ဒေါ်စုနှင့် ဂန်ဘာရီ တွေ့ဆုံ
ကိုစိုး | နိုဝင်ဘာ ၈၊ ၂၀၀၇

ကုလမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီသည် ၎င်း၏ခရီးစဉ်ပြီးဆုံးသည့် ယနေ့ မပြန်ခင်နာရီပိုင်းအလိုတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့် ရသွားကြောင်း သိရသည်။

ဓာတ်ပုံ - UNIC Yangon

စစ်အစိုးရ၏ အကျယ်ချုပ်ချထားသော နေအိမ်မှ ဒေါ်အောင်ဆန်းစုကြည်ကို မစ္စတာ ဂန်ဘာရီနှင့် တွေ့ဆုံပေးရန် အာဏာပိုင်များက ကားသုံးစီးဖြင့် ယနေ့ နေ့လယ်ပိုင်းတွင် အစိုးရ ဧည့်ဂေဟာသို့လာရောက် ခေါ်ဆောင်သွားခဲ့သည်ဟု ရန်ကုန်အခြေစိုက် ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက အတည်ပြုကြောင်း အေပီ သတင်းက ရေးသားသည်။

၎င်းတို့ ၂ ဦး အချိန် ၁ နာရီခန့် တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်သို့ ပြန်ပို့ခဲ့ပြီး မစ္စတာ ဂန်ဘာရီမှာမူ ရန်ကုန်လေဆိပ်သို့ တိုက်ရိုက် ထွက်ခွာသွားကြောင်း၊ ဆွေးနွေးမှုအသေးစိတ်ကိုမသိရှိရကြောင်း သတင်းက ဖော်ပြသည်။

ထို့ပြင် ယနေ့ နံနက်ပိုင်းကလည်း မစ္စတာဂန်ဘာရီသည် အန်အယ်လ်ဒီ ဥက္ကဌ ဦးအောင်ရွှေ ၊ အတွင်းရေးမှူး ဦးလွင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညွန့်ဝေတို့ နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

လွန်ခဲ့သော သံဃာတော်များဦးဆောင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများအား စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲမှုများ အပြီး စက်တင်ဘာဘာလကုန်ပိုင်းက မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် ရောက်ရှိလာသော မစ္စတာ ဂန်ဘာရီသည် ဒေါ်အောင်ဆန်းစုကြည် ထံသို့ ၂ ကြိမ် သွားရောက် တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင်ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှစ၍ နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၄ နှစ် ပြည့်ပြီးဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍  နေအိမ်အကျယ်ချုပ်ဘ၀ဖြင့် နေရချိန် စုစုပေါင်းမှာ ၁၂ နှစ်ရှိပြီ ဖြစ်သည်။

မစ္စတာ ဂန်ဘာရီသည် ၎င်း၏ ၅ ရက်ကြာခရီးစဉ် ပြီးဆုံးချိန်အထိ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ခွင့်မရဘဲ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ရခြင်းဖြစ်သည်။

မစ္စတာ ဂန်ဘာရီသည် ယခင်တခေါက် မြန်မာနိုင်ငံမှ ပြန်သွားပြီးနောက် စက်တင်ဘာလအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲမှုအား ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်ပြချက်ကို မကြာသေးခင်က မစ္စတာ ဂန်ဘာရီနှင့် တွေ့ဆုံရာတွင် ပြန်ကြားရေး ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက ဝေဖန်ပြောကြား သည်။

နိုင်ငံတကာကစိုးရိမ်နေသော ရှေ့မတိုးနောက်မဆုတ်သာ မြန်မာ့နိုင်ငံရေး ပြေလည်ရေးအတွက် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးရေးကို ယခုက စတင်စီစဉ်ရန် မစ္စတာ ဂန်ဘာရီက ဗိုလ်ချုပ်ကြီးသိန်းစိန်ကိုလည်း အကြံပြုခဲ့ ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက် တွင် ပါရှိသည်။

လွန်ခဲ့သော စက်တင်ဘာလအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲပြီးနောက် မစ္စတာ ဂန်ဘာရီ မြန်မာနိုင်ငံကိုလာရောက်ခြင်း၏ မူလ ရည်ရွယ်ချက်မှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် မြန်မာ့ နိုင်ငံရေး အပြောင်း အလဲအတွက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် စစ်အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး ရန်ဖြစ်သည်။

ကုလမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မစ္စတာဂန်ဘာရီ၏ ယခုခရီးစဉ်တွင် တိုးတက်မှုနည်းပါးသည့် အတွက် စိုးရိမ်ကြောင်း နိုဝင်ဘာ ၆ ရက်နေ့က ထုတ်ဖော်ပြောကြားထားသည်။

မစ္စတာ ဂန်ဘာရီသည် ယခုခရီးစဉ်တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်အပါအ၀င် နအဖ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့ နှင့် ပြန်ကြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံကာ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ သာသနာရေး ၀န်ကြီးဌာနတို့မှ ၀န်ကြီးများ လူမှုရေးအသင်းအဖွဲ့များနှင့် တိုင်းရင်းသား လူမျိုး ကိုယ်စားလှယ် များနှင့်လည်း တွေ့ဆုံခဲ့သည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!