ဧရာဝတီ | အောက်တိုဘာ ၁၊ ၂၀၀၇
လှိုင်မြို့နယ်-ရန်ကုန်
ချီတက်ဆန္ဒပြပွဲများတွင် အဖမ်းခံရသူများအနက် ၇၀ ခန့်ကို လှိုင်မြို့နယ် မယက ရုံးမှတဆင့် ယနေ့ညနေ ၅ နာရီပြန်လွှတ် မည်ဟု မိသားစုများကို အကြောင်းကြားသည်ဟု ရန်ကုန်မြို့ခံတဦးက ဧရာဝတီကို ပြောသည်။
ရန်ကုန်
မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီသည် မနက်ဖြန်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါသတင်းစာ ရှင်းလင်းပွဲသို့ ပြည်တွင်း ပုဂ္ဂလိက စာနယ်များကိုဖိတ်ကြားသော်လည်း အချိန်နှင့် နေရာကို မနက်ဖြန် ကျမှ ဖုံးဆက်အကြောင်းကြားမည်ဟု အာဏာပိုင်များကပြောကြောင်း ရန်ကုန်အခြေစိုက် ဂျာနယ်လစ်တဦးက ပြောသည်။
မစ္စတာ ဂန်ဘာရီသည် မြန်မာနိုင်ငံသို့ စနေနေ့က ရောက်ရှိခဲ့ပြီး မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မိနစ် ၉၀ ကြာတွေ့ဆုံကြောင်း၊ စစ်အစိုးရ အတွင်းရေးမှူး (၁) နှင့် ယာယီဝန်ကြီးချုပ် ဒု ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့်လည်း တွေ့ဆုံကြောင်း သိရသည်။
မန္တလေးမြို့- မန္တလေးတိုင်း
ယနေ့မှစ၍ မန္တလေး အဝေးသင်တက္ကသိုလ်နှင့် နည်းပညာကောလိပ်များကို စာမေးပွဲဖြေဆိုရမည့် ရက်ရွှေ့ဆိုင်းလိုက်သည် ဟုသိရသည်။
“နည်းပညာကောလိပ်က ဒီကနေ့စာမေးပွဲရှိတယ်၊ အဲဒါကို နိုဝင်ဘာ ၁ ရက်နေ့မှလာခဲ့လို့ပြောတယ် အခုက ကျောင်းပိတ် လိုက်တယ်လို့ပြောခွင့်မရှိဘူး၊ ရက်ရွှေ့ဆိုင်းလိုက် ပါတယ်လို့ပြောရမယ်” ဟု ၎င်းကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသားများက ပြောသည်။
အဝေးသင်ကောလိပ်ကို ၂ လ၊ နည်းပညာ ကောလိပ်ကို ၁ လ ရွှေ့ဆိုင်းလိုက်သည် ဟုလည်းဆိုသည်။
နည်းပညာကောလိပ်စာမေးပွဲသည် ယနေ့တွင်ဖြေဆိုရမည်ဖြစ်ပြီး အဝေးသင်တက္ကသိုလ် စာမေးပွဲသည်လည်း ယခုလ အတွင်း ဖြေဆိုရမည် ဖြစ်သည်။
ယမန်နေ့ က ကျောင်းသားများ ပါဝင်ဆန္ဒပြကြပြီးနောက် ဆေးတက္ကသိုလ်ကျောင်းနှင့် အနီးရှိ ဆေးရုံ ၀င်ပေါက်များ ကိုလည်း လူဝင်ထွက်ရလွယ်ကူသည့် တံခါးပေါက်များကို ပိတ်ထားပြီး တပေါက်တည်းသာ ဖွင့်ထားသည်ဟုလည်း သိရသည်။
ကျောက်ပန်းတောင်း-မန္တလေးတိုင်း
ယနေ့နံနက်ပိုင်းက ကျောက်ပန်းတောင်း မ.ယ.က က မြို့တွင်းရှိသံဃာတော် များအား ဆွမ်းကပ်လှူရာ ပတ္တနိက္ကုဇ္ဇနကံ ဆောင်ထားသောကြောင့် မည်သည့်ကျောင်းတိုက်ကမှ ဆွမ်းစားမကြွကြောင်း
ခေမာသီဝံကျောင်းတိုက်ရှိ စာချဆရာတော် တပါးက ဧရာဝတီကို မိန့်တော်မူသည်။
ကျောက်ပန်းတောင်းတမြို့လုံးကိုလည်း စစ်ကား၊ ရဲကာများ နေရာအနှံ့လုံခြုံရေးယူထားကြောင်း သိရသည်။
