ရဟန်းပျို ခေါင်းဆောင်တပါး ဖြတ်သန်းခဲ့ရသော ဘ၀ စာမျက်နှာများ
ရဲနည်/မဲဆောက် | နိုဝင်ဘာ ၆၊ ၂၀၀၇
ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့၏ မှောင်မည်းကျဉ်းမြောင်းသည့် တိုက်ခန်းငယ်တခုတွင် အသက် ၂၄ နှစ်အရွယ် ရဟန်းတော်ကတိုးတိတ်ညင်သာ အသံဖြင့် “ဦးပဉ္ဖင်းက သာမန်ရိုးရိုးရဟန်းတော် တပါးပါပဲ”ဟု ဧရာဝတီကို ပြောပြ၏။
 |
| ရန်ကုန် ဆန္ဒပြပွဲတွင် ဦးဆောင်၍ အရှင်ကောဝိဒ (ဘယ်ဘက်မှ တတိယမြောက်) ချီတက်နေစဉ် |
အမှန်ဆိုလျှင် အရှင်ကောဝိဒက ဤသို့ သာမန်ရဟန်းတပါး မဟုတ်ပါ။ သူက ပြီးခဲ့သော စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော ရန်ကုန်မြို့ လမ်းမများပေါ်တွင် သံဃာထုကို ဦးဆောင် ဆန္ဒပြ ချီတက်ရာ၌ ရှေ့ဆုံးတန်းက ဦးဆောင်ပါဝင်ခဲ့သည့် ရဟန်းတပါး ဖြစ်သည်။
ဤချီတက်ပွဲရက်များအတွင်းမှ စက်တင်ဘာလ ၂၂ ရက်နေ့ အဖြစ် အပျက်ကိုတော့ သူ အစဉ်အမြဲ အမှတ်ရနေတော့မည် ဖြစ်သည်။ သူကြုံတွေ့ခဲ့ရသော ဤအဖြစ်အပျက်ကလည်း မြန်မာနိုင်ငံ၏ သမိုင်းဝင်နေ့တနေ့အဖြစ် မှတ်တမ်းတင် ဖော်ပြခံ ရမည့်ကိစ္စ မျိုးလည်း ဖြစ်သည်။
ယင်းနေ့က ချီတက်ဆန္ဒပြနေကြသော ရန်ကုန်မြို့ ပြည်လမ်းပေါ် စစ်ကြောင်းကို သူနှင့် ဦးဆောင်သံဃာများက ဒေါ်အောင်ဆန်း စုကြည် ထိန်းသိမ်းခံထားရာ တက္ကသိုလ်ရိပ်သာလမ်းဘက်သို့ ချိုးကွေ့၍ လမ်းကြောင်းပြောင်းရန် ဆုံးဖြတ်ခဲ့သည်။
“ဦးပဉ္ဖင်းတို့ ဖြစ်စေချင်တာက ဦးပဉ္ဖင်းတို့လေးစားမြတ်နိုးရတဲ့ အမျိုးသားခေါင်းဆောင်ကို လူထုတွေ၊ သံဃာတွေနဲ့ တွေ့ဆုံ စေချင်တယ်”ဟု သူက ဖြည်းဖြည်းချင်း ပြောပြသည်။ သူနှင့် အခြားဦးဆောင် သံဃာများက လမ်းပိတ်ထားသော လုံထိန်း ရဲများနှင့် အောင်မြင်စွာ ညှိနှိုင်းဆွေးနွေးနိုင်ခဲ့၍ စစ်ဆေးရေးဂိတ်များပွင့်သွားသည်။ လူထုပရိသတ်များ၏ လက်ခုပ်သံများလည်း ဆူညံသွားခဲ့ကာ လမ်းထဲသို့ ဖြတ်၍ ငြိမ်းချမ်းစွာ ချီတက်လာနိုင်ခဲ့တော့သည်။
အချိန်ပိုင်းအတွင်းမှာပင် စစ်ကြောင်းက ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ရောက်ရှိလာခဲ့သည်။ ရဟန်းများက ဆန္ဒပြ စစ်ကြောင်းကို ရပ်လိုက်ကာ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ဘက်သို့ မျက်နှာမူလိုက်ကြသည်။ သံဃာများ၏နောက်တွင် လူထုကလည်း လက်များကို ချိတ်ဆက်ကာ သံဃာများကို ၀န်းရံထားကြသည်။
