အနောက်ကိုတဲ့ မျှော်လိုက်ရင်
ရှားဖောင် | ဇွန် ၈၊ ၂၀၀၇

ဟဲနေသော ဒုက္ခသည်စခန်းအတွင်း နေထိုင်လာခဲ့သည်မှာ ၂၅ နှစ်မျှရှိတော့မည်။ သူ အသက် ၅ နှစ်သားအရွယ် ကတည်းက မိဘများနှင့်အတူ မြန်မာနိုင်ငံမှ နယ်စပ်ဖြတ်ကျော်ထွက်ပြေးကာ ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများသို့ ရောက်ရှိလာသူ ဖြစ်သည်။ ယခု သူ့အသက် ၂၉ နှစ် ရှိပြီဖြစ်ပြီး ကလေး ၂ ယောက်အဖေ အိမ်ထောင်သည် တဦးလည်း ဖြစ်နေခဲ့ပြီ။ အခြေတကျနေထိုင်စရာ နေရာအိုးအိမ်အတွက် နှစ်ရှည်လများစောင့်ဆိုင်းနေရမှုသည် မကြာမီ အဆုံး သတ်တော့မည်ဟု မျှော်လင့်ရသည်။

သူက အခြားသောကရင်လူမျိုးများနည်းတူ ကရင်ပြည်နယ်တွင်းရှိ နေရပ်ရင်းအိမ်သို့ ပြန်ရလိမ့်မည်ဟူသော မျှော်လင့် ချက်ကို စွန့်ခဲ့ပြီ။ နိုင်ငံရပ်ခြားတွင် ပြန်လည်အခြေချဖို့ စဉ်းစားခဲ့ပြီ။ ယခုတော့ ဖြစ်နိုင်သည်မှာ အမေရိကန်နိုင်ငံသို့သွားရရန် ရှိသည်။

“ဒီမှာက ကျနော်တို့ဘ၀တွေ ဘယ်လိုမှ တိုးတက်လမ်း မရှိဘူး”ဟု ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သူ ဟဲနေသောက ပြောပြသည်။ “ ဒါကြောင့်လည်း အခွင့်အလမ်းလည်းရလာရော၊ ကျနော်တို့တံခါးပွင့်လာ တာပေါ့။ ဒီစိတ်ပျက်စရာ ဒုက္ခတွေထဲက လွတ်အောင်ရုန်းရတော့မယ်လို့ ကျနော်တို့မိသားစု ဆုံးဖြတ်လိုက်ရတယ်”ဟု သူ က ပြောသည်။

ဟဲနေသောနှင့် သူ၏မိသားစုသည် နယ်စပ်မျဉ်း၏တဘက် ထိုင်းနိုင်ငံဘက်ခြမ်းရှိ ဒုက္ခသည်စခန်း ၉ ခုတွင် နေထိုင်နေ ကြသော မြန်မာပြည်မှ လာရောက်ခိုလှုံသူ ဒုက္ခသည်ပေါင်း ၁၄၀,၀၀၀ ကျော်အနက်မှ မိသားစုတစုဖြစ်သည်။ ဒုက္ခ သည် ၁၇,၀၀၀ ခန့်မှာ တတိယနိုင်ငံများတွင် ပြောင်းရွှေ့အခြေချရန်အတွက် လျှောက်ထားကြပြီး၊ တချိန်ချိန်တွင် အမေရိကန် ပြည်ထောင်စု၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန် သို့မဟုတ် ဥရောပတိုက်၏ တနေရာရာသို့ သွားရောက် ရဖွယ်ရှိသည်။

ထိုင်းနိုင်ငံရှိစခန်းများတွင် နေထိုင်နေကြရသည့် စိတ်ပျက်ဖွယ်ရာ အခြေအနေများ၊ နိုင်ငံရပ်ခြားတွင် ကြောက်ရွံ့ စိုးရိမ်မှု များသည် ကရင်လူမျိုးအများစုအကြား တစစ လွင့်ပါးပျောက်ကွယ်ကုန်ကြပြီ ဖြစ်သည်။ ဘာပဲ ဖြစ်ဖြစ် ဤဒုက္ခသည်ဘ၀မျိုး ထက်တော့ သာလိမ့်မည်ဟု ယူဆကြသည်။ ၀ါးတဲငယ်များနှင့် လူဦးရေထူထပ်နေ သောစခန်းများ၊ လျှပ်စစ်မီး မရရှိမှု၊ ပညာရေးအခွင့်အလမ်းများ ရှားပါးခြင်းနှင့် တိရစ္ဆာန်သာသာ သံဆူးကြိုးများဖြင့် လှောင်ခတ်ကာရံထားခြင်း ခံရသော ဒုက္ခသည်များ၏ ဘ၀ထက်တော့ သာလိမ့်မည်ဟု မြင်နေကြသည်။

