ဧရာဝတီ | စက်တင်ဘာ ၁၉၊ ၂၀၀၇
ဆူးလးဘုရား-ရန်ကုန်မြို့
ညနေ ၄ နာရီခန့်တွင် ဆူးလေဘုရားရင်ပြင်၌ ဆန္ဒပြသံဃာ ၁၀၀၀ ကျော်နှင့် ထောက်ခံအားပေးသော ပြည်သူလူထုကို ဆောင်သည့်သံဃာ ၃၊ ၄ ပါးက နိုင်ငံရေးတရားဟောကာ ချီတက်ဆန္ဒပြပွဲအား အောင်မြင်စွာရုပ်သိမ်းကြောင်း ဆန္ဒပြပွဲကို အစအဆုံးလိုက်လံကြည့်ရှုခဲ့သည့်သံဃာတပါးက ဧရာဝတီသို့ ပြောသည်။
ဆန္ဒပြသံဃာများသည် နေ့လယ်တနာရီတွင် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှ စတင်ချီတက်ကြခြင်းဖြစ်ပြီး ရွှေဂုံတိုင်လမ်းဆုံ၊ တာမွေပလာဇာ၊ ကျောက်မြောင်းဈေး၊ သိမ်ဖြူလမ်းတို့မှတဆင့် ဆူးလေဘုရားသို့ ချီတက်ကြခြင်း ဖြစ်သည်။
ချီတက်ဆန္ဒပြသည့် သံဃာတော်များအား ပြည်သူလူထုက လက်ခုပ်တီးအားပေးကြပြီး ရေသန့်၊ အအေးနှင့် ကွမ်းများ ကပ်လှူကြသည်။ ဆူးလေဘုရာသို့ရောက်သည့်အချိန်၌ ထောက်ခံအားပေးသောပြည်သူ တသောင်း ကျော်သွားသည် ဟုလည်း မျက်မြင်သက်သေသံဃာက ပြောသည်။
“ဆူးလေရင်ပြင်မှာ ကိုယ်တော်တွေက တနိုင်ငံလုံးကပြည်သူတွေကိုမေတ္တာပို့တယ်။ ပြီးတော့ဘုရားရှိခိုးပြီး ၃၊ ၄ ပါး လောက်က နိုင်ငံရေးတရားဟောတယ်” ဟု အဆိုပါသံဃာက ပြောသည်။
၎င်းအပြင် “မြန်မာနိုင်ငံဟာ သူများတိုင်းပြည်တွေနဲ့ယှဉ်ရင် အစစနောက်ကျနေရတာ စစ်အစိုးရကြောင့်လို့ ဟောတယ်။ ဆန္ဒပြသံဃာတွေကိုအကြမ်းဖက်ရင် ကိုယ်တော်တွေက အကြမ်းဖက်မယ့်အကြောင်း၊ စာသင်တိုက်တွေမှာအုပ်ချုပ်နေတဲ့ နာယကဆရာတော်တွေက ကျောင်းတိုက်တွေက ကိုယ်တော်လေးတွေကို သူတို့ဆန္ဒအလျှောက်သွားတာကို မတားမြစ်ပါနဲ့၊ သာသနာမျက်နှာကိုကြည့်ပါ … ဆိုတာတွေကို ဟောကြတယ်” ဟုလည်း ပြောသည်။
ရန်ကုန်မြို့-ရန်ကုန်တိုင်း
ယနေ့ ညနေပိုင်း ၅ နာရီခန့်က သံဃာတော်အပါး ၅၀၀ ခန့်သည် ၎င်း သီတင်းသုံးရာ ကျောင်းတိုက်ရှေ့မှ ဖြတ်၍ ရွှေဂုံတိုင်ဘက်သို့ ဆက်လက် ချီတက်သွားသည်ကို မြင်ရကြောင်း တာမွေရှိ ဓမ္မာစရိယ စာချဦးပဉ္ဖင်းတပါးက ပြောသည်။
ယင်းဆန္ဒပြ သံဃာတော်များသည် သင်္ကန်းကျွန်း ကျက္ကဆံ ဘုရားဘက်မှ ဆန္ဒပြ ချီတက်လာခြင်း ဖြစ်သည်ဟုလည်း သိရသည်။
စစ်တွေ-ရခိုင်ပြည်နယ်