“ဦးပဉ္ဖင်းတို့ရှေ့မှာတော့ လုံခြုံရေးချထားတဲ့တပ်တွေက သံဒိုင်းတွေနဲ့ ကာပြီး ရပ်နေကြတယ်။ တင်းတင်းမာမာပဲ။ ခြံကိုတော့ ပိတ်ဆို့ထားကြတယ်”ဟု အရှင် ကောဝိဒက အသက်ရှုသံမြင့်လာပြီး ပြောသည်။ “ဦးပဉ္ဖင်းတို့လည်း မေတ္တာ သုတ်စရွတ်တယ်၊ ဦးပဉ္ဖင်းထင်တာတော့ ဒေါ်စုက မေတ္တာသုတ်ရွတ်နေကြတာကို ကြားမယ်ထင်တယ်။ သူ့အိမ်ရှေ့ကို ထွက်လာ ပြီး သံဃာတွေနဲ့ လူထုကို လာနှုတ်ဆက်တယ်။ ဒကာတို့ ဓတ်ပုံမှာမြင်ရတဲ့အတိုင်းခြံဝမှာ လက်အုပ်ချီလို့ပေါ့၊ လူတွေက စိတ်မထိန်းနိုင်ကြဘူးမျက်ရည်တွေကျပြီး ငိုကြတယ်၊ ဒေါ်အောင်ဆန်းစုကြည် မကြာခင် လွတ်မြောက်ပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ လူတွေက ကြွေးကြော်ကြတာပေါ့”ဟုလည်း အရှင် ကောဝိဒ က ပြောသည်။
ဤအချိန်တဒင်္ဂက စိတ်လှုပ်ရှားဖွယ် အထွဋ်အထိပ်ဖြစ်နေခဲ့သည်။ လွန်ခဲ့သော ရက်သတ္တပတ်များက အရှင်ကောဝိဒအနေ ဖြင့် ဤသို့ကြုံတောင့်ကြုံခဲ အနေအထားမျိုး ဖြစ်ပျက်လာလိမ့်မည်ဟု တွေးပင် မတွေးမိခဲ့။ အခုတော့ ရက်ပိုင်းအတွင်း၊ အချိန်တိုအတွင်း အပြောင်းအလဲများ ဖြစ်လာခဲ့သည်။
သူ မဲဆောက်မြို့သို့ရှောင်တိမ်းရောက်သည့်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့တွင် စစ်အစိုးရ၏ “မြန်မာ့အလင်း” သတင်းစာက သူ့ကို ရန်ကုန်မြို့၊ နန်းဦးကျောင်းဝင်းအတွင်း ပေါက်ကွဲစေတတ်သည့် ယမ်းပြင်း တီအန်တီ ၄၈ တောင့်ကို
ဝှက်ထားသူ ဘုန်းကြီးဟု အမည်တပ်ဖော်ပြလာခဲ့သည်။
“ဦးပဉ္ဖင်းက သူတို့ပြောနေတဲ့ အဲသည်ဖောက်ခွဲရေးပစ္စည်းဆိုတာတွေ ဘာမှန်းတောင် မသိပါဘူး” သူက အေးအေး ဆေးဆေးပင် တုံ့ပြန်သည်။ “ဦးပဉ္ဖင်းဘ၀ တလျှောက်လုံးမှာ ဗုဒ္ဓက သွန်သင်ဆုံးမမှုအတိုင်းပဲ ငြိမ်းချမ်းတဲ့နည်းကိုပဲ ကျင့်ကြံ လာခဲ့တာပါ။ ဘိုးဘွားဘီဘင် လက်ထက်ကတည်းက ထိန်းသိမ်းလာခဲ့တဲ့ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ ဆိုတဲ့ ဗုဒ္ဓဘာသာ
တာဝန်တွေကို တဘ၀လုံးထမ်းဆောင်ခဲ့တာပါ”ဟု အရှင်ကောဝိဒ က ပြောသည်။
အရှင် ကောဝိဒ ကံကောင်းသည်ဟု ဆိုရမည်။ လုံလုံခြုံခြုံပုန်းအောင်း တိမ်းရှောင်နိုင်ခဲ့ပြီး ထိုင်းနယ်စပ်သို့လည်း လွတ်မြောက်စွာ ထွက်ပြေးလာနိုင်ခဲ့သည်။
ရဟန်းတော်များဦးဆောင်သည့် လူထုဆန္ဒပြပွဲများ မဖြစ်မီကာလအထိ သူ၏ဘ၀က ရဟန်းတပါးအဖြစ်သာ ရိုးရိုး ကုတ်ကုတ်ရှိခဲ့သည်။ သူက အသက် ၁၂ နှစ်အရွယ်ကပင် ကိုရင်အဖြစ် သာသနာ့ဘောင်အတွင်း ၀င်လာခဲ့သူ ငယ်ဖြူ သံဃာတပါး ဖြစ်ပြီး သူ၏ ဇာတိဖြစ်သော ရခိုင်ပြည်နယ် အနောက်ဘက် အမ်းမြို့တွင် သာသနာ့ဘောင်တွင်း စတင်
