ရှမ်းပြည်နယ်မှာ ဥပဒေမဲ့ သစ်ခုတ်နေကြ
ကြည်ဝေ | ဇွန် ၂၅၊ ၂၀၀၇

လွန်ခဲ့သည့်လတုန်းက သူတို့ သစ်ခုတ်ခဲ့သောတောအုပ်ကလေးသည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်၊ ဂုတ်တွင်း ချောင်းအနီးတွင်ရှိသော ရေလည်တောင်နှင့်ဘေးချင်းယှဉ်လျက်ရှိသည့် မန္တလေး-လားရှိုး ကားလမ်းပေါ်က ဂုတ်တွင်း ချောင်း၏ လက်ယာဘက်ခြမ်းတွင်ရှိသော တောင်၏အတွင်းဘက်ပိုင်းတွင် လျှိုသဖွယ်နိမ့်ဆင်းသွားသည့် တောအုပ် နေရာကလေး ဖြစ်သည်။

ထိုနေရာလေးသို့ရောက်ရန်အတွက် ဂုတ်တွင်းဂိတ်စခန်းကနေ ၂ နာရီနှင့် မိနစ်လေးဆယ်ကြာသည်အထိ သူတို့ လမ်းလျှောက်ခဲ့ရသည်။ ထိုနေရာသည် ပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့် အတော်အတန်အလှမ်းဝေးသည့်အပြင် လျှိုမြောင်တခုကဲ့သို့နိမ့်ဆင်းသွားသည့်အတွက် လွယ်လင့်တကူမရောက်နိုင်။ ထူထပ်သော သစ်ပင်များနှင့်လည်း စိမ်းစို အုပ်မှိုင်းနေသည့် နေရာဖြစ်သည်။

ထိုတောင်တန်းကလေးရှိ သစ်တောအုပ်ကလေး၏ အ၀င်သို့ရောက်သောအခါ သူတို့အားလုံး အတော်အတန် မောပန်းနွမ်းနယ်နေကြပြီဖြစ်သည်။ သို့သော် ခဏအကြာတွင် သစ်ပင်ကြီးများ ခပ်စိပ်စိပ်ပေါက်နေသော တောနက်ပိုင်းသို့ ရောက်သည်နှင့်ပင် အေးစိမ့်မှုကို ခံစားလာရကာ မောပန်းနွမ်းနယ်သမျှ ဝေဒနာအားလုံး လွင့်ပြယ်သွားတော့သည်။

ထိုအေးစိမ့်ငြိမ်းချမ်းသော သုခချမ်းသာသည် သစ်ပင်သစ်တောများထံမှ ရသည် ဆိုတာကို သူနားလည် လာ သောအခါ ယခုလို သစ်ခုတ်နေရသည်ကိုပင် အပြစ်တခုကျူးလွန်မိသလို ခံစား လာရသည်။ သို့သော်လည်း ၀မ်းစာနှင့် သူ့မိသားစု ရှင်သန်ရေးအတွက် သည်အလုပ်ကို မစွန့်ရဲဘဲ စိတ်ပင်ပန်းကြီးစွာနှင့်ပင် ဆက်လုပ် နေရခြင်းဖြစ်သည်ဟု ပုဂ္ဂလိက သစ်ထုတ်လုပ်ရေး လုပ်ငန်းတခုမှ တာဝန်ခံ မန်နေဂျာတဦးဖြစ်သူ အသက် ၃၀ အရွယ် စိုင်းအောင်ဖန်းက ပြောပြသည်။

ကျန်လူများအားလုံး သစ်စခန်းငယ်လေးတခု တည်ဆောက်နေချိန်တွင် သူသည် ထိုတောအုပ်ကလေးရှိ အပင်များကို လေ့လာနေခဲ့သည်။ အပင်များသည် တပင်နှင့်တပင်ထိစပ်နေပြီး နွယ်ပင်များ လိမ်ယှက်ကာ ပင်မြင့်များ၏ ပင်စည်တွင် နွယ်တက်လိမ်ယှက်နေသော ကပ်ပါးနွယ်ပင်များနှင့်သစ်ရွက်သစ်ကိုင်းများ အုပ်မိုးထားသောကြောင့် နေပြောက်များပင် တိုးမပေါက်တော့ဘဲ တောသည် မှောင်နေ၏။