ယနေ့ နေ့လယ် ၁ နာရီခန့်တွင် စစ်တွေမြို့ရှိ သံဃာတော် အပါး ၈၀၀ ခန့်က ဖမ်းဆီးခံထားရသူ ၃ ဦးကို ပြန်လွှတ်ပေးရန် ပြည်နယ်ရဲတပ်ဖွဲ့ရုံးရှေ့၌ တောင်းဆို ဆန္ဒပြကြကြောင်း မြို့ခံတဦးကပြောသည်။
အဆိုပါဖမ်းဆီးခံထားရသူ ၃ ဦးသည် သြဂုတ်လ ၂၈ ရက်နေ့က စစ်တွေမြို့တွင် လောင်စာဆီနှင့်ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ဆန္ဒပြသော သံဃာ အပါး ၂၀၀ ကျော်ကို ရေသန့်ဘူးများ ကပ်လှူသောကြောင့် အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
စစ်တွေ-ရခိုင်ပြည်နယ်
ယမန်နေ့က ဆန္ဒပြရာတွင်ပါဝင်သော စစ်တွေမြို့မှ သံဃာ ၄ ပါးကို အာဏာပိုင်များက နေ့လယ်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်း ခဲ့ပြီး ညဘက်တွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟု စစ်တွေ မြို့မ ကျောင်းမှ သံဃာတော်တပါးက ပြောသည်။
ဖမ်းဆီးခံရသည့် သံဃာ ၄ ပါးတွင် ကိုရင်တပါ ပါဝင်ရာ ယင်းကိုရင်သည် ၎င်းတို့ ကျောင်းကဖြစ်သည်ဟု မြို့မကျောင်း သံဃာတော်က ပြောသည်။ ယနေ့ နံနက်တွင် သံဃာတော်များနောက်မှလိုက်၍ ဆန္ဒပြသည့် ပြည်သူ ၁၀ ဦးကိုလည်း ပြန်လွှတ်လိုက်သည်ဟု ဆိုသည်။
ယမန်နေ့က စစ်တွေမြို့၌ ရာနှင့်ချီသော သံဃာတော်များနှင့် ပြည်သူများက လမ်းမများပေါ်တွင် ဆန္ဒပြချီတက်ကြသည်ကို အာဏာပိုင်များက မျက်ရည်ယိုဗုံးသုံး၍ ဖြိုခွဲခဲ့သည်။
ပြည်မြို့-ပဲခူးတိုင်း
နံနက် ၁၀ နာရီခန့်က သံဃာအပါး ၅၀၀ ကျော် မေတ္တာသုတ်ရွတ်ကာ ရွှေဆံတော်ဘုရားဝန်းကျင်၌ ချီတက်ဆန္ဒပြကြ သည်ဟု ပြည်မြို့ခံတဦးက ပြောသည်။
ဆန္ဒပြသံဃာများတွင် ဆရာတော်ကြီးများလည်း ပါဝင်ကြောင်း သိရသည်။
ရန်ကုန်မြို့-ရန်ကုန်တိုင်း
နေ့လယ်တနာရီတွင် သံဃာတော်အပါး ၄၀၀ ခန့် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှစ၍ ချီတက်ဆန္ဒပြကြောင်း မျက်မြင် သက်သေတဦးက ပြောသည်။
ဆန္ဒပြသံဃာများသည် အသာသနာ့အလံ ၅ လက်ကို ထိပ်ဆုံးတွင်လွှင့်ထူထားပြီး ၃ ပါးတတွဲတန်းကာ ချီတက်ဆန္ဒ ပြကြသည်ဟု အဆိုပါမျက်မြင်သက်သေက ပြောသည်။ နေ့လယ်တနာရီခွဲတွင် ဆန္ဒပြသံဃာများ ရွှေဂုံတိုင်လမ်းဆုံသို့ ရောက်ရှိပြီး ခြောက်ထပ်ကြီးဘုရားဘက်သို့ ဆက်လက်ချီတက်ကြသည်။