ဝင်ရောက်ခဲ့သည်။ ဗုဒ္ဓစာပေများကို မြို့၏နာမည်ကြီးဘုန်းတော်ကြီးကျောင်းဖြစ်သော ပဏ္ဏိတရာမကျောင်းတွင် ကိုရင်ဘ၀ နှင့်ဆည်းပူး လေ့လာခဲ့ပြီး အသက် ၂၀ အရွယ်တွင် ပထမကြီးတန်းအောင်မြင်ခဲ့သည်။ နောက်ပိုင်းတွင် ရန်ကုန်သို့ကြွလာ ပြီး ဓမ္မာစရိယ စာချဆရာတော်တပါးဖြစ်ရန် ရည်သန်၍ ဗုဒ္ဓစာပေကျမ်းဂန်များကို ဆက်လက်ဆည်းပူးနေခဲ့သည်။
စက်တင်ဘာလဆန်းပိုင်းတွင် စစ်အစိုးရလုံခြုံရေးတပ်ဖွဲ့များနှင့် လူရမ်းကားများက မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ပခုက္ကူမြို့ တွင် ငြိမ်းချမ်းစွာမေတ္တာသုတ်ရွတ်ဆို ဆန္ဒပြနေသော ရဟန်းတော်များကို အကြမ်းဖက်ဖြိုခွဲ ရိုက်နှက် ဖမ်းဆီးခြင်းများ ဖြစ်လာခဲ့သည်ကို ကြားလာခဲ့ရသည်။ “ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့နိုင်ငံတခုမှာ ဒီလိုဖြစ်ရတယ်ဆိုတာ ကြားလို့မှ ယုံနိုင်စရာ မရှိပါဘူး”ဟု အရှင်ကောဝိဒ က မိန့်သည်။
နောက်ပိုင်းတွင် ဘီဘီစီ မြန်မာပိုင်းအစီအစဉ် ရေဒီယိုမှ သံဃာ့တပ်ပေါင်းစုဟုခေါ်သော မြေအောက် သံဃာ့အဖွဲ့အစည်း အကြောင်းလည်း ကြားလာရသည်။ ၎င်းအဖွဲ့က အစိုးရတပ်ဖွဲ့များ၏ ရက်စက်စွာစော်ကားကျူးလွန်မှုများ အတွက် ပြန်လည်တောင်းပန်ရန် တောင်းဆိုခဲ့ပြီး မဟုတ်ပါက စစ်အစိုးရအာဏာပိုင်များကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ် မှောက်မည်ဟုလည်း ကြေညာခဲ့ကြကြောင်း သတင်းများကိုလည်း သူကြားနေခဲ့ရသည်။
“ဦးပဉ္ဖင်းက ဒီသံဃာ့တပ်ပေါင်းစုအဖွဲ့ထဲက မဟုတ်ပါဘူး။ ရေဒီယိုတွေမှာ အင်တာဗျူးလုပ်သွားတဲ့ ရဟန်းတွေနဲ့လည်း တခါမှ မတွေ့ဖူးပါဘူး”ဟု အရှင် ကောဝိဒ က ပြောပြသည်။ သို့သော်လည်း ဤအဖွဲ့ကတောင်းဆိုသည့် လူထု၏
စားဝတ်နေရေးဒုက္ခများ ဖြေရှင်း ပေးရေး၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ဆွေးနွေးရေး အချက်များကို တော့ သူထောက်ခံသည်။
“လူထုနဲ့ သံဃာတွေဆိုတာ ဒကာနဲ့ ဆရာတွေ၊ အပြန်အလှန် အမှီသဟဲပြုနေကြရတာပါ။ လူတွေငတ်နေကြတဲ့အချိန်မှာ ရဟန်းတွေက လည်း ဘယ်လိုနေနိုင်ရက်ပါ့မလဲ”ဟု သူက ပြောပြသည်။
