကတော့ ကံအားလျော်စွာ ၁၉၉၂ ခုနှစ်ကစပြီး သူ့ကဗျာတချို့ကိုဖတ်ပြီး သူ့ကို စိတ်ဝင်စားခဲ့ လေးနက်ခဲ့မိတာပါ။ ဒါတောင်မှ သူ့ရဲ့ ကဗျာစာအုပ်တအုပ်နဲ့ ‘ကြောင်နဲ့ကြွက်’ ဆိုတဲ့ ၀တ္တုစာအုပ်ကိုပဲ ဖတ်ဖူးပါသေးတယ်။ အခုဆိုရင် ကျနော် လေးစား လေးနက်ရတဲ့ ကဗျာဆရာ စာရေးဆရာ ‘ဂန်တာဂရပ်စ်’ အဖို့ ဂုဏ်သိက္ခာအပေါ် မူတည်ပြီး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါပြီ။

ဒီနေရာမှာ အခုလိုပြဿနာတွေ ပေါ်ပေါက်လာတာနဲ့ပတ်သက်ပြီး ကျနော့်စိတ်ထဲမှာ မရှင်းလင်းတဲ့ အချက်တချို့ရှိပါတယ်။ ဒီလိုပြဿနာမျိုးဟာ တခြားနိုင်ငံရေးခေါင်းဆောင်တချို့ စာရေးဆရာတချို့မှာလည်း ကြံဖူးကြပါတယ်။ ဥပမာ ... ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ‘ကွတ်ဝေါဟိန်း’ ဆိုရင်လည်း တချိန်က သူဟာ ဂျာမန်နာဇီနဲ့ အလုပ်အတူ တွဲပြီး လုပ်ခဲ့ဖူးသူဖြစ်တယ်ဆိုတဲ့သတင်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ တခါ ...အမေရိကန်ကဗျာဆရာကျော် ‘အက်ဇရာပေါင်း’ ဆိုရင်လည်း ဂျာမန်နာဇီတွေကို ထောက်ခံသူအဖြစ် နာမည်ထွက်ခဲ့တာပါပဲ။ ဒါပေမယ့် သူတို့က အခု ‘ဂန်တာဂရပ်စ်’ နဲ့မတူပဲ။ တော်ရုံ သင့်ရုံပဲ နာမည်ထွက်ပြီး ကမ္ဘာကြီးက လက်ခံခဲ့ကြပါတယ်။ ဒါမှမဟုတ် သူတို့ရဲ့အလုပ်ကို သူတို့ရဲ့ ပုဂ္ဂိုလ်ရေး သမိုင်းနဲ့ခွဲပြီး မြင်နိုင်ခဲ့ကြတဲ့သဘောများလား။
 
ဒီလို ဝေဖန်တဲ့အသံတွေ ကမ္ဘာ့နေရာနှံ့က ထွက်ပေါ်လာတဲ့အခါ ကာယကံရှင် စာရေးဆရာ ‘ဂန်တာဂရပ်စ်’ ဆီက တုံ့ပြန်မှုတခု ထွက်ပေါ်လာပါတယ်။ ဒန်ဇစ်မြို့တော်ဝန်ထံ ပေးစာပါ။ ဒီစာထဲမှာ “ အရင်တုန်းက ဒီဖြစ်ရပ်ကို  ပြန်ပြောဖို့  သင့်လျော်တဲ့ နည်းကို မသိတဲ့အတွက် မပြောခဲ့ခြင်းဖြစ်တယ်။ အခုလိုအသက်ကြီး လာမှ ကျယ်ပြန့်တဲ့အမြင်နဲ့ ဖွင့်ဖော် ရေးသားလိုက်ခြင်းပါပဲ ” တဲ့။ ဒီစာကို ဝယ်လ်စာ ဖတ်ရတဲ့အခါ ဒန်ဇစ်မြို့တော်သားဂုဏ်ထူးဆောင်ဆု ပြန်အပ်ဖို့ တောင်းဆိုချက်ကို သူ့အနေနဲ့ ရုတ်သိမ်းပါတယ်လို့ ပြောကြောင်း  သတင်းတခုမှာ ဖတ်ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူ့ကဗျာတွေကို ဖတ်ပြီး သူ့ရဲ့အောင်မြင်မှုတွေကိုကြားပြီး တချိန်လုံးလိုလို ကျနော် လေးစားလေးနက် ခဲ့ရတဲ့ ကမ္ဘာကျော် ပဉ္စလက်သရုပ်မှန် စာရေးဆရာတယောက် အခုလို ဂုဏ်သိက္ခာနဲ့ပတ်သက်လို့ အကျပ်အတည်း ကြုံနေရတာကို ရင်တမမနဲ့ စောင့်ကြည့်နေရပါပြီ။ သည့်နောက်ပိုင်း ကမ္ဘာ့စာပေ အသိုင်းအ၀ိုင်းအနေနဲ့ ‘ဂန်တာဂရပ်စ်’ အပေါ် ဘယ်လို ဆက်လက် ဝေဖန်လာကြမလဲဆိုတာ ရန်ခုန်စွာနဲ့ပဲ စောင့်ကြည့်နေရဦးမှာ ဖြစ်ပါတယ်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.