ခြိမ်းခြောက်ခံနေရတဲ့ ဘေးမဲ့တောတခု
ခွန်ဆမ်
(ကချင်ပြည်နယ်က တောရိုင်းတိရစ္ဆာန်တွေ ကျက်စားတဲ့ သဘာဝအမွေအနှစ်တခုဟာ ကိုယ်ကျိုးစီးပွားအတွက် လုယက်ဖျက်ဆီးခြင်း ခံနေရတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ပြောပါတယ်)။
အရှေ့တောင်အာရှရဲ့ အကြီးဆုံးနဲ့သက်တမ်းအရင့်ဆုံးရေကန်တကန်ဟာ တိမ်ကောပျက်ဆီးနေပြီလို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက သတိပေးပြောဆိုနေပါတယ်။ မြန်မာပြည်မြောက်ပိုင်းက ဒီရေကန်ကို ကာကွယ်ထိန်းသိမ်းရမယ့် နေရာအဖြစ် သတ်မှတ်ထားကြတယ်။
ကချင်ပြည်နယ်က အင်းတော်ကြီးကန်ဟာ `ရေထုညစ်ညမ်းလာတာ၊ မျိုးပြုန်းတဲ့အထိ ငါးဖမ်းနေတာ၊ ရေငှက်တွေနဲ့ နို့တိုက်သတ္တ၀ါတွေကိုဖမ်းဆီးနေတာ စတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်။ ဒီဒေသက သစ်တောတွေဟာ လယ်မြေ သစ်တွေဖော်တာ၊ သစ်ခုတ်တာနဲ့ တောမီးလောင်တာတွေကြောင့် တောပြုန်းမဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်´ လို့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ အခြေစိုက်ထားတဲ့ ဇီဝမျိုးစုံတည်ရှိရေးထိန်းသိမ်းမှုဆိုင်ရာ အာဆီယံ ဒေသခံဌာနက ပြောပါတယ်။
အင်းတော်ကြီးကန်ဟာ အာဆီယံရဲ့ အမွေအနှစ်နေရာတွေထဲမှာ တခုအပါအ၀င် ဖြစ်ပါတယ်။ ဒါပေမယ့် တောရိုင်း တိရစ္ဆာန်တွေ ကျက်စားတဲ့ အင်းတော်ကြီးကန်ဘေးမဲ့တောဟာ ကိုယ်ကျိုး စီးပွားရှာ လုယက်ဖျက်ဆီးခြင်းကို ခံနေရ တယ်လို့ အထက်ပါအဖွဲ့က ပြောပါတယ်။ ဒီအဖွဲ့ဟာ ဥရောပသမဂ္ဂနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ အတော်များများ ရဲ့ထောက်ခံမှုကို ရရှိထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။
စတုရန်းမိုင်၃၀၀ ကျယ်ဝန်းတဲ့ ဒီဘေးမဲ့တောကြီးရဲ့ တစိတ်တပိုင်းဖြစ်တဲ့ အင်းတော်ကြီးကန် တ၀ိုက်က သစ်တောဖုံးလွှမ်း နေတဲ့ တောင်ကုန်းတွေပေါ်မှာ သစ်ခုတ်လှဲနေတာကို စစ်အစိုးရက မသိကျိုးကျွန်ပြုထားတယ်။ ရွှေတွင်းတူးခွင့်ကို တိုးချဲ့ချထားပေးခဲ့တယ်။ အင်းတော်ကြီးကန်ကို အစိတ်စိတ်ပိုင်းပြီး ကုမ္ပဏီကြီးတွေကို လေလံပစ်ရောင်းချခဲ့တယ်။ ဒီကုမ္ပဏီတွေဟာ ဘယ်လို စည်းကမ်းဥပဒေနဲ့မှ ကန့်သတ်အရေးယူတာမခံရဘဲ ငါးမှန်သမျှကို ဖမ်းဆီးနေခဲ့ပါတယ်။