ရန်ကုန်မြို့တွင်း လှည့်လည်ချီတက်ဆန္ဒပြနေကြသည့် စက်တင်ဘာလ ၁၉ ရက် နေ့တွင် သံဃာများကို လူထု ၁,၅၀၀ ခန့်က စတင်ပူးပေါင်းလာခဲ့သည်။ ၀င်ရောက်ပူးပေါင်းလာသူ အများစုက တက္ကသိုလ်ကျောင်းသားများ ဖြစ်သည်။ ဤတွင်ဆန္ဒပြ ချီတက်ပွဲများကို ငြိမ်းချမ်းစွာဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် ဦးဆောင် ကော်မတီတရပ်ဖွဲ့စည်းရန် လိုအပ်လာပြီ ဖြစ်ကြောင်း အရှင်ကောဝိဒ က ရှင်းပြသည်။
အရှင်ကောဝိဒနှင့် အခြားသောသံဃာများက ဆန္ဒပြနေကြသူများ၏ဆုံရပ်ဖြစ်သည့် ဆူးလေစေတီရင်ပြင်တော်ပေါ်တွင် စုဆုံကြပြီး သံဃာ့ကိုယ်စားလှယ်အဖွဲ့ကို ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ကြသည်။
စက်တင်ဘာလ ၂၇ ရက်နေ့ရောက်သောအခါ စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲမှုများ စတင်လာခဲ့ပြီး သွေးထွက်သံယိုမှုများ နှင့် အတူ အခြေအနေက အန္တရာယ်ရှိလာသည်။ ရဟန်းအများလည်း ဖမ်းဆီးခံရမည်စိုး၍ ရန်ကုန်မှ စတင်ထွက်ပြေးခဲ့ကြ တော့သည်။ အရှင်ကောဝိဒလည်း သင်္ကန်းချွတ်၊ အရပ်ဝတ်လဲကာ ရန်ကုန်မှ မိုင် ၄၀ အကွာခန့်ရှိ ရွာတရွာသို့ ပြေးလွှား တိမ်းရှောင်ခဲ့ရတော့သည်။ ဤနေရာတွင် အခန်းထဲမှ မထွက်ဘဲ နှစ်ပတ်ကျော်ကြာ ပုန်းအောင်းနေခဲ့ရသည်။
ဤသို့သာ မပုန်းအောင်းဘဲနေပါက “ဒီမှာ ဦးပဉ္ဖင်းကို ခုလိုတွေ့ရမှာတောင် မဟုတ်ဘူး”ဟု သူက ပြောသည်။
“အခြေအနေအရ လူဝတ်လဲထားပေမယ့် သိက္ခာမချ မခြင်း သံဃာဘ၀မှာ ရှိပါတယ်”ဟု လည်း ပြောသည်။
ပုန်းအောင်းနေစဉ် သူ့အတွက် မိတ်ဆွေများနှင့် ထောက်ခံသူများက အစားအသောက်များ ယူလာပေးကြသည်။ သို့သော် ဤသို့ ထောက်ပံ့ကူညီပေးကြသည်ကပင် လွယ်ကူသောကိစ္စမဟုတ်။
“ဦးပဉ္ဖင်းက အပေါ့အလေးသွားဖို့ ပလတ်စတစ်အိတ်ကို သုံးရတယ်၊ ဦးပဉ္ဖင်းလည်း သိပ်စိုးရိမ်နေတယ်။ ဘာလုပ်လုပ် အိမ်နီးချင်းတွေက ဦးပဉ္ဖင်းရှိနေတယ်၊ ဒီအခန်းထဲမှာ လူရှိနေတယ်ဆိုတာ ရိပ်မိသွားမှာ စိုးရိမ်နေရတာပေါ့”ဟု အရှင်ကောဝိဒက ပြောသည်။
များမကြာမီပင် သူ၏မွေးစားမိခင်ဟုခေါ်သည့် ရဟန်းဒကာမကို အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သတင်းကြားလျှင် ကြားခြင်း ယခုပုန်းခိုနေရာ၌ ဆက်လက်၍ မလုံခြုံတော့ကြောင်း ဆုံးဖြတ်လိုက်ရတော့သည်။
“ညကြီးမင်းကြီးထဲမှာ ဦးပဉ္ဖင်း ဖိနပ်မပါဘဲ ပြေးခဲ့ရတယ်၊ ရန်ကုန်ကားလမ်းမကြီးအတိုင်း ဦးပဉ္ဖင်းပြေးလာခဲ့ရတယ်” ဟု သူက ပြောပြသည်။