ထို့အတူ သစ်တောရနံ့သည် သင်းနေ၏။ တတီတီနှင့် အော်နေသော ကျေးငှက်သံများနှင့် တောကောင် ငယ်လေးများ၏ အသံကိုလည်း တချက်တချက် သူ သတိထားမိသည်။ သူတွေ့မြင်နေရသော အပင်မြင့်များ ကတော့ အဖိုးတန်သစ်များ မဟုတ်ကြပါ။ သပြေပင်အနည်းငယ်ပါဝင်သည်။ ရင်းတိုက်ပင် လည်းပါသည်။ မအူပင် အချို့နှင့် သစ်ရာပင် လည်းပါသည်။ သူတို့ ဒေသ အခေါ်အရတော့ သည်တောသည် မျိုးကြားတောပင်။

သည်တောအုပ်ကို သူတို့ သူဌေးက ကျပ် ၁၀ သိန်းပေးကာ ၀ယ်ခဲ့သည်ဟု သိရသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး တောနက်သည့်အတွက် သူဌေးက သည်နေရာကို သိပ်ပြီး သဘော မတွေ့လှ၊ သို့ပေမယ့် သည်လို တောမျိုးမှာသာ သစ်အရေအတွက် များများရနိုင်သည်။ ခုလို သူတို့ဒေသတွင် တရားမ၀င် သစ်ထုတ်လုပ်ရေး လုပ်ငန်းများ ပေါများနေသည့် အတွက် လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကာလ သည်လုပ်ငန်း စလုပ်စဉ်က ကဲ့သို့ တောအုပ်များကို စိတ်တိုင်းကျ ရွေးချယ်ခွင့် မရတော့။ သူတို့မှာ ရွေးချယ်ခွင့်နည်းသထက် နည်းပါးလာခဲ့ပြီ။ နောင်၁နှစ် ၂နှစ်ဆိုလျှင် သည်ဒေသတွင် ခုတ်စရာ အပင်ကျန်ပါဦးမည်လား။

ရှမ်းပြည်နယ်အတွင်း တရားမ၀င်  သစ်ထုတ်လုပ်ရေးလုပ်ငန်းများ စတင်လာခဲ့သည်မှာ လွန်ခဲ့သော ဆယ့်ရှစ်နှစ်တာ ကာလကတည်းက ဖြစ်သည်။ ထိုစဉ်က ယခုကဲ့သို့ သစ်ထုတ်သူတွေ မများသေးသော်လည်း စထုတ်သူများ ရှိနေခဲ့ပြီ။ ၁၉၉၃-၉၅ ခုနှစ် ခန့်ကစပြီး မန္တလေး-လားရှိုးလမ်းမကြီးပေါ်တွင် သစ်ကားများ ခပ်စိပ်စိပ်သွားလာသည်ကို တွေ့မြင်ရသည်။ နောက်ပိုင်း လေးငါးနှစ်အတွင်း  သစ်ထုတ်သူများလာခဲ့သည်။

လွန်ခဲ့သည့် သုံးနှစ်အတွင်း မည်သည့်အပင်ကိုမျှ ချန်မထားဘဲ သစ်ခုတ်ကြမ်းလာသကဲ့သို့ ဈေးကောင်းလည်း ရလာခဲ့သည်။ သစ်ဈေးကလည်း တနှစ်ထက်တနှစ် ကောင်းလာသည်မှာ မျိုးကြားတောမှ ထွက်သောပန်းစုံ (အပင်စုံ) မှ သစ်ပင် တတန်ကို ကျပ် ၁ သိန်းခြောက်သောင်းဈေးပေါက်နေပြီ၊ အင်ကြင်းဆိုလျှင် ၁တန်ကို ကျပ် ၂ သိန်း ၈သောင်းဈေးပေးပြီး ၀ယ်နေကြပြီ။ သစ်ကုန်သည်တွေ သူတို့ဆီထိ ရောက်လာပြီး ဈေးစကားပြော ကတည်းက သူတို့ဒေသမှ ပိုက်ဆံအတော်အတန်ရှိသူတွေ အားလုံး သစ်ထုတ်လုပ်ရေး လုပ်ငန်းထဲ ရောက် ကုန်ကြသည်။

