
(၁)
လေယာဉ်ပေါ်က လှမ်းအကြည့်မှာ တိမ်ပါးပါးတွေက အပေါက်ဖေါက်ပြီး သိပ်လှတဲ့ ကျွန်းကလေးတကျွန်းကို ပြပါတယ်။ အမြင့်ကြီးကနေ ကြည့်သမျှတော့ အောက်ခြေက အရာရာဟာ သေးသေးလေးပေါ့။ ဖူးကက်တဲ့။ ပင်လယ်ကမ်းခြေတွေနဲ့ နီးစပ်လှတဲ့ကျမတောင်မှ လှလိုက်တာလို့ ရေရွတ်လိုက်မိပါတယ်။ ပင်လယ်ပြင်ကြီးထဲ ကျောက်တောင်ကုန်း စိမ်းစိမ်းတွေက ဟိုတစ ဒီတစ ပစ်ချထားသလို။ အနီးကပ်ကြည့်ရင်တော့ဖြင့် သူတို့ကို အလှပြင်ဆင်ပေးထားတာကိုပါ အသေးစိတ် တွေ့ရမှာပါ။ အင်း ... ငပလီထက်တော့ လှတယ်ထင်ပါရဲ့။ ဒါပေမယ့် ဟိုင်းကြီးကျွန်းရဲ့အလှကိုတော့လဲ မမီဘူးထင်တယ်။ ဒါတောင် ဟိုင်းကြီးက သဘာဝအရိုင်းအလှ။ အခါများစွာမှာ သဘာဝအလှက ပြုပြင်အလှထက် ပိုသာတယ် ဆိုတာကို ယုံတယ်။ ဒါဟာ ရိုးသားခြင်းရဲ့တန်ဖိုးပဲ။ ဘာပဲ ဖြစ်ဖြစ် ... မြင်နေရသော ဖူးကက်ကျွန်းကတော့ဖြင့် ပြောရလောက်အောင် လှတာအမှန်ပင်။ မိုးမှုန်တွေကြားမှာ သူ့တလောကလုံးကို အစိမ်း အပြာနဲ့ အဖြူနုနု တို့နဲ့သာ လွှမ်းခြုံစေတဲ့ အေးငြိမ်းနေတဲ့ ၀န်းကျင်လေး။ ဒါပေမယ့် လွန်ခဲ့တဲ့ တနှစ်ကျော်ကတော့ဖြင့် ... ဒီမြေမှာ အပူရောင်တွေ ဖုံးလွှမ်းသွားခဲ့တယ်တဲ့လေ။
(၂)
ဆူနာမီဆိုတဲ့စကားလုံးက ဒီဝန်းကျင်က လူတွေဆီကို ခြောက်လှန့်နိုင်ဆဲပါ။ လူဦးရေ တသိန်းကျော် အသေအပျောက်ရှိခဲ့တဲ့ မုန်တိုင်းကို ဘယ်သူမကြောက်ဘဲ နေမလဲနော်။ အထူးသဖြင့်ဗမာတွေပေါ့။ ခေတ်အဆက်ဆက် အစိုးရဆိုးတွေရဲ့ အဖိနှိပ်အောက်မှာ လူဖြစ်ရှင်သန်လာကြရတာမို့ သူတို့ခမျာ အကြားအမြင် ဗဟုသုတနေရာမှာ အားနည်းကြရှာတယ်။ ဒီတော့ ဆူနာမီ နောက်ပိုင်းမှာ ဗမာတွေခမျာ ပင်လယ်ကမ်းခြေရဲ့ မိုးရာသီသဘာဝကြောင့် လှိုင်းထန်လည်း အထုပ်ပြင်။ လေလာလည်း ပြေးဖို့ပြင်နဲ့ သိပ်တုန်လှုပ် ချောက်ချားကြရတာ။ ကျမရောက်တဲ့ ဇူလိုင်လ ဒုတိယပတ်ထဲ အင်ဒိုနီးရှားမှာ ဆူနာမီဝင်တော့ ဖူးကက်မှာလည်း ပြေးဖို့ ပြင်ကြတာပေါ့။ မိုဘိုင်းဖုန်းတွေ တဂွီဂွီနဲ့ အချင်းချင်း သတင်းမေးကြ။ သတင်းပေးကြနဲ့။ ကြောက်လားလို့လည်း ကျမကို မေးကြရှာတယ်။ မကြောက်ပါဘူး။ ကျမမှာ သေဖို့ ဖြစ်လာရင် သေမှာပေါ့လို့ ပြောမိတယ်။ တကယ်တမ်း ကျမရင်ထဲမှာ မကြောက်တာကတော့ ကျမက ကိုယ့်ကိုယ်ကို သေလူလို့ သဘောထားပြီးသား ဖြစ်နေလို့ပဲဆိုတာတော့ ဘယ်သူ့ကိုမှ ပြောမပြဖြစ်ခဲ့ပါဘူး။