ရန်ကုန်ရောက်သောအခါ နှစ်ပတ်ကျော်ကြာမျှ မရိတ်မသင်ဘဲ ထားသော ဆံပင်ကို အရောင်ဆိုးလိုက်သည်။ ဈေးထဲမှ နေကာမျက်မှန်အနက်တခုကိုလည်း ၀ယ်တပ်လိုက်သည်။ နောက် ဆန္ဒပြပွဲတွင် ဆုံခဲ့ဖူးသော၊ မဲဆောက်တွင် သွား၍ အလုပ်လုပ်ဖူးသော မိတ်ဆွေများကိုတွေ့ရန် စနည်းနာရသည်။ ၎င်းတို့ထံမှ အလုပ်သမားအခွင့်အရေး အတွက် လှုပ်ရှား နေသူတဦး၏တယ်လီဖုန်းနံပတ်ကိုရလာခဲ့ပြီး နောက်ရက်အနည်းငယ်တွင်တော့ နယ်စပ်သို့သွားမည့် ဘတ်စ်ကားတစီးပေါ် သူတက်၍ လွတ်မြောက်ရာအရပ်သို့ ဦးတည်ခဲ့တော့သည်။
ကံကောင်းသည်မှာ မှတ်ပုံတင်ကတ်ပြားအတုကို ပြ၍ စစ်ဆေးရေးဂိတ် ၈ ခုကို ဖြတ်ကျော်လာနိုင်ခဲ့ပြီး နယ်စပ်မြို့ မြ၀တီ သို့ အောက်တိုဘာ ၁၇ ရက်နေ့တွင် ရောက်လာခဲ့သည်။ နောက်တနေ့နံနက်တွင် သောင်ရင်းမြစ်ကိုဖြတ်ပြီးထိုင်းနိုင်ငံဘက် ခြမ်း မဲဆောက်သို့ ရောက်ရှိလာခဲ့တော့သည်။
“ဦးပဉ္ဖင်းက ဒီကို တခေါက်မှ မရောက်ဘူးတော့ စိုးရိမ်တာပေါ့၊ ဈေးထဲရောက်လို့ တယ်လီဖုန်းခေါ်တော့ ဟိုဘက်က
တာဝန်ယူမယ်လို့ပြောတော့မှ ဦးပဉ္ဖင်းရင်ထဲမှာ ဆို့နေတဲ့ အလုံးကြီး ကျသွားတာပေါ့”ဟု အရှင်ကောဝိဒက ပြောသည်။
အခုတော့ သူကြောက်ရွံ့စိုးရိမ်စိတ် လျော့ပါးသွားပြီး သူက အများကြီး ကံကောင်းသည်ဟု ဆိုရမည်။ သူက အောက်တိုဘာ လထုတ် ဧရာဝတီမဂ္ဂဇင်းပါ ဓာတ်ပုံများကို ညွှန်ပြ၍ “ဦးပဉ္ဖင်းကြားတယ်။ ဦးပဉ္ဖင်းတို့အဖွဲ့ထဲက သံဃာ ၈ ပါး ပျောက်နေ သေးတယ်။ အခြား ၆ ပါးကတော့ ပြေးလွှားပုန်းအောင်းနေကြရတယ်” ဟု ပြောလာသည်။
 |
| ရွှေတိဂုံဘုရားပေါ်တွင် ရွတ်ဆိုဆုတောင်းနေကြသည့် သံဃာများ၏ ဓာတ်ပုံကို အရှင်ကောဝိဒက ပြန်ကြည့်နေစဉ် |
သူထိုင်းနိုင်ငံရောက်နေသော်လည်း အချိန်မရွေး ပြန်ဖမ်းဆီးခံရနိုင်သည်။ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ အတင်းအကျပ်ပြန်ပို့ ခံရနိုင်သည်ကိုလည်း သိနေသည်။
အရှင်ကောဝိဒ က ထိုင်းနိုင်ငံရှိ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးတွင် ဒုက္ခသည်အဖြစ် လျှောက်ထားရန် အစီအစဉ်ရှိကြောင်း၊ တတိယနိုင်ငံတခုခုတွင် နိုင်ငံရေး ခိုလှုံခွင့်ရရန် ဆက်ကြိုးစားမည်ဖြစ်ကြောင်း ပြောပြသည်။ သူ၏ ဆုံးဖြတ်ချက်မှန်ပါသည်။
ပြန်ပို့ခံရလျှင် ထောင်ချခံရ၍ ညှဉ်းပန်းနှိပ်စက်ခံရမည်မှာ ကျိန်းသေသောကြောင့်ပင်။ [Top]
၂၀၀၇ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့က ဧရာဝတီ အင်တာနက်စာမျက်နှာတွင် ရဲနည် ရေးသားသည့် Monk Who Led Marchers to Suu Kyi's House Escapes to Thailand ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။ |