“မနေ့ညက ကျောင်းတိုက်တွေရှေ့ စစ်ကားတွေလာရပ်တော့ မြို့လူထုတွေကကျောင်းတွေကိုဝင်တယ်မှတ်ပြီးတော့
ထပ်ဝိုင်းကြတာပေါ့။ သံပုံးတွေတီး ဘာတွေတီးဖြစ်ကြတယ်” ဟုလည်း စာချဆရာတော်က ပြောသည်။
သံဃာများအား ဖမ်းဆီးပစ်ခတ်နေသည်ဟူသော သတင်းများကြောင့် ကျောက်ပန်းတောင်းရှိ စာသင်တိုက်အသီးသီးမှ သံဃာတထောင်ခန့်ကိုလည်း မိဘဆွေမျိုးများက နေရပ်အသီးသီးသို့ ပြန်လည်ခေါ်ဆောင်သွားကြောင်းလည်း စုံစမ်း သိရှိရသည်။
မန္တလေးမြို့-မန္တလေးတိုင်း
ယမန်နေ့က ကျောင်းသားပြည်သူများ ဆိုင်ကယ်နှင့် ဆန္ဒပြချီတက်မှုကြောင့် လုံခြုံရေးများ ပိုမိုတင်းကျပ်ထားသည်ဟု သိရသည်။
“၇၈ လမ်း တက္ကသိုလ်ဟောင်း ပင်မဆောင် အ၀င်အထွက်ပေါက်တွေမှာ သံဆူးကြိုးတွေချထားတယ်။ ကျောင်းသားနဲ့
လူအ၀င်အထွက်ကိုလည်း တင်းကျပ်စွာစိစစ်နေတယ်”ဟု မြို့ခံတဦးက ပြောသည်။
သံဃာတော်များ၏ ဆွမ်းခံခွင့်နှင့် ဘုန်းကြီးကျောင်းပြင်ပသို့ ထွက်ခွင့်ကို ပိတ်ထားသည့်အပြင် ဒကာ၊ ဒကာများကိုလည်း ဘုန်ကြီးကျောင်းတွင် ဆွမ်းကပ်ခွင့် ပိတ်ပင်ထားသည်ဟုလည်း ပြောသည်။
နေ့လယ် ၁ နာရီ နောက်ပိုင်းအချိန်များတွင် ဆန္ဒပြလှုပ်ရှားမှုများဖြစ်သောကြောင့် ၎င်းအချိန်များတွင် လုံခြုံရေး ပိုမိုတင်းကျပ်စွာ ချထားကြောင်း သိရသည်။
နေ့စဉ် အာဏာပိုင်တို့က စစ်ကားများဖြင့်နယ်များမှ လူများခေါ်ဆောင်လာသည် ဟုလည်းသိရသည်။
“စဥ့်ကူးက ကြည်တောက်ပေါက်ရွာကနေ လူတွေကို စစ်ကား ၂ စီးနဲ့ အပြည့်တင်လာတယ်၊ ချမ်းအေးသာဇံ အရပ်မှာလည်း တယောက်ကို ၃၀၀၀ နှုန်းပေးပြီး လူတွေလိုက်ငှားတယ်”ဟု မျက်မြင်သက်သေတဦး ကပြောသည်။
မန္တလေးတွင် ယမန်နေ့ကထုတ်ဝေသည့် ရတနာပုံသတင်းစာတွင် မော်တော်ဆိုင်ကယ်ဖြင့်သော် လည်းကောင်း၊ မော်တော် ကားဖြင့်သော်လည်းကောင်း လှည့်လည်ခြင်း၊ အော်ဟစ်ကြွေးကြော်ခြင်းမပြုရ၊ အစိုးရကို အကြည်အညိုပျက်စေမည့် မည်သည့်စကားကိုမှ တီးတိုးပြောဆိုခြင်းမပြုရဟု ဖော်ပြထားကြောင်း ဒေသခံတဦးပြောပြချက် အရသိရသည်။
မန္တလေးတိုင်း အန်အယ်လ်ဒီ တွဲဖက်အတွင်းရေးမှူး ဦးမောင်မောင်သန်း အဖမ်းခံရ
ယမန်နေ့ ည ၁၀ နာရီကျော် ရေဒီယို နားထောင်ချိန်အပြီးတွင် ဦးမောင်မောင်သန်းကို နေအိမ်၌ အာဏာပိုင်များက လာရောက်ဖမ်းဆီး သွားသည်ဟု သိရသည်။
“ဘယ်ကိုခေါ်သွားမလဲ မပြောဘူး၊ ခဏလောက်ဆိုပြီး ခေါ်သွားတာပဲ၊ ဒါတွေက ထုံးစံလိုကို ဖြစ်နေတာပဲ၊ သူ့မိသားစုတွေ ကတော့ အ၀တ်အစားနည်းနည်းနဲ့ ဆေးနည်းနည်း ပေးလိုက်နိုင်တယ်”လို့ ဦးမောင်မောင်သန်းနှင့် လုပ်ဖော်ကိုင်ဖက် တဦးက ပြောသည်။
ရန်ကုန်
Weekly Eleven News ဂျာနယ်မှ သတင်းထောက် ကိုဝင်းကိုကိုလတ် ၂၇ နှစ်သည် စက်တင်ဘာ ၂၇ ရက်နေ့က အ.ထ.က