သစ်ခုတ်လုပ်ငန်းကို တရားဝင်လား၊တရားမ၀င် ခုတ်နေခြင်းလား မည်သူကမျှရှည်ရှည်ဝေးဝေး တွေးမနေကြ။ သစ်ခုတ်မည့် နေရာကို စိတ်ကြိုက်သတ်မှတ်ပြီးလျှင် ထိုနယ်မြေနှင့် သက်ဆိုင်သည့် အုပ်ချုပ်ရေးပိုင်း၊ နယ်မြေခံ စစ်တပ်၊သစ်တောဦးစီး၊ နယ်မြေခံရဲများကို ထိုသစ်ကွက်အတွက် တန်ဖိုးငွေတခုသတ်မှတ်၍ ပိုက်ဆံပေးပြီး သစ်ခုတ်ကြခြင်းဖြစ်သည်။

သစ်ခုတ်ခွင့် လိုင်စင်မရှိသော်လည်း သစ်ခုတ်နေသည်ကို မည်သူကမှ ၀င်ရောက်တားမြစ်ခြင်း မပြုကြ။ ပိုက်ဆံပေး ထားသော နယ်မြေအတွင်း သစ်ခုတ်ခြင်း၊ သစ်စက်တင်ခြင်းနှင့် သယ်ယူခြင်းသည် အန္တရာယ်မရှိ။ သို့သော် နယ်မြေ တခုမှ တခုသို့ အကူးအပြောင်းတွင် သတိထားပြီး သယ်ယူကြရသည်ဟု သစ်လုပ်ငန်း ဆောင်ရွက်သူများ၏ ပြောပြချက်အရ သိသည်။

သူတို့ ဒေသတွင် သစ်တောကွက်တကွက်ကို အနည်းဆုံးကျပ် ၂ သိန်းကနေ သိန်း ၂၀ အထက်ထိ ပေါက်ဈေးရှိသည်။ ယခုကဲ့သို့သော မျိုးကြားတောဆိုလျှင်  အပင်ကောင်းနည်းပြီး သစ်ဈေး အရ နည်းသည့်အတွက် ကျပ် ၂သိန်းမှ ၁၀
သိန်းဝန်းကျင်အထိသာ အများဆုံးဈေးပေးရသည်။ အင်းကြင်းတော ဆိုလျှင်တော့ အနည်းဆုံး ကျပ် ၅ သိန်းမှ သိန်း ၂၀ အထက် ပေးရသည်။

အင်ကြင်းတောတွင် အင်ကြင်း၊ ပိတောက်၊ သစ်ရာပင်များ ပါဝင်ပြီး သစ်ကောင်းများသည့်အတွက် ဈေးကောင်း ရခြင်းဖြစ်သည်။ ထို့ပြင် သစ်ပင်များခြင်းနှင့် အကွက်ကျယ်ခြင်းကို ကြည့်ပြီး ဈေးကွာခြားသည်ဟု ကျောက်မဲ ခရိုင်တွင်းမှ အသက် ၄၄ နှစ်အရွယ် ပုဂ္ဂလိက သစ်ထုတ်လုပ်ရေးလုပ်ငန်းရှင်တဦးက ဆိုသည်။