(၃)
တကယ်ပါ။ ကိုယ့်တိုင်းပြည်က ထွက်လာပြီး နိုင်ငံမဲ့ ဖြစ်သွားကတည်းက ကျမက ကျမတို့ တမိသားစုလုံးကို သေလူလို့ သတ်မှတ်ခဲ့တာ။ အချစ်ဝတ္ထုရေးဆရာပီပီ အင်မတန်စိတ်ကူးယဉ်ဆန်တဲ့ ကျမက လက်တွေ့ဘ၀ထဲမှာ ကျတော့ ဒေါသသင့် သူပဲ ဖြစ်ဖြစ်နေတတ်ပါတယ်။ ကိုယ့်တိုင်းပြည်မှာ သူများတွေ ကြံဖန်ပြီး အသက်ရအောင် ရှူနေကြလည်းပဲ ကိုယ်က လိုက်မရှူနိုင်။ သူများတွေ အကောင်းတွေးလည်း ကိုယ်က အလွယ်မတွေးနိုင်။ သူများတွေက သည်းခံနိုင်လည်း ကိုယ်က ခါးသီးနေ။ ကျမကဖြင့် အစိုးရဟာ အာဏာရှင်လို့ မြင်။ ကျမအနားက ခေါင်းငြိတ်လွယ်သူတချို့ကတော့ ဗမာတွေကို ဒီလိုအုပ်ချုပ်မှ ရတယ်ဆိုပဲ။ ကျမက ကလေးတွေ လူငယ်တွေကို အစိုးရက စနစ်တကျ စီမံကိန်းဆွဲပြီးတော့ အမျိုးမျိုး ဖျက်ဆီးနေတယ်လို့မြင်။ တချို့ကတော့ ဒါဟာ ဘယ်သူမပြု မိမိမှုပါတဲ့။ ပြီးတော့ ကံစီမံရာတဲ့။ သူ့အပြစ်တွေနဲ့သူ သွားကြ လိမ့်မယ်တဲ့၊ ကိုယ့်မိသားတစု ဒုက္ခမရောက်ရင် တော်ပြီပေါ့ကွာတဲ့။ ဒေါ်စုပြောသလို မတရားတဲ့အာဏာကို မလိုက်နာဘဲ နေစို့ ဆိုတော့လည်း ဒေါ်စုတောင် ဘယ်လိုဖြစ်နေလဲ တွေ့လားတဲ့။ အဲဒီလိုနဲ့ ကျမ ဒေါသတွေသင့်ပြီးရင်းသင့်။
နောက်ဆုံးတော့ အဲလို ဘ၀ထဲ လူဖြစ်မနေချင်တော့တဲ့စိတ်က တစ်။ အပြင်မှာ ပိုလုပ်လို့ရမှာပဲ ဆိုတဲ့စိတ်က နှစ်။ အနည်းဆုံး ငါ့ကလေးတွေတော့ ဒီစနစ်ထဲက ထွက်နိုင်မယ်ဆိုတဲ့စိတ်က သုံး။ ဒီလိုနဲ့ အတ္တ ၇၀ ရာနှုန်း။ ပရ ၃၀ရာနှုန်း နဲ့ ထွက်လာတာလေ။ နယ်ခြားမျဉ်းကို ကျော်လိုက်ချိန်မှာ မိသားစုဝင်တွေကို ပြောလိုက်ပါတယ်။ ဒီနေ့က စပြီး မေမေတို့ ဘ၀က မသေချာတော့ဘူး။ ပြည်တွင်းမှာလည်း မသေချာခဲ့ဘူး။ဒါပေမယ့် ဒီမှာတော့ မေမေတို့ ကံကြမ္မာဆိုတာကို စမ်းသပ်ခွင့်ရှိနိုင်တယ်လို့။ အဲဒီတော့ နဂိုထဲက ကျမရဲ့ခရီးကို သဘောမတူခဲ့တဲ့ သားကြီးကပြောတယ်။ တရွာမပြောင်း သူကောင်းမဖြစ်ဆိုတာမျိုးလားမေမေ။ ဒါပေမယ့် သေချင်တဲ့ကျား တောပြောင်းဆိုတာလည်း ရှိသေးတယ်နော်--တဲ့။ ကျမ သားကို ဘာအဖြေမှ မပေးနိုင်ခဲ့ပါ။ ဒါပေမယ့် ဘာတခုမှ မရှိတော့တဲ့အခြေနေမှာ ကျမတို့တတွေ အချိန်မရွေး လွယ်လွယ်လေးသေသွားနိုင်ပြီဆိုတာကတော့ ကျမရင်ထဲမှာ အဖြေအဖြစ်ရှိပြီးသားပါ။