(၃) မင်္ဂလာတောင်ညွန့်ကျောင်းရှေ့တွင် စစ်တပ်က ဆန္ဒပြသမားများအား ပစ်ခတ်သည့်နေရာသို့ သွားရောက်ကြည့်ရှူခဲ့ရာ ပျောက်ဆုံးနေကြောင်း Weekly Eleven News ဂျာနယ်မှ အယ်ဒီတာတဦးက ဧရာဝတီကို ပြောသည်။
“ဆေးရုံကြီး သေဆုံးသူများစာရင်းမှာလည်းကြည့်တော့ မပါဘူး။ သူနဲ့အတူ ကင်မရာတလုံးပါသွားတယ်”ဟု အဆိုပါ အယ်ဒီတာက ပြောသည်။
ရန်ကုန်
ဆူးလေဘုရားပတ်ဝန်းကျင်နှင့် ရန်ကုန်မြို့ထဲနေရာအနှံ့အပြားတွင် သွားလာနေသူများကို လုံခြုံရေးတပ်ဖွဲ့ဝင် များက ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု ရန်ကုန်မြို့ခံတဦးက ဧရာဝတီကို ပြောသည်။
“ကားပေါ်ကဆင်းလာလဲ ဆင်းဆင်းချင်း တကိုယ်လုံးအနှံ့ရှာတယ်။ လူငယ်တွေကို အဓိကထားရှာတယ်။ မသင်္ကာရင် ခေါ်သွားတယ်။ ကင်မရာတွေ့ရင် စုံစမ်းမေးမြန်းခြင်းမရှိ ခေါ်သွားတယ်” ဟု ရန်ကုန်မြို့ခံက ပြောသည်။
ရန်ကုန်
ပြီးခဲ့သည့်အပတ်က ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများနှင့် ပတ်သတ်၍ ဖမ်းဆီးပျောက်ဆုံးမှုများရှိခဲ့သည်။
“The Voice ဂျာနယ်က ကိုကျော်ဇေယျထွန်း ၂၃ နှစ် အင်းစိန်ဖေါ့ကန်၊ 7 Day News ဂျာနယ်က ကိုနေလင်းအောင် ၂၀ နှစ်၊ Weekly Eleven News ဂျာနယ်က သတင်းတောက်အမျိုးသမီးတဦးတို့ အဖမ်းခံထားရတယ်။ မနက်ဖြန် သူတို့ မိသားစု တွေ ICRC နိုင်ငံတကာကြက်ခြေနီအသင်းဆီ သွားလိမ့်မယ်” ဟု ဂျာနယ်အယ်ဒီတာတဦးက ဧရာဝတီကိုပြောသည်။
တိုကျိုရှင်ဘွန်းသတင်းစာမှ ဦးမင်းဇော်ကို အာဏာပိုင်တို့က စက်တင်ဘာ ၂၈ ရက်နေ့တွင် နေအိမ်မှဖမ်းဆီး ခေါ်ဆောင် သွားကြောင်းသိရသည်။ အသက် ၅၆ နှစ်ရှိပြ ဖြစ်သော ဦးမင်းဇော်သည် ဆီးချိုရောဂါနှင့် သွေးတိုးရောဂါ ဝေဒနာသည်တဦး လည်းဖြစ်သည်ဟု အေပီသတင်းတွင်ဖေါ်ပြထားသည်။
ဓမ္မသိင်္ဂီကျောင်းတိုက်မှ ဆရာတော် ဦးစန္ဒာသီရီ (သက်တော် ၄၂ နှစ်) လည်း ခြေထောက်တွင်သေနတ်ဒဏ်ရာရထားပြီး ပျောက်ဆုံးနေကြောင်း ဆရာတော်နှင့်နီးစပ်သည့်သံဃာတပါးက ပြောသည်။
ရေကျော်လမ်းမပေါ်တွင်ဆိုင်ဖွင့်ထားသော Excellent Aircom ဆိုင်ပိုင်ရှင် ကိုကျော်ဇေယျ ၄၀ နှစ်နှင့် သူ၏အလုပ်
သမား ၂ ဦးလည်း သောကြာနေ့ကတည်းက ပျောက်ဆုံးသွားကြောင်း မိသားစုနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။
ယမန်နေ့ နေ့လယ် ၂ နာရီခွဲခန့်က ၃၇ လမ်းသို့ပြေးဝင်လာသည် ဆန္ဒပြကျောင်းသား ၁၅ ဦးကို ၅ ရပ်ကွက် ရယက ရုံးရှေ့
တွင် ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။
တောင်ကုတ်မြို့-ရခိုင် ပြည်နယ်
ယမန်နေ့မနက် ၁၁ နာရီခွဲက တောင်ကုတ်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ခိုင်ကို နေအိမ်မှဖမ်းဆီးသွား ကြောင်းသိရသည်။
|