“သစ်ထုတ်လုပ်ရေး လုပ်တဲ့သူတွေက များလာတော့ ခုဆို သစ်ကွက်တွေ မကျန်သလောက်ဖြစ်ကုန်ပြီပဲ၊ သစ်ကွက်ကို ကိုယ်က ဦးအောင်ရှာနိုင်မှ ရတာ၊ ရေလည်တောင်ဆိုရင် ခုတ်စရာ သစ်ကို မရှိတော့ဘူး၊နောင်ချိုနဲ့ ကျောက်မဲကြားမှာ ရှိတဲ့ တောတွေလည်းကုန်သလောက်ဖြစ်နေပြီ”  ဟု စိုင်းအောင်ဖန်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်လပိုင်းကလည်း နောင်ပိန်ကျေးရွာမှ  ၉ မိုင်ကျော်ဝေးသော  တောကို ငါး သိန်းနှင့် ၀ယ်ပြီး ခုတ်ကြရာတွင် ယင်းတောအုပ်မှ သစ်တန် ၃၀၀ ထွက်ခဲ့သည်။ ထင်ထားသည်ထက် ပိုရသည့်အတွက် သူတို့အဖွဲ့သားအားလုံးကို သူဌေးက လုပ်ခအပြင် အရက်ကောင်းကောင်း ရက်ဆက် တိုက်ခဲ့သေးသည်။

အတွေ့အကြုံအရ သစ်ကွက်တစ်ကွက်လျှင် အနည်းဆုံးသစ်တန်ပေါင်း ၁၀၀ ကျော်မှ ၃၀၀ ကျော်ထိ ထွက်လေ့ရှိသည်ဟု သူက ဆိုသည်။

ရှမ်းဓနုလူမျိုးတယောက်ဖြစ်သော သူသည် အသက် ၂၃ နှစ်အရွယ်ကတည်းက ကျောင်းနေဘက် သူငယ်ချင်း တဦး၏ ကမ်းလှမ်းမှုဖြင့် သစ်ထုတ်လုပ်ရေး လုပ်ငန်းခွင်ထဲ ရောက်ခဲ့သူ ဖြစ်သည်ဟု သိရသည်။

သူနေထိုင်သော မြို့ကလေးသည် လူဦးရေ လေးထောင်ကျော်ခန့်ရှိသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင်းရှိ  မြို့ငယ်ငယ်လေးတစ်မြို့သာ ဖြစ်သည်။ မြို့ကလေးကို  စိမ်းလမ်း တောင်စွယ် တောင်တန်းကြီး များက ၀န်းရံထားကြပြီး ထိုမြို့လေးတွင်နေထိုင်သူများကလည်း ပြောင်း၊ ကြံ စသည့် စိုက်ပျိုးရေး လုပ်ငန်းများဖြင့် အသက်မွေးကြသည်။

သက်ငယ်မိုး၊ ၀ါးထရံကာနှင့် ခြေတံရှည်မြေစိုက်အိမ်အချို့နှင့် အုတ်ဖိနပ်ခံ အိမ်များကိုလည်းတွေ့မြင်ရသည်။ အိမ်တိုင်း အိမ်တိုင်းတွင် ထင်းအပြည့် ဖြည့်ထားသော နွားတင်းကုတ်သဏ္ဍန် တဲကုတ်လေးများရှိကြပြီး တနှစ်စာအတွက် ထင်းစုဆောင်းသော အလေ့ရှိသည်။ နံနက်ခင်းတွင် စည်ကားသော ငါးရက်တဈေးလည်း ရှိသည်။

ထိုဒေသတွင် ယခင်က သစ်ပင်ဆိုလျှင် အရိပ်ရသော၊ ထင်းအဖြစ် အသုံးပြုနိုင်သော အိမ်ဆောက်ရာတွင် အသုံးပြုနိုင်သော အရာဝတ္ထုအဖြစ်သာ သိမြင်ခဲ့ကြသည်။ ယခုကဲ့သို့ ငွေသိန်းပေါင်းများစွာ ရရှိနိုင်သော လုပ်ငန်း တခုအဖြစ် မမြင်သိခဲ့ကြ။ သို့သော်လည်း လွန်ခဲ့သော ဆယ့်ခြောက်နှစ်ကာလက သူတို့မြို့ သို့ ကိုးကန့်လူမျိုးနှင့် တရုတ်ပြည်မှ ကုန်သည်အချို့
ဝင်ရောက်လာကာ မြို့အနီးရှိ တောအုပ်လေးထဲ ၀င်ပြီး သစ်များ စတင်ခုတ်ယူ လာသည်ကို မြင်တွေ့ခဲ့ကြရသည်။ သိပ်မကြာမီမှာပင် လူငယ်အချို့မှာ သစ်ထုတ်လုပ်ရေး စခန်းများတွင် အလုပ် ရလာခဲ့ကြသည်။

