ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၉၂)
ရန်ကုန်သားတာတေ | နိုဝင်ဘာ ၇၊ ၂၀၀၇

ကြွက်စုတ်နှင့် ဖိုးရှုပ်တို့နှစ်ဦး ရုက္ခစိုးကြီးထံ ပေါ်မလာသည်မှာ အတော်ကြာပြီ ဖြစ်၏။ သူကောင်းသား ၂ ယောက် ဘယ်ဆီများ စားချက်ကျနေကြပါလိမ့် …။ အိမ်လိုက်သွားတော့လည်း မရှိ။ ခရီးထွက်သွား ကြတာလား။ ဒုက္ခသည်စခန်း
ဝင်သွားကြပြီလား။ ဒါမှမဟုတ် ရဲဖမ်းသွားပြီလား။  မြန်မာပြည် ပြန်သွားတာတော့ မဖြစ်နိုင်။

ရုက္ခစိုးကြီး တကိုယ်တည်း ‘လား’ ပေါင်းများစွာကို စဉ်းစားမရသည့်အဆုံး ချင်းမိုင်က ဆေးရုံ၊ ရဲစခန်း စသဖြင့် တလမ်းဝင် တလမ်းထွက် လိုက်ရှာလေ၏။

ဟော ဟော … တွေ့ပါပြီဗျာ ရှာလိုက်ရတာ၊ တမျှော်တခေါ်တွေ့တဲ့နေရာ အင်တာနက်ဆိုင်မှာ …။ ပျောက်သောသူ ရှာလို့တွေ့တော့ ပျော်လွန်းလို့ ရုက္ခစိုးကြီး သီချင်းကလေးတောင်ညည်းလိုက်သေး၏။

ရုက္ခစိုး။     ။ ပုဂ္ဂိုလ်တွေ ရှာလိုက်ရတာကွာ … မင်းတို့ကောင်တွေ ငါ့ကို ဆန်ရှင်လုပ်သွားပြီလို့တောင် ထင်နေတာ … အံမာ လက်စသတ်တော့ မင်းတို့က အင်တာနက်ဆိုင်လာပြီး ပေါတာကြီးကို ပင်တီနဲ့ ပေါက်နေကြတာကိုး။ အိမ်မှာကစားလဲရရဲ့သားနဲ့။

ကြွက်စုတ်။     ။ အဲဒါ ဦးရုက္ခစိုးကြီး ကမ်ပိန်းအမြင် မရှိတာပေါ့ဗျ။ အိမ်မှာနဲ့ ဆိုင်မှာ အကျိုးသက်ရောက်မှု မတူဘူးဗျ။

ရုက္ခစိုး။     ။ အေးပါကွာ မတူပါဘူး။ မင်းမလဲ တွေ့တာနဲ့ စကားကြီး စကားကျယ် ပြောတော့တာပဲ။

ဖိုးရှုပ်။     ။ လုပ်ငန်းကြီးသမားတွေဆိုတော့လည်း ဒီလိုပေါ့ဗျာ။ ဒါနဲ့ ဦးရုက္ခစိုးကြီး အင်တာနက် လာကြည့်တာလား၊ ဒါမှမဟုတ် ပင်တီကမ်ပိန်း လာလုပ်တာလား။

ရုက္ခစိုး။     ။ မတွေ့တာကြာလို့ မင်းတို့ကို လိုက်ရှာနေတာပါကွာ။

ကြွက်စုတ်။     ။ လွမ်းနေတယ်ပေါ့လေ။

ရုက္ခစိုး။     ။ ထားပါတော့လေ။

ဖိုးရှုပ်။     ။ ဦးရုက္ခစိုးကြီးလည်း ကြွက်စုတ်ချစ်သူများအသင်း ၀င်လို့ရနေပြီဗျ … ဟားဟား။

ရုက္ခစိုး။     ။ ကဲ တခြားတနေရာကို သွားကြရအောင်ကွာ။ အင်တာနက်ဆိုင်ထဲစကားပြောရတာ ဘေးလူတွေ အနှောင့်အယှက် ဖြစ်ပါတယ်။

ကြွက်စုတ်။     ။ ဒါဆိုလဲ ကျနော့်အခန်းကို သွားကြတာပေါ့။

မိတ်ဆွေ ၃ ဦး အင်တာနက်သုံးခရှင်းကာ ဆိုင်ထဲမှာထွက်လာကြ၏။ ကွမ်းတညက်ခန့်ကြာသော် ကြွက်စုတ် နေထိုင်ရာ ဆောင်းရာသီစံအိမ်သို့ ရောက်ကြ၏။

