#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
 
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ

ဧရာဝတီ | စက်တင်ဘာ ၂၁၊ ၂၀၀၇

ရွှေဘို - စစ်ကိုင်းတိုင်း - ယနေ့ နေ့လယ် ၁၂း၃၀ - ၁ နာရီ ခန့်က စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင် သံဃာတော် အပါး ၇၀ ကျော်က ရွှေဘိုဈေး အနီးဝန်းကျင်တွင် မေတ္တာသုတ် ရွတ်ဆို၍ ချီတက်ဆန္ဒပြသည်ဟု မျက်မြင်သက်သေများ၏ ပြောပြချက်အရ သိရ သည်။

အာဏာပိုင်များက ယင်းဆန္ဒပြ သံဃာတော်များနောက်မှ လိုက်လံ ကြည့်ရှုခဲ့သော်လည်း ပြီးဆုံးချိန်အထိ တစုံ တရာ နှောင့်ယှက်မှုများ မပြုလုပ်ကြောင်း၊ ထောင်နှင့်ချီသော ပြည်သူများက ဆန္ဒပြသံဃာများကို လက်ခုပ် လက်ဝါးတီး၍ အားပေးကြကြောင်း အဆိုပါမျက်မြင် သက်သေများက ပြောသည်။

အမရပူရမြို့- မန္တလေးတိုင်း - ယနေ့နေ့လယ် ၁၂နာရီ မှ စတင်၍ အမရပူရမြို့ မဟာဂန္ဓာရုံ ကျောင်းတိုက်မှ  သံဃာတော် အပါး ၇၀၀ ကျော်  ချီတက် သပိတ်မှောက်သည် ဟုသိရသည်။

“သုံးပါးစီ စီတန်းလမ်းလျောက်တယ်၊ ရှေ့ဆုံးမှာ သာသနာ့ အလံထောင်တယ်၊ သံဃာ တပါး က သပိတ်ကို မှောက်ပြီးတော့ ကိုင်တယ်၊ မင်္ဂလာတိုက် လမ်းက ထွက်ပြီး လမ်းငါးခွ၊ ကွမ်းသီးတန်း ရွေဂူကြီးဘုရား လမ်းမတက် ပြီး တောင်သမန်လမ်း တောက်လျောက်သွားတယ်”ဟု မျက်မြင်တဦး က ပြောသည်။

ဆန္ဒပြသံဃာတော်များနောက်က ရဲနှင့် ကြံ့ဖွံ့အဖွဲ့ဝင် ၂၀ ကျော်က ဆိုင်ကယ်နှင့် လိုက်ကြည့်ကြောင်း၊ စစ်ကိုင်း မန္တလေး သွား ကားတန်းများ ရပ်တန့်ပေးပြီး လမ်းဘေးဝဲယာရှိပြည်သူများက သံဃာတော်များကို ကြည်ညို အားပေးကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန် - ယနေ့ နံနက်ပိုင်းတွင် သံဃာတော် အပါး ၃၀၀ ခန့် မြောက်ဥက္ကလာပ မြို့နယ် မယ်လမု ဘုရားသို့ ချီတက် ဆန္ဒပြကြောင်း သိရသည်။

ယင်းသံဃာတော်များသည် မယ်လမု ဘုရားတွင် ၁၅ မိနစ်ခန့် မေတ္တာသုတ်များ ရွတ်ဖတ်ကြသည်ဟု ဆိုသည်။

မိုးသဲထန်စွာ ရွာနေသည့်ကြားမှပင် ရန်ကင်းမြို့နယ်ဘက်မှ ချီတက်လာသော သံဃာတော် အပါး ၂၀၀ ခန့်သည်လည်း အခြားသော သံဃာတော် အပါး ၅၀ ခန့်နှင့်ပူးပေါင်း၍ ရွှေတိဂုံဘုရားသို့ ချီတက်သွားကြောင်း အေပီ သတင်း၏ အဆိုအရ သိရသည်။

ရန်ကုန် - နေ့လယ် ၃ နာရီကျော်တွင် ထောင်နှင့်ချီသောသံဃာများ ဗိုလ်ချုပ်အောင်ဆန်းလမ်း စကော့ဈေးရှေ့မှ လေးပါးတတန်း စီတန်းချီတက်သွားကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

“အပါး ၄၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းတယ်” ဟု ၎င်းကပြောသည်။

သပိတ်မှောက် စစ်ကြောင်းထိပ်ဆုံးနှင့် နောက်ဆုံးတွင် သာသနာ့အလံ ၃ လက်စီ ကိုင်ဆောင်ချီတက်ကြကြောင်း အဆိုပါမျက်မြင်သက်သေက ပြောသည်။

ဆန္ဒပြသံဃာများသည် ဆူးလေဘုရားလမ်းသို့ချိုးကွေ့ကာ ဆူးလေဘုရားဘက်သို့ ဆက်လက် ချီတက်ကြောင်းလည်း သိရသည်။

ဆန္ဒပြသံဃာထုနှင့်အတူ ကျောင်းသား၊ ပြည်သူ ၁၀၀၀ ခန့် ပူးပေါင်းလိုက်ပါနေကြောင်း စုံစမ်းသိရှိရသည်။

ပဲခူးမြို့- ပဲခူးတိုင်း - နေ့လယ် တနာရီမှ ၂ နာရီ ခန့်အထိ သံဃာအပါး ၁၀၀ ခန့် ချီတက်ဆန္ဒပြ သပိတ်မှောက်သည် ဟုသိရသည်။

၎င်းသံဃာတော်များသည် ပဲခူးရှိဘုန်းကြီးကျောင်းများနှင့် ရွှေမော်ဓောဘုရားသို့ မေတ္တာသုတ်ရွတ်ချီတက်ခဲ့ကြသည်ဟု ဒေသခံတဦးက ပြောသည်။

နံနက်ပိုင်းတွင်လည်း ပဲခူးမှသံဃာတော်များ ဟိုင်းလတ်ကား ၃ စီးဖြင့် ရန်ကုန်ကိုလာရာ အာဏာပိုင်တို့က ရန်ကုန်မြို့အ၀င် ထောက်ကြံ့ဂိတ်အရောက်တွင် တားဆီးခဲ့ကြောင်း သိရသည်။
 
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
စက်တင်ဘာလ ၂၀ | စက်တင်ဘာလ ၁၉ | စက်တင်ဘာလ ၁၈
 

 

 

 

 

 

 

 

 

 

 

 

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.