ခြောက်ထပ်ကြီးဘုရားအရောက်တွင် ဆန္ဒပြချီတက်ပွဲသို့ အခြားသံဃာများ ထပ်မံပူးပေါင်းသောကြောင့် အပါး ၇၀၀ ခန့်အထိဖြစ်သွားပြီး ပြည်သူများလည်း နောက်မှလိုက်လျှောက်သည်ဟု မျက်မြင်သက်သေက ပြောသည်။
နေ့လယ် ၂နာရီတွင် ဆန္ဒပြသံဃာများး တာမွေလမ်းဆုံသို့ရောက်ကြောင်း စုံစမ်းသိရှိရသည်။
ရန်ကင်းမြို့နယ်-ရန်ကုန်
ယနေ့နံနက် အာရုံဆွမ်းစားပြီးချိန်မှစ၍ သံဃာအပါး ၅၀ ခန့်သည် သာသနာ့အလံကိုထူကာ ရန်ကင်းနှင့် သင်္ကန်းကျွန်း မြို့နယ်တို့ရှိ လမ်းများတွင် ပရိတ်ရွတ် ချီတက်ဆန္ဒပြသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။
“သင်္ကန်းကို တရားဟောသွား၊ ဆွမ်းခံသွားရင်ရုံသလို ၀ိနည်းအတိုင်းရုံထားတယ်။ မိုးရွာထဲမှာ စက္ခုနြေ္ဒချပြီး (မျက်လွှာချပြီး) စင်္ကြံလျှောက်တာ။ ဘုန်းကြီးတွေရဲ့မျက်နှာတွေပြာနေတာ ချမ်းနေမှာပဲ” ဟု အဆိုပါ မျက်မြင်သက်သေက ပြောသည်။
ဆန္ဒပြသံဃာများသည် မိုးကောင်းဘုရားပတ်ဝန်းကျင်ရှိ ကျောင်းတိုက်များမှဖြစ်ကြပြီး ဆွမ်းစားချိန် ရောက်ခါနီးတွင် မိုးကောင်းဘုရားကို ၃ ကြိမ်ပတ်၍ ဆန္ဒပြပွဲအား ရုပ်သိမ်းလိုက်ကြောင်း စုံစမ်းသိရှိရသည်။
ကြို့ပင်ကောက်-ပဲခူးတိုင်း
ယမန်နေ့ညနေ ၅ နာရီခန့်မှ ၉ နာရီအထိ ကြို့ပင်ကောက်မြို့မှ သံဃာအပါး ၂၅၀ ကျော်တို့သည် မေတ္တာသုတ်နှင့် မောရသုတ်ရွတ်ကာ ချီတက်ဆန္ဒပြကြသည်ဟု မြို့ခံသံဃာတပါးက ပြောသည်။
“မြို့ပေါ်ကကျောင်းတွေ အစုံလောက်ပါပဲ … စာသင်သား သံဃာငယ်တွေ အများဆုံးပါကြတယ်။ အခုလို သံဃာတွေ မေတ္တာသုတ်ရွတ်တယ်၊ မြို့ထဲကိုလှည့်တယ်ဆိုတာ တခြားမြို့တွေက သံဃာတွေနဲ့ ဆန္ဒတူ၊ သဘောတူတယ်ဆိုတဲ့ သဘောပါပဲ” ဟုလည်း မြို့ခံသံဃာက ပြောသည်။
မန္တလေးမြို့-မန္တလေးတိုင်း
မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှ သံဃာအပါး ၃၀၀ ကျော် ယနေ့နံနက် ၆ နှာရီ မှ ၈ နာရီအထိ မေတ္တာသုတ်ရွတ်ကာ ချီတက်ဆန္ဒပြကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သည့် သံဃာတပါးက ပြောသည်။
ဆန္ဒပြပွဲကို အာဏာပိုင်တို့က နှောင့်ယှက်ခြင်းမရှိကြောင်း သိရသည်။ မစိုးရိမ်တိုက်သစ်တွင် သံဃာတော်ပေါင်း ၂၈၀၀ ကျော်ရှိသည်ဟုလည်း ၎င်းကပြောသည်။
|