ရုက္ခစိုး။     ။ လက်ရှိနိုင်ငံရေးအခြေအနေ ဘာထူးသေးလဲကွ။ ဂန်ဘာရီကြီးတော့ အထဲရောက်နေပြန်ပြီ။ မင်းကိုနိုင်နဲ့ တွေ့ခွင့်ရမယ်ဆို။

ဖိုးရှုပ်။     ။ မင်းကိုနိုင်တော့မတွေ့ရဘူးဗျို့၊ မင်းမနိုင်မသားတွေနဲ့တော့ တယောက်ပြီး တယောက် တွေ့နေတာ ကိုကျော်ဆန်း၊ ကိုမြင့်မောင်၊ ကိုသိန်းစိန်၊ ကိုအောင်ကြည်၊ ကိုဉာဏ်ဝင်း …. ကြက်ခြေနီ၊ အရန်မီးသတ် အစုံပဲဗျ။ အဲ … ကိုပေါတာနဲ့ ကိုအေး တို့ကတော့ အခုထိထွက်မတွေ့ဘူးဗျ။ ဂန်ဘာရီကို အကြွေးပေးစရာရှိပုံရတယ်။

ရုက္ခစိုး။     ။ ဟ … ရောက်တာဖြင့် ကြာနေပြီ။ အခုထိ ဒေါ်စုနဲ့ မတွေ့ရသေးဘူးပေါ့။

ကြွက်စုတ်။     ။ ရုက္ခစိုးကြီးက လည်မလိုလိုနဲ့ တော်တော်ထူတာပဲ။ ဒေါ်စုနဲ့ပတ်သက်တဲ့ ကိစ္စအားလုံး ကိုအောင်ကြည်ကို ဂျင်နရယ်ပါဝါလွှဲထားတာ၊ ဘယ်နိုင်ငံမှာမှမရှိတဲ့ ၀န်ကြီးတပါးခန့်ထားတာ အလကား မဟုတ်ဘူးဗျ။ ဒေါ်စုကိုဘာပြောချင် သလဲ ကိုအောင်ကြည်ကိုသာပြောလိုက် ဖြစ်စေရမယ်။ ဒါပဲပေါ့။

ရုက္ခစိုး။     ။ သူတို့က ဖမ်းလဲထားသေးတယ်။ တွေ့စရာရှိတဲ့သူကို တိုက်ရိုက် ပေးမတွေ့ဘဲ တဆင့်ခံ တွေ့ရတာဆိုတော့ ဒါမျိုးကြီးဆိုရင် မမိုက်ပါဘူး။

ဖိုးရှုပ်။     ။ ဒါကတော့ ဦးရုက္ခစိုးရယ် သူ့လက်ခုပ်ထဲက အီးဆိုတော့လည်း သူရှူချင်ရှူ၊ စားချင်စားမှာပေါ့ … ဟုတ်ဖူးလား။

ယနေ့မှ သူကောင်းသား ၂ ဦး အတိုင်အဖောက်ညီနေကြသည်။ ၎င်းတို့မသိသေးသည်ကို ကြွားရန် ရုက္ခစိုးကြီး အခုမှ သတိရသွား၏။

ရုက္ခစိုး။     ။ မင်းတို့ ၂ ယောက် ပိန္နဲရိုးသတင်း ကြားပြီးပြီလား။

ဖိုးရှုပ်။     ။ ပီညဲရိုး ပါဗျ။ ဘယ်က ပိန္နဲရိုး ရမှာလဲ။ သူလဲမကြာခင် သွားမယ်လေ။ ဂန်ဘာရီနဲ့ဆို အ၀င်အထွက်ပေါ့။

ရုက္ခစိုး။     ။ ဖိုးရှုပ်ရာ မင်းက သတင်းထောက်သာပြောတယ် ဘာမှလဲ မသိရှာပါလားကွ။ မြန်မာပြည် သွားမယ့်ကိစ္စကတော့ ကလေးတောင်သိတယ်။

စိတ်မရှည်တော့သည့် ကြွက်စုတ်က …

ကြွက်စုတ်။     ။ ပြောမယ့်သာ ပြောပါဗျာ။

ရုက္ခစိုး။     ။ ဒီလိုကွ … ပိန္နဲရိုး .. အဲအဲ ပီညဲရိုးတယောက် မြန်မာပြည်မသွားခင် ခန္ဓာကိုယ်မှာ ၀ှက်ပြီးတပ်လို့ ရတဲ့ မီနီ အသံလှိုင်းဖျက် ကိရိယာတခုကို အပူတပြင်း လိုက်ရှာနေတယ်ကွ။ တတ်နိုင်သူတွေဆိုတော့လည်း ဈေးဘယ်လောက် ကြီးကြီး ၀ယ်မတဲ့ကွ။