သစ်ထုတ်လုပ်ရေးလုပ်ငန်းမှာ ၀င်ငွေအလွန်ကောင်းသော လုပ်ငန်းတခုအဖြစ် သူတို့ဒေသတွင် ကျော်ကြားလာခဲ့သည်။ ယခုအခါတွင် လူငယ်အများစုသည် သစ်ထုတ်လုပ်ရေး စခန်းများတွင် နေ့စားအဖြစ် လည်းကောင်း၊ လခစား အဖြစ် လည်းကောင်း၊ သစ်ခုတ်သမား၊ သစ်ဆွဲ၊ စာရေး စသဖြင့် ရရာ အလုပ်ဝင်ကြတော့သည်။

မျိုးကြားတောဆိုလျှင် သစ်ခုတ်ခ အများဆုံး တတန်ကို ကျပ် ခြောက်ထောင် ဈေးရှိပြီး အင်ကြင်းတော ဆိုလျှင် တတန်ကို သစ်ခုတ်ခ ရှစ်ထောင်မှ ကျပ်တသောင်းထိ ပေါက်ဈေးရှိ၏။ အသက် ဆယ့်လေးနှစ်အရွယ် ကလေး များကလည်း
သစ်ဝင်ထမ်းကြသည်။  သစ်ထမ်းခမှာ ၃ပေ နှစ်တိုး ပေတို တစ်ချောင်းကို ၆၀၀ ကျပ် ပေါက်ဈေး ရှိသည်။ ယာဉ်ပေါ် အရောက် တင်ပေးရသည်။

တောထဲတွင် သစ်ခုတ်ပြီးလျှင် ခုတ်ပြီးသော အကြမ်းထည်များကို ကျွဲနှင့် သစ်ခွဲစက်ထိအရောက် ဆွဲကြရသည်။ ထိုဆွဲခ နှုန်းကလည်း  ခရီးအနီးအဝေးပေါ်တွင် မူတည်ပြီး သစ်တတန်လျှင် ကျပ် ၈ ထောင်မှ တသောင်းထိ ပေါက်ဈေးရှိကြောင်း ကျွဲအငှားလိုက်သူ ကျွဲပိုင်ရှင်တဦးက ပြောပြသည်။

“ရှမ်းပြည်မှာကနော့်၊ မြေပြန့်လို မဟုတ်ဘူး ဆင်းရဲတဲ့ သူတွေအတွက်အလုပ်က ရှားတယ်၊ တောင်ယာစိုက်တာကလည်း သိပ်အဆင်မပြေကြတော့၊ ငွေအရင်းအနှီးမရှိကြတော့ အရောင်းအ၀ယ်လည်း မလုပ်နိုင်ဘူးပေါ့၊ သစ်ခုတ်စားကြတာပဲ များတယ်၊ သစ်ခုတ်လုပ်ငန်းလေးရှိနေလို့ ထမင်းစားနေကြရတာနော့်၊ ဒီအလုပ်နားနေရတဲ့ ရက်များလာရင် ငတ်လာကြ တာပဲ” ဟု နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာတွင် နေထိုင်သူ တဦးက ဆိုသည်။