(၄)
ပြည်တွင်းမှာနေတုန်းကလည်း ကျမ တချိန်လုံးတွေးနေခဲ့တာ မသေချာမှုဆိုတဲ့စကားလုံးကိုပါပဲ ။ တက္ကသိလ်မှာ ရာထူးအတော်အတန်ကြီးတဲ့ ကျမခမျာ လုပ်သက် ၁၉နှစ်မှာ နေစရာ အိမ်ပိုင်မရှိ။ ကံကောင်းလို့ မိဘအမွေ နေစရာရှိရ တယ်။ ကျောင်းဆရာမရဲ့ ကလေးတွေကိုပညာကောင်းကောင်းပေးနိုင်ဖို့ ကလေးတွေအဖေခမျာ မိသားစုနဲ့ ရေခြားမြေခြား မှာ အလုပ်သမား သွားလုပ်ရတယ်။ ကလေးတွေခမျာ ငယ်ဘ၀ကို အဖေမဲ့ကြီးပြင်းရတော့မယ်၊အဲဒီအချိန်မှာ ကျမအနားက ပတ်ဝန်းကျင်တခုလုံးကျမနဲ့ ပြီးတော့ ကျမကလေး တွေနဲ့ ဘ၀တူတွေပါပဲ၊ အဖေက ရေမြေခြားမသွားရင်တောင် စားဝတ် နေရေးအတွက် နေကုန်အောင် အလုပ်ခွင်ထဲ နေရတာမို့ တချို့ကလေးတွေဆို တအိမ်ထဲနေတဲ့ အဖေကို ဒါမှမဟုတ် အမေကို တချို့ဆို နှစ်ယောက်စလုံးကို တပတ်လုံး မတွေ့လိုက်တာတောင် ရှိပါတယ်။ ကလေးတွေမနိုးခင် အိမ်ကနေ အလုပ်ထဲကို ထွက်သွားရပြီး ကလေးတွေအိပ်မှ အိမ်ပြန်ရောက်ရတဲ့ မိဘတွေပေါ့။ ဒါပေမယ့် ရှာလို့ရသမျှ အကုန်ကုန်နေတဲ့ တိုင်းပြည်မှာ အဲဒီလောက်အလုပ်လုပ်တာတောင် ငွေမပိုကြပါဘူး၊ လူရွှင်တော်တစ်ယောက် ပြက်သလို ပြောရရင် တလမ်းလုံး အခွန်ချည်းပဲကိုး၊ ဒီတော့ ကျမတို့မှာ အာဟာရကအစ ပညာရေးအဆုံး ချို့တဲ့နေကြတော့ ကျမ ၀တ္တုတပုဒ် ထဲက ဇာတ်ကောင်ပြောသလို ရောဂါတခုခုဖြစ်လို့ကတော့ သေဖို့ပဲရှိတယ်။ ကုဖို့မှ ပိုက်ဆံမရှိတာ ဆိုသလိုပါပဲ။
ဘာထူးလဲနော် -- ။ ကျမတို့ခမျာကိုယ့်တိုင်းပြည်ထဲ နိုင်ငံသားဖြစ်ခွင့်တခု ရတာကလွဲလို့အဘက်ဘက်က ဆုံးရှုံးပြီး အချိန်မရွေး သေနိုင်ချေများနေတာ။ ပြည်တွင်းနဲ့ပြည်ပ ဘာကွာလဲဆိုရင် ကျမ စဉ်းစားမိတာကတော့ ပြည်ပမှာတော့ ကျမအကြောက်ဆုံး နအဖရဲ့ စစ်ကြောရေးစခန်းမရှိဘူး ဆိုတာပဲ။ ( ဒါကြောင့် မစုစုနွေးကို ချီးကျူးတာ) ။ ဒါပေမယ့် တကယ်တော့ ကျမတို့ဟာ စစ်ကြောရေးတွေနဲ့ပဲ ဘ၀ကို ဖြတ်နေပါလားလို့ အခုကျမှပဲ ကျမ မြင်တတ်ပြီ။ တဘ၀စာ လမ်းတလျောက်မှာ ကျမတို့လောကဓံဆိုတဲ့စစ်ကြောရေးနဲ့ ရင်ဆိုင်နေကြတာပဲ မဟုတ်လား။ အခုလည်း ကျမဘေးမှာ ဆူနာမီကို ကြောက်နေကြရပြန်ပြီ။ တကယ်တော့ ပြည်တွင်းမှာလည်း တတိတိနဲ့ အသေခံနေကြရတာပါ။ ဆူနာမီနဲ့ဆို ချက်ချင်းတောင်သေရဦးမှာ-- ပိုမကောင်းလား။ ကျမကတော့ ကျန်ရစ်သူ တွေကိုပဲ ပိုသနားပါတယ်။ ဆူနာမီမှာမပါဘဲ မိတကွဲ ဖတကွဲ ကျန်ရစ်သူတွေ။ ပြီးတော့ ပြည်တွင်းထဲက မိတကွဲဖတကွဲ ကြီးပြင်းရသူတွေ သိပ်မကွာဘူးလို့ ကျမထင်ပါ တယ်။ အားလုံးဟာ မသေချာတဲ့ဘ၀တွေ။
(၅)
အခုထိ ဖူးကက်နဲ့ဆူနာမီအကြောင်းကို လူတွေက လွမ်းစရာပုံပြင်တပုဒ်လို ပြောကောင်းနေတုန်း။ အလွမ်းဇာတ်တပုဒ် အတွက် ရင်းလိုက်ရတာတွေက တနင့်တပိုး။ လွမ်းကျန်ရစ်သူတွေရဲ့ ရင်ထဲမှာလဲ အနာတရ တွေက ကိုက်ခဲဆဲ။ ကျမကတော့ ဆူနာမီကြောင့် “လူသိသူသိ”သေသွားတဲ့--ဆူနာမီက တရားခံပဲလို့ “အပြစ်တင်ခွင့် ရရ” နဲ့ သေခဲ့သူတွေရဲ့ အကြောင်းကို အကြားမှာ စစ်အစိုးရကြောင့် လူမသိသူမသိ တတိတိနဲ့ သေခဲ့ကြသူတွေ--တိုင်းပြည်ပြင်ပနယ်စပ်တွေမှာ တတိတိနဲ့ သေလမ်းကို တိုးဝင်နေကြရတဲ့သူတွေ--ဘ၀ပျက် သွားကြရတဲ့ အမျိုးသမီးတွေကို မြင်ယောင်ရင်း သူတို့ တတွေရဲ့ ကျန်ရစ်ရှာသူတွေအတွက်လည်း ကြေကွဲနေမိပါတယ်။ ကျမတို့ ဘယ်သူ့ကိုအပြစ်တင်မလဲ။ ဘယ်လို အပြစ်ပေး မလဲ။ ဒါမှမဟုတ် ဘယ်လို ပြန်ကူကယ်မလဲ။ ဖူးကက်မှာတော့ နိုင်ငံတကာ အကူအညီ အန်ဂျီအိုတွေက အားတက်သရော ကူနေကြပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံရောက် မြန်မာတွေရဲ့ အခန်းကဏ္ဍကို ကမ္ဘာက ဆူနာမီကြောင့် ပိုသိသွား ခဲ့ပါတယ်။

တကယ်ပဲ ဆူနာမီရဲ့နောက်မှာတော့ ဖူးကက်ရောက်မြန်မာတွေရဲ့ ဘ၀ဟာ အိပ်မက်ဆန်ဆန် ပြောင်းလဲသွားခဲ့ပါတယ်။ ခုဆိုရင် ဆူနာမီသားကောင် ဒုက္ခသည်တွေရဲ့ ကလေးတွေတောင် ကျောင်းနေခွင့် ရနေပါပြီ၊ ကိုထူးချစ် ဦးဆောင်တဲ့ အခြေခံလူထု လူ့အခွင့်အရေး ပညာရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ(Grassroot Human Rights, Education and Development Committee) က စာသင်ကျောင်း၅ကျောင်းနဲ့ ကလေးထိန်းကျောင်းတစ်ကျောင်း ဖွင့်ထားပြီး ကလေး ၅၀၀ နီးပါးကို