ဖိုးရှုပ်။     ။ ဟားဟား … အဲဒါဝယ်သင့်တာပေါ့ဗျ။ သူနောက်ဆုံးသွားခဲ့တုန်းက ထောက်လှမ်းရေးက ခိုးပြီးအသံဖမ်းလို့ ပုဂ္ဂိုလ်ကြီး ဒေါပွပြီးပြန်သွားတာလေ။

ကြွက်စုတ်။     ။ ဒီတခါတော့ လူကိုပါဖမ်းလိမ့်မယ် ကြည့်နေ။ အဲဒါကြောင့် သူ့ဘက်က ကြိုတင်ကာကွယ်တဲ့ အနေနဲ့ တွေ့ချင်တဲ့သူနဲ့ တွေ့ခွင့်မရရင် လေယာဉ်ပေါ်တက်ပြီး ပြန်သွားမယ်လို့ပြောတာ။

ရုက္ခစိုး။     ။ အေးကွ။ တကယ်ဆို တွေ့ချင်တဲ့သူနဲ့ ပေးမတွေ့ရင် ဘယ်သို့ဘယ်ရွေ့ အရေးယူမယ် ဘာညာ ပြောထားရမှာကွ။

ဖိုးရှုပ်။     ။ အဲဒီလိုပြောရင် “ဂန်း” စာမိသွားမှာပေါ့။ စစ်အစိုးရ “ဂန်း” က လူဖြူလူမည်း ခွဲခြားတာ မဟုတ်ဘူး။

မတွေ့တာကြာပြီဖြစ်သည့် ၃ ဦးသား အတင်းများ .. သတင်းများဖလှယ်ရင်း မောသွားဟန်ရှိသည်။ မိနစ်ဝက်မျှ စကား မပြောဘဲ နားနေကြသေးသည်။ နောက်မှ ကြွက်စုတ်က …

ကြွက်စုတ်။     ။ ကျနော့်သဘောကတော့ဗျာ ဒီတခေါက်မှာ မစ္စတာ ဂန်ဘာရီကို ဦးဂမ္ဘီရနဲ့ တွေ့စေချင်တာ ဗျ။ သူတို့ ၂ ယောက်က နာမည်ချင်းကလဲ ထိပ်စီးတူပြီး ပြီးခဲ့တဲ့ စက်တင်ဘာတော်လှန်ရေးမှာ အဓိကကျတဲ့ အခန်းကဏ္ဍမှာလည်းပါခဲ့သူဆိုတော့ တွေ့သင့်တယ်ဗျ။

ရုက္ခစိုး။     ။ မောင်ကြွက်စုတ်ကတော့ ဂန်ဘာရီကို မမြင်ချင်တော့ဘူးထင်တယ်။ မင်းတို့ကောင်တွေ လွတ်ရာကျွတ်ရာဆိုပြီး သိပ်အပြောမသရမ်းကြနဲ့ဟေ့ … တော်ကြာ တာဝေးပစ် “ဂန်း” စာ မိနေကြမယ်။

ဦးရုက္ခစိုး၏စကားကြောင့် ကြွက်စုတ်က ဟေမာနေ၀င်းစတိုင်ဖြင့် …

ကြွက်စုတ်။     ။ ဒါလေးများ … ဒါလေးများ။ သူတို့ရဲ့ တာဝေး “ဂန်း” ကနောက်မှလာမှာ ကျနော်တို့ရဲ့ အင်တာနက် ပင်တီက ပေါတာကြီးကို ချက်ချင်းကိုထိတာ အပိုင်းပိုင်းကိုပြတ်ရောဗျ။ ဟုတ်တယ်မဟုတ်လား ဖိုးရှုပ်ရာ။

ဖိုးရှုပ်။     ။ ဟုတ်ပါ့ဗျာ ဟုတ်ပါ့။ ကဲ ဆရာကြွက်ရေ နေမ၀င်ခင် နောက်တချီလောက် သွားပစ်ကြရအောင်။ ဦးရုက္ခစိုးလည်း လိုက်ခဲ့ပါလား။ လက်ရည်လက်သွေးသိရအောင်လို့လေ ဟုဆိုကာ အင်တာနက်ဆိုင်သို့ နောက်တကြိမ်သွားကြလေ၏။ [Top]

(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!