မစုစုနွေးနှင့် ဦးဂမ္ဘီရ အဖမ်းခံရ
ကိုသက် | နိုဝင်ဘာ ၁၃၊ ၂၀၀၇

ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့လယ်တနေရာတွင် အန်အယ်လ်ဒီ လူငယ်ခေါင်းဆောင် မစုစုနွေးနှင့် လူငယ် ၂ ဦး အဖမ်းခံရ ကြောင်း စုံစမ်းသိရှိရသည်။

မစုစုနွေးသည် ရန်ကုန်မြို့လယ်ရှိ အာဏာပိုင်တို့စိုက်ထူထားသည့် အမေရိကန် ဆန့်ကျင်ရေးဆိုင်းဘုတ်တွင် စစ်အစိုးရဆန့်ကျင်စာကပ်ရန်သွားစဉ် အဖမ်းခံရ ခြင်းဖြစ်သည်ဟု မစုစုနွေးနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

မစုစုနွေးသည် သြဂုတ်လအတွင်း ရန်ကုန်တွင်ပြုလုပ်သည့် ကုန်ဈေးနှုန်းနှင့် လောင်စာဆီဈေးနှုန်းကျဆင်းရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲများကို ဦးဆောင်ခဲ့သူတဦးဖြစ်ပြီး စစ်အစိုးရ၏ လိုက်လံဖမ်းဆီးမှုကြောင့် ရှောင်တိမ်း နေရသူ ဖြစ်သည်။

လွန်ခဲ့သည့်လကုန်ပိုင်းမှစ၍ မစုစုနွေးသည် ရန်ကုန်မြို့အတွင်းရှိ စစ်အစိုးရ၏ အကြမ်းဖက်မှုကြောင့် သွေးမြေကျခဲ့သည့် နေရာများတွင် လွမ်းသူ့ပန်းခြင်းချ ခြင်းနှင့် နိုင်ငံရေးအန်တုသည့် လှုပ်ရှားမှုများကို ဆက်တိုက်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

လွန်ခဲ့သည့်အပတ်ကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင်သံဃာတော် တပါးဖြစ်သည့် အရှင်ဂမ္ဘီရအား အာဏာပိုင်တို့က ဖမ်းဆီးလိုက်သည်။

အရှင်ဂမ္ဘီရသည် စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သည့် သံဃာတော်များ၏ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲများနှင့် ဆန္ဒပြလှုပ်ရှား မှုများကို ဦးဆောင်ခဲ့သောကြောင့် ၎င်းအား စစ်အစိုးရက အပူတပြင်းလိုက်လံရှာဖွေခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ပေါ်လို ဆာဂျီယို ပီညဲရိုးသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေ သည်ပြီးပြီး ရန်ကုန်ရှိ ရွှေတိဂုံဘုရား၊ အင်းစိန်ထောင်နှင့် ဘုန်းကြီးကျောင်းများသို့ လိုက်လံစုံစမ်း နေစဉ်ကာလအတွင်း စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းမှုများကို ဆက်လက်ပြုလုပ်နေခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်က “မစ္စတာ ပီညဲရိုး လာသည်ဖြစ်စေ၊ မစ္စတာ ဂန်ဘာရီ လာသည်ဖြစ်စေ သူတို့ (အာဏာပိုင်) ကတော့ သဲကြီးမဲကြီး လိုချင်နေတဲ့သူတွေ၊ သူတို့ကို အန္တရယ်ပေးလာနိုင်တယ်လို့ ယူဆထားသူတွေကိုတွေ့ရင် ဖမ်းမှာကတော့ သေချာတယ်” ဟု ဧရာဝတီကို ပြောသည်။

မစုစုနွေးသည် အဓမ္မလုပ်အားပေးခိုင်းဆိုမှုနှင့် အဓမ္မငွေကြေးကောက်ခံမှုများကြောင့် သူမနေထိုင်ရာ ရန်ကုန်တိုင်း ကော့မှူး မြို့နယ် ထန်းမနိုင်ကျေးရွာ၏ ရယက ဥက္ကဌနှင့် ဆယ်အိမ်မှူးများကို တရားစွဲဆိုခဲ့ရာ အာဏာပိုင်တို့အား ခြိမ်းခြောက်ကြိမ်းဝါး သည်ဟူသည့် စွပ်စွဲချက်ဖြင့် ၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် အဖမ်းခံရသည်။ သူမအား ထောင်ဒဏ် တနှစ်ခွဲချမှတ်ခဲ့ရာ ၇ လ အကြာတွင် ပြန်လည် လွတ်မြောက်ခဲ့သည်။

ယခုနှစ် မေလအတွင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှုကို ဦးဆောင် ခဲ့ရာ ဒုတိယအကြိမ် အဖမ်းခံခဲ့ရပြီး ဇွန်လတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ အထိန်းသိမ်းခံဘ၀မှ လွတ်မြောက်လာ သည့် မစုစုနွေးသည် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနှင့် ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုများကို တက်ကြွစွာပါဝင် ခဲ့ရင်း တတိယအကြိမ် အဖမ်းခံရခြင်း ဖြစ်သည်။

မစုစုနွေးသည် မွေးရာပါ နှလုံးရောဂါနှင့် လေးဘက်နာရောဂါတို့ကို ခံစားနေရသူဖြစ်ပြီး ရှောင်တိမ်းနေရစဉ်ကာလ အတွင်း ခွဲစိတ်ကုသမှုတကြိမ်ပြုလုပ်ခဲ့ရသည်။

လွန်ခဲ့သည့်လကုန်ပိုင်းတွင် ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့စဉ် မစုစုနွေးက “ကျမခွဲစိတ်ပြီးတော့ ဆေးရုံမှာတညလောက်ဆက်နေရမှာကို ကျန်းမာရေး ၀န်ထမ်းတွေ ထိခိုက်မှာစိုးလို့ သတိရတာနဲ့ပြန်ဆင်းခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့လည်း ဆေးဆက်မသွင်းနိုင်လို့ ကျမတော်တော်လေး ဒုက္ခရောက်ရပါတယ်။ ကျမလိုပဲ ထွက်ပြေး တိမ်းရှောင်နေရသူတွေဟာလည်း တော်တော်လေး ဒုက္ခရောက်ကြပါတယ်” ဟု ပြောဆိုခဲ့သည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!