မြန်မာ့ တွေ့ဆုံဆွေးနွေးရေး စင်္ကာပူကြိုဆို
ဧရာဝတီ | နိုဝင်ဘာ ၁၃၊ ၂၀၀၇

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရတို့၏ တွေ့ဆုံဆွေးနွေးရေးနှင့်ပတ်သက်ပြီး စင်္ကာပူ
ဝန်ကြီးချုပ်က ကြိုဆိုလိုက်သည်။

မြန်မာနိုင်ငံ ဒီမိုကရေစီပေါ်ထွန်းရေး လုပ်ငန်းစဉ်အတွက် ဒီမိုကရေစီလိုလားသည့် မည်သည့်အာဆီယံနိုင်ငံများ၏ အားပေး ထောက်ခံမှုကိုမဆို လက်ခံကြိုဆိုသည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုလိုက်ပြီး “၀န်ကြီးချုပ် လီရှန်လွန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ကြေညာချက်ကို တွေ့ပြီးတော့ မြန်မာနိုင်ငံအမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို လိုလားတယ်လို့ပြောပါတယ်၊ ဒီပြောဆိုချက်ဟာ ကျနော်တို့အတွက် အဓိပ္ပာယ် ပြည့်ဝတဲ့ အထောက်အပံ့ကိုဖြစ်စေပါတယ်၊ စိတ်အင်အားအရဖြစ်စေ နိုင်ငံတကာရဲ့ ဘယ်လိုအားပေးထောက်ခံမှုကိုပဲဖြစ်ဖြစ် ကျနော်တို့ ကြိုဆိုပါတယ်”ဟု ဧရာဝတီသို့ ဆက်လက်ပြောကြားသည်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီက စင်္ကာပူနိုင်ငံတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်ကို ဖတ်ကြားပြီးနောက် ၀န်ကြီးချုပ် လီရှန်လွန်းက မြန်မာနိုင်ငံ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ပွင့်လင်းလွတ်လပ်သော တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်မှုကို လိုလားကြောင်း၊ ယင်းလုပ်ငန်းစဉ် လွယ်ကူချောမွေ့စွာဖြစ်ပေါ်ရေးအတွက် ကုလသမဂ္ဂ၏ အကူအညီလိုအပ် ကြောင်း ပြောသည်ဟုလည်း ၎င်းက ဆိုသည်။

အာဆီယံ ခေါင်းဆောင် တဦးအနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောကြားခြင်းသည် ၁၂ နှစ်တာကာလ အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်ဟု လေ့လာသူများက ပြောဆိုသည်။

မကြာသေးခင်ကလည်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၏အခြေအနေကို အနီးကပ်စောင့်ကြည့်လေ့လာနေ ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သို့ စာတစောင် ပေးပို့ခဲ့သည်။

အဆိုပါစာတွင် မြန်မာ့နိုင်ငံရေးအပြောင်းအလဲအတွက် လာရောက်သော ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဂန်ဘာရီ နှင့် မြန်မာအစိုးရတို့၏ပူးပေါင်းဆောင်ရွက်မှု အခြေအနေအပေါ် စိုးရိမ်မှုရှိကြောင်း၊ စစ်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီ အပါအ၀င် နိုင်ငံရေးပါတီ အားလုံးပါဝင်သော စစ်မှန်သည့် တွေ့ဆုံဆွေးနွေးရေးကို ဖြစ်ပေါ်စေလို ကြောင်းတို့ ပါရှိသည်ဟု သိရသည်။

စင်္ကာပူနိုင်ငံသည် လက်ရှိအာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ အလှည့်ကျ ဥက္ကဌဖြစ်ပြီး လာမည့် နိုဝင်ဘာ ၂၀ ရက်တွင် အာဆီယံ ထိပ်သီး အစည်းအဝေးပွဲကို လက်ခံကျင်းပမည်ဖြစ်သည်။ ယင်းအစည်းအဝေးတွင် ပြီးခဲ့သည့် ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပ သည့် အစည်းအဝေး၌ သဘောတူညီခဲ့သော အာဆီယံ လူ့အခွင့်အရေးကောင်စီ ဖွဲ့စည်းဖော်ဆောင်ရေးမူကြမ်းကို လက်မှတ်ထိုးအတည်ပြုမည်ဖြစ်သည်။ ယခု ၂၀၀၇ ခုနှစ်သည် အာဆီယံ ဖွဲ့စည်းတည်ထောင်သည့် နှစ် ၄၀ မြောက် နှစ်လည်း ဖြစ်သည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!