သို့သော် သူစိမ်းတရံဆံ နိုင်ငံရပ်ခြား၊ အာရှတိုက်၏ ပြင်ပဘ၀ရပ်တည်ရမှုတွင်လည်း စွန့်စားရင်ဆိုင်ရဖွယ် ပြဿနာများ ရှိနေသည်။ အထူးသဖြင့် အနောက်နိုင်ငံတခုတွင် ရုတ်ချည်းပြောင်းလဲနေထိုင်ရမည်ဆိုသည်မှာ အကြီးမားဆုံးသော ဘ၀တဆစ်ချိုး ပြောင်းလဲမှုကြီးဖြစ်သည်။

တရားဟောဆရာဟောင်း ကနဲခင်နှင့် သူ၏မိသားစုသည် လွန်ခဲ့သောနှစ် စက်တင်ဘာလတွင် ထိုင်းနိုင်ငံ၊ ရတ်ခ်ျဘူရီ ခရိုင်ရှိ ထမ်ဟင်းစခန်းမှ အမေရိကန် အနောက်အလယ်ပိုင်းရှိ အင်ဒီးယားနားပြည်နယ်သို့ ပြောင်းရွှေ့အခြေချခဲ့သည်။

ပြောင်းရွှေ့အခြေချခွင့်ရသော မိသားစုများသည် ယေဘုယျအားဖြင့် ခြောက်လကြာ ငွေကြေးအထောက်အပံ့ရလေ့ရှိ ကြပြီး ထိုကာလလွန်ချိန်တွင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ရသည်။ ကနဲခင်သည် အိမ်လခအပြင် တလလျှင် အမေရိကန် ဒေါ်လာ ၁,၁၅၀ ဖြင့် ထောက်ပံ့ကြေး ၃ လ ရရှိခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် သွားရောက် အခြေချနေထိုင်ရခြင်းနှင့် ပတ်သက်သော အခက်အခဲများ ဖြစ်သည့် ဘာသာ စကားအခက်အခဲနှင့် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် မတူကွဲပြားသော ယဉ်ကျေးမှု အခက်အခဲများ ရှိသော်လည်း ကနဲခင် သည် အမေရိကန်တွင် တလမျှ အခြေချပြီးနောက် အလုပ်ရခဲ့သည်။ ဤအခြေအနေမျိုးကို ဒုက္ခသည်စခန်း အတွင်း မည်သို့မျှ မရနိုင်ပါ။

“ဒုက္ခသည်တွေအတွက် ဒီမှာ အသက်ရှင်ရပ်တည်ဖို့ဆိုတာ ခက်သားလား”ဟု ကနဲခင်က ပြောပြသည်။ “ ဒါပေမယ့် ဒုက္ခသည်စခန်းတွေနဲ့ ယှဉ်ရင်တော့ ဒီမှာကတော့ အဓိကက လွတ်လပ်မှုပဲ။ ခင်ဗျားလုပ်ချင်တာမှန်သမျှကို ဥပဒေ မချိုးဖောက်သရွေ့ အကုန်လုပ်လို့ရတယ်”ဟု သူက ပြောသည်။

ကလေးများအနာဂတ်အတွက် ဤလမ်းကို သူစဉ်းစားရွေးချယ်ခဲ့ရခြင်းဖြစ်သည်။ အသက် ၇ နှစ်မှ ၁၆ နှစ်အရွယ် ကလေး ၄ ယောက်ရှိသည်။ သို့သော်လည်း ကနဲခင်က သဘောပေါက်ထားသည်မှာ ဘ၀တိုးတက်အောင်မြင်စေရန် သူ အလုပ်ကို ကြိုးပမ်းရုန်းကန်လုပ်ရမည်ဟု နားလည်သည်။

“အမေရိကကို လာတဲ့လူတွေတိုင်းမှာ မတူတဲ့အိပ်မက်တွေနဲ့ လာကြတာပဲ။ ဒါပေမယ့် လူတိုင်းကတော့ အလုပ်ကို ကြိုးစားပြီး လုပ်ဖို့လိုတယ်” ဟု သူက ပြောပြခဲ့သည်။ “ ကျနော်နဲ့ ကျနော့်မိန်းမဒီကိုလာတာ ပိုက်ဆံရှာဖို့လာတာ မဟုတ်ဘူး၊ ကျနော်တို့ သားသမီးတွေနောင်ရေးအတွက်ပဲ။ သူတို့ပညာကောင်းကောင်းသင်နိုင်ပြီး တနေ့မှာ ကျနော် တို့ပြည်သူတွေအတွက် သူတို့ပြန်လည် အလုပ်အကျွေးပြုနိုင်ဖို့ ရည်မှန်းထားတာပဲ” ဟု သူက ဆက်ပြောပြခဲ့သည်။