၁၅မိုင် ရှည်တဲ့ရေကန်ကြီးပတ်လည်က ရွာပေါင်း၂၀ထဲမှာ `နမောန်´ရွာလည်း ပါဝင်ပါတယ်။ `ခေါန်ဘူ´ ဟာ အဲဒီ နမောန်ရွာမှာနေထိုင် ကြီးပြင်းခဲ့သူ တယောက်ပါ။ ငယ်ငယ်တုန်းက လူတွေက ကန်ထဲကနေ ငါးကြီးတွေ ဖမ်းခဲ့တာကို သူသတိရ မိပါတယ်။
“ ဒါပေမယ့်အခုတော့ ငါးဖမ်းရခက်သွားပြီ။ ငါးကြီးတွေဆို မရှိတော့ဘူး။ ကျမတို့ အထိမ်းအမှတ်ပွဲတခုလုပ်မယ်ဆိုရင် ငါးကို မြေပြန့်ကနေ မှာယူရတယ်´ လို့ ခေါန်ဘူက ဧရာဝတီမဂ္ဂဇင်းကို ပြောပါတယ်။
အင်းတော်ကြီးကန် သဘာဝဘေးမဲ့တောကို မြန်မာစစ်အစိုးရက (၁၉၉၉)ခုနှစ်မှာ တည်ထောင်ခဲ့တယ်။ ဒီဒေသမှာ ရှိတဲ့ တိရစ္ဆာန်တွေ ငှက်တွေနဲ့ ငါးတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ သဘာဝ ပတ်ဝန်းကျင်ခရီးသွားလုပ်ငန်းကို တိုးမြှင့် လုပ်ကိုင် လိုပုံရတယ်။ ဒါပေမယ့် အာဏာပိုင်တွေဟာ ၀င်ငွေရှာဖို့အတွက် အင်းတော်ကြီးကန်ကို အပိုင်းပိုင်းပြီး ၃နှစ်စာချုပ်နဲ့ ငါးဖမ်း ကုမ္ပဏီတွေလက်ထဲ လေလံတင်ရောင်းချခဲ့တယ်လို့ ဒေသခံလေ့လာသူတွေက ပြောတယ်။
အင်းတော်ကြီးကန်ဟာ လိပ်နဲ့ ငါး မျိုးစိတ်ပေါင်း (၂၀၀)ကျော် ကျက်စားရာ နေရာဖြစ်ပြီး၊ ကန်ပတ်လည်က သစ်တောထဲမှာ ငှက်မျိုးစိတ်ပေါင်း(၁၂၀)ကျော် ခိုလှုံနေထိုင်နေကြတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ပြောဆိုတယ်။ သစ်တောရဲ့ အတွင်းပိုင်းမှာ တနေ့တခြားရှားပါးလာနေတဲ့ ဆင်၊ ကျားသစ်၊ တောကြောင်၊ တောင်ဆိတ် နဲ့ ကြံ့တို့ ကျက်စား နေထိုင်ကြပြီး တချို့တိရစ္ဆာန်တွေဆိုရင် မျိုးတုံးမယ့် အန္တရာယ်စာရင်းမှာ ပါဝင်တယ် လို့အဆိုပါ ဇီဝမျိုးစုံတည်ရှိရေး ထိန်းသိမ်းမှုအဖွဲ့က ပြောတယ်။
ဘေးမဲ့တောတခုကို ထိန်းသိမ်းကာကွယ်မှုမရှိတာကြောင့် သစ်ပင်တွေနဲ့တောရိုင်း တိရစ္ဆာန်တွေ ဟာ အခုအခါမှာ အစားထိုး လို့မရလောက်အောင် ပျက်စီးဆုံးရှုံးနေပြီးလို့ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းတွေက ယုံကြည်ကြတယ်။