ထိုသူများအတွက် သစ်ခုတ်ခြင်း၊ သစ်ဆွဲခြင်း အလုပ်သည် ပိုက်ဆံရသည့်အတွက် မက်ကြသည်။ အလုပ်အမြဲ ရှိနေစေချင် ကြသည်။ သစ်စခန်းတခုသိမ်းလျှင် နောက်ထပ် သစ်စခန်းတခုဆောက်ရမည်ကို မျှော်လင့်ကြသည်။ သစ်ပင်တပင်ခုတ် လိုက်တိုင်း သူတို့အာရုံတွင် ပိုက်ဆံကိုသာ မြင်ကြပြီး သူတို့ပေးလိုက်ရသည်မှာ သူတို့ဘ၀ အတွက် အဖိုးထိုက်သော သဘာဝအရင်းအမြစ်တခုဖြစ်သည်ကို မည်သူကမှ မတွေးဆကြည့်ကြ။ လောလော ဆယ် စားဝတ်နေရေး အဆင်ပြေစေရေး တခုတည်းအတွက်ကိုသာ ရှေးရှုလာကြခြင်းဖြစ်သည်။

“သစ်ခွဲစက်မှာလည်း ၀ိုင်းဆရာနဲ့ ထိုးသား ၆ယောက်ပါတဲ့ အဖွဲ့ကို ၁ တန်ကို ၆ ထောင်နှုန်း ပေးပြီး ခွဲခိုင်းရတယ်၊  သူတို့ကလည်း တနေ့ကို ၂ တန်ကနေ ၄ တန်ထိ ကျအောင် ခွဲနိုင်တယ်၊ ပြီးတော့ ခွဲသားကို ကားလမ်း ထိပေါက်အောင် သစ်တိုက်ရသေးတယ်။ သစ်တိုက်ခကလည်း မိုင် ၂၀ သစ်တတန်ကို သုံးသောင်းဈေး ...အဲဒီလို ကုန်ကျစရိတ်တွေကလည်း ရှိသေးတယ်” ဟု ကျောက်မဲ မြို့တွင် နေထိုင်သော သစ်ထုတ်လုပ်ရေး လုပ်ငန်း လုပ်နေသူ တဦးက ကုန်ကျစရိတ်ကို တွက်ပြသည်။

သစ်ထုတ်လုပ်ရေး စရိတ်သည်ကြီးမြင့်သလို ငွေကြေးအကျိုးအမြတ်အနေနှင့်လည်း ကြီးသည်။ သစ်ထုတ်သူတိုင်း အနည်းဆုံး သိန်း ၁၅၀ ၊ သိန်း ၂၀၀ အထက် ရကြတာများသည်။ သို့သော်လည်း သူတို့သည် ကျွန်းပင်ကို မခုတ်ကြ။ သစ်တော ဦးစီးဌာန၊ နယ်မြေခံစစ်တပ်နှင့် ရဲတို့ကလည်း ကျွန်းဆိုလျှင်အလွတ်မပေးဘဲ ဖမ်းကြသည်။

“ကျွန်းပင်ဆိုရင် သူတို့အတွက် သီးသန့်ချန်ပေးထားရသလိုကို ဖြစ်နေတာ၊ ကျွန်းခိုးသယ်လာလို့ မိရင်လည်း အဲဒီကျွန်းကို ဖမ်းပြီး သူတို့ပဲရောင်းစားကြတယ်၊ သစ်ထုတ်တဲ့သူတွေကလည်း သူတို့နဲ့ အဆင်ပြေချင်တော့ တောထဲမှာ ကျွန်းပါလာရင် သူတို့ကို အကြောင်းကြားပေးလိုက်တာပဲ၊ ခိုးခုတ်တာ ရှားတယ်”ဟု နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာတွင်နေထိုင်သူ သစ်ခွဲစက် လုပ်ငန်းရှင်တဦးက ပြောပြသည်။

ရှမ်းပြည်နယ်တွင်းရှိ ဒေသအများစုတွင်  ထိုကဲ့သို့တရားမ၀င် သစ်ထုတ်လုပ်ခြင်းများ ရှိသကဲ့သို့ လိုင်စင်မဲ့ သစ်ခွဲစက်များ လည်း တိုးပွားလာသည်ကို တွေ့မြင်ရသည်။ သစ်ခွဲသားများကို ကားလမ်းထိသစ်တိုက်ပေးသောလုပ်ငန်း လုပ်သူများလည်း ရှိလာသည်ကို တွေ့မြင်ရသည်။