ပညာသင်ပေးနေပါတယ်။ ကျောင်းတွေမှာ ကလေးတွေကို ထမင်းလည်းကျွေး။ ဆေးလည်း ကုပေးပါတယ်။ ဒါကတော့ အဆိုးထဲကရတဲ့ နောက်ဆက်တွဲအကောင်းပါ။ အခုတော့ ကိုယ့်တိုင်းပြည်နဲ့ ပင်လယ်ခြားနေတဲ့ ပြည်ပမှာ ဒုက္ခသည်ဆိုတဲ့ မြန်မာကလေးတွေ အနည်းဆုံးတော့ စာတတ်ဖို့အခွင့်အရေးရပါပြီ။
(၆)
မြန်မာပြည်မှာနေတုန်းက မွန်ပြည်နယ်မှာ တာဝန်နဲ့ သွားနေခဲ့တဲ့ ငါးနှစ်မှာ ပင်လယ်ကို ကြိုက်တဲ့ကျမက ကျိုက္ခမီ စက်စဲ ကမ်းခြေဘက်ကို အခါများစွာ သွားပါတယ်။ စေတနာဆင်းရဲတဲ့ အစိုးရကအုပ်ချုပ်တဲ့နိုင်ငံထဲက အစွန်အဖျားကျကျနေရာ လေးမို့ စက်စဲကမ်းခြေဟာသနားခါးလိမ်း တောပန်းတွေပန်ထားပြီး ၀တ်စုံအနွမ်းလေး ၀တ်ထားတဲ့ တောသူမလေးနဲ့သာ တူပါတယ်။ စက်စဲဘက်ကိုအသွား ရာဘာခြံတွေနဲ့ စိမ်းစိုတဲ့မြင်ကွင်း တလျောက်ကို ကျမ သိပ်သဘောကျတာပါ။ ခုတော့ အဲဒီလမ်းခရီးနဲ့ တူလှတဲ့ ဖူးကက် ဒေသထဲက ဖန်ငရွာဘက်အသွားလမ်းဟာ ရာဘာတောတွေကြားကနေ ကျမရဲ့ ငိုချင်ရက် အလွမ်းတွေကို လက်တို့ပါတယ်။ ပိုဆိုးတာကတော့ ရိပ်ကနဲမြင်ရတဲ့ အနေအထားမှာတောင် ပုဆိုးဝတ်တွေ ထမီဝတ်တွေကို တွေ့နေရတာပါ။ လမ်းတွေ ချောမွေ့နေတာကလွဲရင်တော့ မြန်မာပြည်နဲ့ သိပ်တူတာပဲလို့ ကျမကပြော မိတော့ ကားပေါ်မှာ ပါလာတဲ့ လူငယ်လေးတယောက်က ဟုတ်တယ်ဆရာမ--ထိုင်းမှာ ရာဘာရှိရင် မြန်မာရှိတယ်တဲ့။ ကျမက ခု ရာဘာတွေ အများကြီးဆိုတော့ မြန်မာတွေအများကြီးပေါ့နော်--ဟုတ်လားဆိုတော့--ဟုတ်တယ်တဲ့။ ဒေသခံ ထိုင်းတွေထက်တောင် မြန်မာများသေးတယ်တဲ့။ ကျနော်တို့မြန်မာတွေရဲ့ လုပ်အားနဲ့ပဲ သူတို့ သူဌေးဖြစ်နေတာတဲ့။ ဒါဖြင့် ကျမတို့မြန်မာတွေကရော။ ကျမကတော့ မြင်မြင်သမျှ အကြောင်းအမျိုးမျိုး ပြပြီးနည်းမျိုးစုံနဲ့ ပြည်သူ့ဘဏ္ဍာပစ္စည်းကို လုယက်နေတဲ့ အစိုးရကြောင့် ရာဘာခြံတွေ ပိုင်ရှင်တွေလက်ထဲ ရှိမှ ရှိသေးရဲ့လားလို့ တွေးမိပါတယ်၊အခု ထိုင်းမှာကတော့ ရာဘာရှိရင် မြန်မာရှိတယ် တဲ့။ ကျမတို့ နိုင်ငံမှာလည်း ရာဘာ အရှိသား ပဲနော်။ ဒါပေမယ့် ... ။
(၇)
မောင်တို့မယ်တို့ ကျောင်းခန်းဝင်
အပြုံးပန်းကိုဆင်
မင်္ဂလာပါဆရာမ
ညီညီညာညာ နှုတ်ဆက်ကြ
မင်္ဂလာပါဆရာမ ...