`ဘရန်ဂမ်´ ဟာ အင်းတော်ကြီးကန်ဘေးမှာ နေထိုင်ပြီး နှစ်ပေါင်းအတော်ကြာ သုတေသန လုပ်ငန်းလုပ်ကိုင်နေသူ တယောက်ဖြစ်တယ်။ တခါက လူကြိုက်များခဲ့တဲ့ အင်းတော်ကြီးကန်က ငါးတချို့ဟာ အခုတော့ ရှားပါးသွားပြီ။ ရေကန်ဆီ ရောက်လာတတ်ကြတဲ့ ဆောင်းခိုငှက်တွေလည်း အခုအခါ မတွေ့ ရသလောက်ပါပဲ။ ငါးဖမ်းခွင့်ကို လေလံ စနစ်နဲ့ ချပေးတာကြောင့် ငါးကြီးငါးသေးမရှောင်၊ ငါးယစ်တက်ချိန်မရှောင် ဖမ်းဆီးရောင်းဝယ်နေကြတယ်လို့ သူကပြောတယ်။
ငါးဖမ်းကုမ္ပဏီတွေဟာ အခွံမာ၊ အခွံပျော့လိပ်တွေနဲ့ မိချောင်းတွေအပါအ၀င် ရေကန်ထဲက အဖိုးတန်တိရစ္ဆာန်မျိုးစိတ် တွေကို ရှာဖွေဖမ်းဆီးနေကြတယ်။ ဒီတိရစ္ဆာန်တွေကို တိုင်းရင်းဆေးဖော်စပ်ဖို့ တရုတ်ပြည်ကို တရားမ၀င်တင်ပို့ နေတာဖြစ်တယ်လို့ ဘရန်ဂမ်က ပြောတယ်။
ဒေသခံပြည်သူတွေက တောင်ကုန်းတွေကို ခုတ်ထွင်ရှင်းလင်းမီးရှို့ပြီး စိုက်ပျိုးမြေအဖြစ်ပြောင်းလဲ အသုံးချတာဟာလည်း သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပါတယ်။
`သစ်ခုတ်တာဟာ ကျနော် ငယ်စဉ်ကလေးဘ၀တည်းက ရှိနေခဲ့တာပါ။ အခုတော့ ကျနော်နေတဲ့ ရွာနားက သစ်တောလည်း ပြုန်းသွားပြီ။ ရွာနဲ့ ၅မိုင်၊ ၁၀မိုင်လောက်ဝေးတဲ့ `မှိုင်းနောင်´ နဲ့ `လုံးတုံ´ ဒေသက သစ်ပင်တွေကို ခုတ်လှဲနေကြတယ်´လို့ ခေါန်ဘူက ပြောတယ်။
`အဓိကတရားခံ´ကတော့ ဒေသခံအာဏာပိုင်တွေရဲ့ မှားယွင်းတဲ့စီမံမှုပါပဲ။ အာဏာပိုင်တွေဟာ ရှိသမျှ သဘာဝသယံဇာတ တွေကို လက်တဆုပ်စာ စီးပွားရေးသမားတွေလက်ထဲ လေလံတင်ရောင်းစားပါတယ်။ စီးပွားရေးသမားတွေက လက်ငင်း အမြတ်ရဖို့အတွက်ပဲ ရည်ရွယ်ပြီး ဒီနယ်မြေကို အသုံးချခဲ့တယ်လို့ ဘရန်ဂမ်က ပြာတယ်။
အဆိုးဆုံးဥပမာတခုကတော့ အာဏာပိုင်တွေက ရွှေတူးခွင့်ကို ချပေးနေတဲ့ကိစ္စပါ။ ကချင်ပြည်နယ်ကို ရွှေထွက်တာကြောင့် လူသိများကြတယ်။ ဒါပေမယ့် အင်းတော်ကြီးကန် အနီးတ၀ိုက်မှာ ရွှေတွင်းတွေ များပြားလာနေတာကြောင့် သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်လာတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ပြောကြတယ်။