ကနဲခင်၏ ကလေးများက အသက် ၁၈ နှစ်တိုင်သည်အထိ အခမဲ့ပညာသင်ခွင့် ရရှိကြမည် ဖြစ်သည်။ ကနဲခင် ရင်ဆိုင် နေရသည့် အကြီးမားဆုံးသော ၀န်ထုပ်ဝန်ပိုးမှာ ကလေးများ၏ တက္ကသိုလ်ပညာရေးစရိတ်အတွက် ငွေစုရန် ဖြစ်သည်။

ထိုင်းနိုင်ငံ တာ့ခ် ခရိုင်အတွင်းရှိ နို့ဖိုးဒုက္ခသည်စခန်းမှ မြောက်ကာရိုလိုင်းနားပြည်နယ်သို့ ပြောင်းရွှေ့အခြေချချိန်မှစ၍ အင်္ဂလိပ်မိသားစုအမည် ခံယူထားသော အမ်းစထရောင်းတို့ ကရင်မိသားစုက အင်္ဂလိပ်စာကောင်းကောင်း မွန်မွန် တတ်၍ အခြေခံပညာရှိသော ဒုက္ခသည်များသည် အနောက်နိုင်ငံနေထိုင်မှုဘ၀တွင် စိမ့်ဝင်ရန်လွယ်ကူပြီး အလုပ် ကောင်းကောင်း လည်းရရန် လွယ်ကူသည်ဟု မြင်ကြသည်။

ကလေး ၃ ယောက်ဖခင်ဖြစ်သူ အမ်းစ်ထရောင်းက နေ့ပိုင်းတွင် အလုပ်လုပ်၍ ညအချိန်တွင် အင်္ဂလိပ်စာလေ့လာသည်။
“ဒီမှာကတော့ အလုပ်လဲလုပ်၊ တဘက်ကလည်း လေ့လာရေးလုပ်ပဲ” ဟု အမ်းစ်ထရောင်းကဆိုသည်။

ဘ၀အခြေကျ၍ အောင်မြင်မှုရစေရန်အတွက်လိုအပ်သော အမ်းစ်ထရောင်း ပြောသည့် အချက်နှစ်ချက်မှာ ဟဲနေသော နှင့် မိသားစုနေထိုင်နေကြသည့်  ဒုက္ခသည်စခန်းတွင်လည်း လုံးဝမရရှိနိုင်သော အရာများဖြစ်နေကြသည်။

“ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေသလဲဆိုတာ ခင်ဗျားဘာမှ မသိနိုင်ဘူး၊ ဒီမှာရှိတဲ့ဘ၀ကတော့ အမှောင်အတိပဲ”ဟု ဟဲနေသော က ပြောပြခဲ့သည်။

ဟဲနေသော အတွက် ယင်းစခန်းကမှာ လမ်းပိတ်တခုကဲ့သို့ ဖြစ်နေသည်။ “တကယ်လို့ အခွင့်အရေးရရင်တော့ ကျနော် ကတော့ ဖိနှိပ်မှုရဲ့အောက်၊ လွတ်လပ်ခွင့်မရှိတဲ့ ဘ၀မှာ နေရတာထက် နိုင်ငံခြားကို သွားနေမယ်”ဟု သူက စဉ်းစား ထားသည်။  

စိတ်ပျက်ဖွယ်ကောင်းသော၊ အချိန်ဖြုန်းတီးရာရောက်နေကြရသော ဒုက္ခသည် ဘ၀အဖြစ်နေထိုင်နေရသော်လည်း ဟဲနေသောက အမေရိကန်သို့ရောက်ရှိနိုင်ရေးအတွက် သူ၏အိပ်မက်ကို ဆက်မက်နေဆဲ ဖြစ်သည်။ အမေရိကားမှာ အလုပ်ရှာ၊ ပြီးလျှင် မိသားစုကို ထောက်ပံ့နိုင်မည်။ ထို့အပြင်အရေးကြီးဆုံးအချက်ဖြစ်သည့် သူ့ဘ၀တလျှောက်လုံး  မရရှိနိုင်ခဲ့သည့် လွတ်လပ်ခွင့်နှင့် ပညာရေးကို သူ၏ သားသမီးများကို ရရှိခံစားစေချင်သေးသည်။ ဤအိပ်မက်ဖြင့်ပင် သူဆက်လက် ရှင်သန်နေလေတော့သည်။

၂၀၀၇ ခုနှစ် ဇွန်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ Westward Bound By Shah Paung ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။

[Top]


Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!