အလွမ်းပြေ စိတ်ပြေလက်ပျောက်လာခဲ့ကာမှ အလွမ်းအတွက် ပိုလေးဆိုသလိုပါပဲ။
ကလေးတွေရဲ့နှုတ်ဆက်သံက ကျမကို စိတ်လှုပ်ရှားသွားစေပါတယ်။ ကျမရောက်နေတာ--နိုင်ငံခြားတဲ့။
မဟုတ်ပါဘူး။ ကျမရောက်နေတာ သံဖြူဇရပ်နားက ရာဘာတောထဲမှာမဟုတ်လား။
ကလိန်းညော့--ကလိန်းညော့--။ ဟော ဒါ မွန်စကားနဲ့ လာဦး လို့ ခေါ်တာ။ ကျမလှည့်ကြည့်လိုက်တော့ ကလေးလေးရဲ့ ပြာစင်တဲ့ မျက်လုံးဝိုင်းတွေနဲ့ဆုံတယ်။ ဆရာမ မှန်းစားမယ်--တဲ့။ ဟော--ဒါက ထားဝယ်အရပ် က လေသံ။ ကလေးတွေရဲ့ဆရာမက ဒီဖူးကက်ဘက်က မွန်နဲ့ ထားဝယ်များတယ်--လို့ ကျမကိုပြောပြ နေပါတယ်။ ရာဘာခြံထဲ ဆရာဆရာမကလည်း မြန်မာ ကျောင်းသားကျောင်းသူတွေကလဲ မြန်မာ--။ ပြီးတော့ ကျမတို့ရဲ့ မွန်ဒေသတွေ တနင်္သာရီဒေသတွေလို ရေမြေတောတောင်တွေလည်း ရှိတယ်။ ကျမတို့နိုင်ငံနဲ့ ဘာကွာလို့လဲ။
အို--ကွာတာပေါ့လေ။ ကျမတို့နိုင်ငံရဲ့ ရာဘာတောတွေထဲမှာတော့ ခုလို စာအံသံတွေမရှိပါ။ ခုလို ကလေးတွေ အပူအပင်ကင်းကင်းနဲ့ ကျောင်းတက်ရပြီး-ထမင်းပါကျွေးတဲ့ ကျောင်းမျိုးလည်းမရှိပါ။
ဖိုးစလုံး ဖိုးစလုံး
စောစောစီးစီး စာဆိုတုန်း
စာဆိုတုန်းမှာ ဗိုက်ကဆာ
ဆီဆမ်းစားဖို့ ထမင်းရှာ
အုပ်ဆောင်းအောက်လား စင်ပေါ်လား
စ-စာ-ဆ-ဆာ-စား ။
ဟော ကလေးတွေက ကဗျာဆက်ဆိုနေပြီ။ ဆီဆမ်းစားဖို့ ထမင်းရှာ--တဲ့။ ကြည့်ပါဦး။ နိုင်ငံရဲ့ သရုပ်ပေါ်လိုက်ပုံများ။ ကလေးလေးဆာလို့ စားဖို့ စဉ်းစားတာတောင် ဆီဆမ်းစားဖို့တဲ့--။ တကယ်ဆို ဆိတ်သားနဲ့ စားဖို့တို့ ဘာတို့ ဆိုပါတော့လားလို့ တွေးမိပြီး ရင်နာမိပါသေးတယ်။