ပြဒါးဟာ ရွှေတွင်းတူးတဲ့နေရာတွေက ထွက်လာတဲ့ဘေးထွက်ပစ္စည်းတခုဖြစ်ပြီး အင်းတော်ကြီးကန်နဲ့ ဆက်သွယ်နေတဲ့ ချောင်းငယ်မြောင်းငယ်တွေထဲ စိမ့်ဝင်နိုင်တယ်။ ဒါပေမယ့် ရွှေကို ပိုပြီး ထိထိရောက်ရောက် သန့်စင်ထုတ်ယူနိုင်ဖို့အတွက် ဓာတုအဆိပ်တမျိုးဖြစ်တဲ့ ဆိုင်ယာနိုက် (Cyanide )ကို သုံးနေကြတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ကချင်အန်ဂျီအိုအဖွဲ့ တဖွဲ့ဖြစ်တဲ့ Pan Kachin Development Society က ပြောတယ်။
ကချင်ပြည်နယ်ကရွှေတွင်းအများစုကို တရုတ်ကုမ္ပဏီတွေက လုပ်ကိုင်နေတဲ့အကြောင်း၊ ဒီကုမ္ပဏီတွေဟာ မကြာခဏ သူတို့ စက်ကိရိယာတွေနဲ့ အလုပ်သမားတွေကို ခေါ်ဆောင်လာပြီး ရွှေတူးနေကြကြောင်း ဒီအဖွဲ့ရဲ့ အစီရင်ခံစာ တစောင်မှာ ဖော်ပြထားတယ်။
“Northern Star” နဲ့ “Sea Sun Star” ကုမ္ပဏီတွေဟာ ကချင်ပြည်နယ်မှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီ (၁၀)ခု လောက် ထဲမှာ အကြီးဆုံးပဲ။သူတို့ဟာ အင်းတော်ကြီး ကန်ဒေသမှာ လုပ်ကိုင်ခွင့်တွေ ကြီးကြီးမားမား ရရှိထားပါတယ်။ သူတို့လုပ်ပိုင်ခွင့်က ၁နှစ်ကနေ ၃နှစ်အထိ သက်တမ်းရှိတယ်။ အင်းတော်ကြီးကန်ထဲ စီးဝင်တဲ့ အင်းတော်ချောင်း တလျှောက်မှာဖြစ်ဖြစ် မြေနေရာတခုခုမှာဖြစ်ဖြစ် ကုမ္ပဏီတွေကို ရွှေတူးဖို့နဲ့ ရွှေတူးခွင့်ရောင်းဖို့ ခွင့်ပြုထားတယ်´ လို့ အဆိုပါ အစီရင်ခံစာက ဆိုတယ်။
ရေကန်ရဲ့တချို့နေရာတွေမှာ နုံးတွေ တင်နေပြီ။
`သောင်တွေ ထွန်းလာပြီး ရေကန်ဟာ ပိုပြီးကျဉ်းလာတယ်။ ဒီလိုပတ်ဝန်းကျင်ယိုယွင်းပျက်စီးလာနေတာကို ဘယ်သူကမှ အရေးယူ လုပ်ဆောင်ခြင်းမရှိဘူးဆိုရင် အင်းတော်ကြီး ကန်ဟာ သိပ်ကြာကြာမခံတော့ဘူးလို့ ကျနော် ထင်တယ်။ ကန်ထဲမှာ လှေလှော်တာက လွဲပြီး တခြား ဘာမှအသုံးချလို့ ရတော့မှာ မဟုတ်ဘူး´ လို့ ဘရန်ဂမ် က ပြောတယ်။
`ကျမတို့ရဲ့သဘာ၀၀န်းကျင်တော့ လုံးဝပျက်စီးသွားပြီလို့ ကျမထင်တယ်။ ကျမငယ်ငယ်တုန်းကနဲ့ ယှဉ်ကြည့်ရင် အားလုံး ပြောင်းလဲသွားပြီ။ တယောက်ယောက်ကဖြစ်ဖြစ် တဖွဲ့ဖွဲ့ကဖြစ်ဖြစ် ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ အချိန်ရောက်နေပြီ”