လုပ်ငန်းအခြေအနေအရ ၀င်ငွေပေါ်မူတည်၍ သစ်လုပ်ငန်းလုပ်ကိုင်သော မြို့များတွင် ကာရာအိုကေ ဆိုင်၊ ခမ်းနားသော စားသောက်ဆိုင်များနှင့် လူနေမှုပုံစံပြောင်းလာသည်ကိုလည်း တွေ့မြင်ရသည်။

ထို့ပြင် အဆင်ခြင်မဲ့ သစ်ထုတ်လုပ်မှုများကြောင့် ရာသီဥတုအပြောင်းအလဲများဖြစ်ပေါ်လာကာ မိုးရာသီတွင် မကြာခဏ တောင်ပြိုခြင်း၊ ရေလျှံခြင်း၊ စိုက်ခင်းများ ပျက်စီးခြင်းတို့နှင့်အတူ ရာဘ ဆေးပြားစွဲသူများ များပြားလာခြင်း၊ အသက် ၅၀ အောက်အမျိုးသားများအရက် ကြောင့်သေဆုံးရခြင်းနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါ ဖြစ်ပွားသူများလည်း များပြား လာခဲ့သည် ဟု ဆေးပညာရှင်များနှင့်ဒေသခံလူထု၏ ပြောပြချက်များအရ သိရသည်။

ရှမ်းပြည်နယ်ရှိ မြို့ကလေးများ၏ ညနေခင်းများသည် အရက်နံ့များသင်းလာခြင်းနှင့် လောင်းကစားဝိုင်းများ ပေါ်ထွန်းလာ သည့်အတွက် တရုတ်လူမျိုး စီးပွားရေးသမားများ၏ မျက်စိကျရာ နေရာတခုလည်းဖြစ်လာခဲ့သည်။

ညနေတွင် မြို့သားများသည် တနေကုန်မောပန်းထားသမျှ အပေါင်းအသင်းများနှင့် အရက်ပြင်းသောက်ရင်း အမောဖြေ ကြသော အလေ့စရိုက်ကလည်း တဖြည်းဖြည်းခိုင်မြဲလာသည့်အတွက်  မြို့ကလေးမှာ လက်ဖက်ရည်ဆိုင်ထက် အရက် ဆိုင်များ၊ အရက်ချက်သူများက  နေရာယူလာခဲ့သည်။ အချို့ကလည်း သစ်ခုတ်သည့်အခါ အမောခံနိုင်ရန်အတွက် ရာဘ ဆေးပြားများကို သုံးစွဲကြသည်ဟု သစ်ခုတ်သမားတဦးက ပြောပြသည်။

“ရှမ်းပြည်ကို အရင်တုန်းကလို ရာသီဥတုကောင်းတယ်၊ နေလို့ကောင်းတယ်၊ အေးချမ်းတယ်လို့ မထင်နဲ့တော့၊ ပါတီကောင်စီ ခေတ်ကတည်းကစပြီး ပျက်စီးခဲ့တာ၊ ခု စစ်အစိုးရခေတ်မှာလည်း အမျိုးမျိုး ဖျက်ဆီးလို့ပျက်စီးသွားပြီ၊ ရာသီဥတုတွေလည်း ဖောက်ပြန်ပျက်စီးပြီး ပူချင်တိုင်းပူနေပြီ၊  ရှမ်းပြည်က လူတွေလည်း ဖြစ်ချင်တိုင်း ဖြစ်နေကြပြီ” ဟု အသက် ၇၈ နှစ်အရွယ်၊ကျောက်မဲခရိုင်တွင်းရှိ မြို့နယ်တခုမှ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် တဦးက လက်ရှိ ရှမ်းပြည်နယ်၏ အခြေအနေကို သုံးသပ်ပြပါသည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!