ဆရာမ ကျနော်တို့ ဒီကျောင်းမှာပဲ နေ့လယ်စာစားကြစို့တဲ့--။ ကိုထူးချစ်အသံကြားမှ ကျမအတွေးထဲက ထွက်သွားပါတယ်။ သူ့နားမှာ ကလေးတွေက ၀ိုင်းလို့။ ကျောင်းကျန်းမာရေးလိုက်ကြည့်ပေးနေတဲ့ ဆရာဝန်လည်း ကြုံတဲ့ကျောင်းမှာ ထမင်း
ဝင်စားတာပဲတဲ့ ။ အဲဒီနေ့က ကျောင်းနေပျော်တဲ့ ကလေးတွေနဲ့အတူ ထမင်းစားရတာ ဟာ ကျမအတွက်တော့ အံ့သြစရာ ပျော်စရာအတွေ့အကြုံပါပဲ။ ပြီးတော့ ဒါကပဲ မြန်မာပြည်တွင်းနဲ့ မတူတဲ့ မြင်ကွင်းပါပဲ။ မြန်မာပြည်က ရာဘာခြံတွေထဲ မှာတော့ ကျောင်းနေစရိတ်ကြီးလို--စားဝတ်နေရေးကျပ်လို့--မိဘတွေမအားလို့-- ကျောင်းပညာတတ်လည်း မထူးပါဘူး။ ဒီအလုပ်ပဲလုပ်ရမှာ သေချာလို့--ဆိုတဲ့ လို့ တွေကြောင့် ကျောင်းနေအရွယ်ကလေးတွေပါ မိဘရဲ့ အလုပ်တွေကို တနိုင် တပိုင်ဝိုင်းလုပ်နေကြတာ တွေ့ရမှာပါ။ အခု ဒီရာဘာတောထဲမှာတော့ ကလေးတွေက ပျော်လို့---ကျောင်းဆင်းရင် ကမ္ဘာမကြေဆိုပြီးမှ ပြန်ကြတာတဲ့။
ဒီနေရာမှာ သေချာတာတခုကတော့ ရေခြားမြေခြားကိုရောက်မှ မြန်မာတွေတွေ့တိုင်း ကျမမေးနေကျ “ကိုယ့်နိုင်ငံကို မပြန်ချင်ဘူးလား” ဆိုတဲ့မေးခွန်းကိုတော့ ဒီကလေးတွေကို ကျမ မမေးဖြစ်မှာ သေချာပြီ။ ဒါပေမယ့် ကမ္ဘာမကြေ မြန်မာပြေ သီချင်းကိုတော့ ဆက်ဆိုနေစေချင်ပါတယ်၊။
(၈)
ပင်လယ်နံဘေးက သိပ်လှတဲ့ ဖူးကက်ကမ်းခြေဟာ နိုင်ငံခြားဝင်ငွေ ကောင်းကောင်းရတဲ့ ဒေသပါ။ အဲဒီမှာ ကဗျာဆန်တဲ့ ရာဘာတောတွေ ရှိတယ်။ ပုဆိုးတွေ ထမီတွေနဲ့ လမ်းသလားနေတဲ့ မြန်မာပြည်သားတွေရှိတယ်။ ကလေးလေးတွေရဲ့ ပျော်ရွှင်ရယ်မောသံတွေ ရှိတယ်။ ပြီးတော့ အဲဒီ ရာဘာတောတွေရဲ့ လှပနက်ရှိုင်းမှုထဲမှာ --အဲဒီ မြန်မာပြည်သားတွေရဲ့ လွမ်းမောစရာ ဇာတ်လမ်းတွေ ရှိတယ်။
ဒါပေမယ့် ဇာတ်လမ်းအားလုံးရဲ့ ခေါင်းစဉ်ကတော့ တခုထဲရယ်။ ကူကယ်ရာ ... တဲ့လေ။ ။ [Top] |