တည်တံ့ခိုင်မာတဲ့ ဖွံ့ဖြိုးရေးအပေါ် ယုံကြည်မှုရှိရှိနဲ့ အာရုံစိုက်ဆောင်ရွက်ဖို့အတွက် ရေးဆွဲထားတဲ့ ကုလသမဂ္ဂရဲ့ ဇီဝမျိုးစုံ တည်တံ့ရေးဆိုင်ရာ သဘောတူစာချုပ် (Convention on Biological Diversity) ကို နိုင်ငံပေါင်း ၁၅၀ ကျော်က ထောက်ခံခဲ့ ရာမှာ မြန်မာနိုင်ငံဟာလည်း သဘောတူလက်မှတ်ထိုးခဲ့ပါတယ်။
ဒီသဘောတူညီချက်မှာ အသိအမှတ်ပြုထားတဲ့အချက်တချက်က ဇီဝမျိုးစုံတည်ရှိရေးဆိုတာဟာ သစ်ပင်တွေ၊ တိရစ္ဆာန်တွေ၊ အနုဇီဝ သက်ရှိတွေနဲ့ သူတို့အချင်းချင်း ပတ်သက်ဆက်နွယ်နေတဲ့ သဘာဝစံနစ်ထက် မကပါဘူး။ ဒီထဲမှာ လူတွေလည်း ပါတယ်။ လူတွေရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ အစားအစာတို့ လုံခြုံမှုတို့ ဆေးဝါးတို့ လေကောင်းလေသန့်တို့ သန့်ရှင်းတဲ့ရေတို့ အမိုးအကာတို့လည်း ပါပါတယ်။ သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သဘာဝပတ်ဝန်းကျင်လည်း ပါပါတယ်။
ဇီဝလုံခြုံမှုနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့နှစ် မေလက သတ်မှတ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ နောက်ဆက်တွဲစည်းမျဉ်းတခုကို မြန်မာနိုင်ငံ ကလည်း လက်မှတ်ရေးထိုးခဲ့တယ်။ ဒီစည်းမျဉ်းဟာ သက်ရှိသက်မဲ့ သဘာဝစနစ်နဲ့ လူသားရဲ့ ကျန်းမာရေးကို အဓိက ထားပြီး သက်ရှိဇီဝစုစည်းမှု အလုံးအရင်းနဲ့ ပျက်စီးနေတာကို ကာကွယ်ဖို့စည်းမျဉ်း ဖြစ်တယ်။
ဒီသဘောတူညီချက်ဟာ အင်းတော်ကြီးကန်ဘေးမှာ နေထိုင်ကြတဲ့ ရွာသူရွာသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်ပေမယ့် သိပ်တော့ အရာရောက်မှာ မဟုတ်ပါဘူး။
`လာပီငါးကို နောက်ဆုံး စားခဲ့ရတာ နှစ်တွေ အတော်ကြာခဲ့ပြီ´ လို့ ခေါန်ဘူက ညည်းပါတယ်။
လာပီငါးဟာ တချိန်က အင်းတော်ကြီးကန်ပတ်လည်မှာနေထိုင်ကြတဲ့ ဒေသခံတွေအတွက် အရသာရှိတဲ့ အဓိကဟင်းလျာ တခုပါ။ ယခုတော့ လာပီငါးကို မမြင်ရတာ နှစ်ပေါင်းအတော် ကြာပါပြီ။ [Top]
(၂၀၀၆ ခုနှစ် အောက်တိုဘာလထုတ် ဧရာဝတီမဂ္ဂဇင်းမှ Khun Sam ၏ Sanctuary Under Threat ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။ ဆောင်းပါးတွင် ပါဝင်သည့် လူပုဂ္ဂိုလ်နာမည်တွေကို ပြောင်းလွဲ ဖော်ပြထားပါသည်) |