အာဆီယံချာတာ သို့မဟုတ်
စီးပွားဖက်များ ပေါင်းစည်းမိကြခြင်းလော၊ သေဖော်ညှိခြင်းလော
ဒေါက်တာ တင်မောင်မောင်သန်း | သြဂုတ် ၇၊ ၂၀၀၇
အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အဆင့်မြင့်အလုပ် အဖွဲ့မှ ၀ါရင့်အရာရှိများက မတ်လနောက်ဆုံးပတ်မှစ၍ အဖွဲ့ကြီးအတွက် ဖွဲ့စည်းပုံပဋိညာဉ်ဥပဒေ မူကြမ်းတရပ်ရေးဆွဲနိုင်ရန် လုံးပမ်းနေခဲ့ကြ သည်။ အဓိက ကွဲလွဲချက်များကို ခြွင်းချန်ထားပြီး ထိုဖွဲ့စည်းပုံ ပဋိညာဉ်မူကြမ်းကို မနီလာမြို့တွင် ကျင်းပမည့် အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးသို့ တင်ပြရမည် ဖြစ်သည်။ မနီလာအစည်းအဝေးက သြဂုတ်လ ၂ ရက်နေ့တွင် ပြီးခဲ့ပြီ။ ထိုအစည်းအဝေးမှ အပြီးသတ် ဆွေးနွေးပြင်ဆင်ကြပြီးနောက် နိုဝင်ဘာလတွင် ထပ်မံကျင်းပမည့် စင်္ကာပူ အာဆီယံနိုင်ငံအကြီးအကဲများ၏ ထိပ်သီး အစည်းအဝေးပွဲသို့ ဆက်လက်တင်ပြကြရမည် ဖြစ်ပါသည်။
ယင်းဖွဲ့စည်းပုံ ပဋိညာဉ်တွင်ပါဝင်မည့် ဥပဒေပုဒ်မများနှင့် ပတ်သက်၍ သတင်းအချက်အလက် အနည်းအပါးသာ ပြင်ပသို့ ပေါက်ကြားလာခဲ့ ပါသည်။ ထိုဥပဒေပုဒ်မများကို ဒေသတွင်း ထင်ရှားသော ပုဂ္ဂိုလ်များ အစု (Eminent Persons Group) ၏ တင်ပြချက်ပေါ်တွင် အဓိက အခြေခံထားပြီး ဇန်န၀ါရီလက ဆီးဘူးတွင် ကျင်းပခဲ့သည့် ၁၂ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးကလည်း အတည်ပြုထားပြီး ဖြစ်သည်။
ဤဖွဲ့စည်းပုံပဋိညာဉ်သည် အာဆီယံအတွက် ဖွဲ့စည်းမှုဆိုင်ရာ မူဘောင်တရပ် ရှိလာစေမည့်အပြင် ဘာလီသဘောတူညီချက် (၂) (၂၀၀၃ ခုနှစ်၊ အောက်တိုဘာလ) တွင် စိတ်ကူးရည်မှန်းထားခဲ့ကြသည့်အတိုင်း အာဆီယံနိုင်ငံများ ပိုမိုပေါင်း စည်းရေး ဆီသို့ ဦးတည်သည့် အားထုတ်မှုတရပ်အဖြစ်လည်း ရှုမြင်ကြပါလိမ့်မည်။ ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလက ကွာလာလမ်ပူတွင် လမ်းကြောင်းချခဲ့သော အာဆီယံ၏ ၂၀၂၀ အနာဂတ်စိတ်ကူးပုံရိပ်နှင့်လည်း ဖွဲ့စည်းပုံ ပဋိညာဉ်မူကြမ်းသည် ပို၍ ချိတ်ဆက်မိစေပါလိမ့်မည်။ ကွာလာလမ်ပူ အစည်းအဝေးမှနေ၍ လာမည့်အနာဂတ် ၂၀၂၀ ခုနှစ်တွင် အာဆီယံသည် နိုင်ငံအများ အသားတကျပေါင်းစည်းမိသော ပြင်ပကမ္ဘာသို့ ပွင့်လင်းသော ငြိမ်းချမ်း တည်ငြိမ်ခြင်း ကြွယ်ဝချမ်းသာ ခြင်းတို့နှင့် ပြည့်စုံသော၊ အင်ပြည့်အားပြည့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ဖက်များသဖွယ် စည်းနှောင်မှုရှိသော အစု အစည်းတခု၊ လူမှုအသိုက်အ၀န်းကို အလေးထားဂရုစိုက်သော အာဆီယံပြည်ထောင်စုအဖြစ် ပေါင်းစည်းသွားရန် ရည်မှန်းချက် ထားရှိခဲ့ကြပါသည်။
ဆယ်စုနှစ် လေးခုအတွင်း အာဆီယံနိုင်ငံများတွင် ဖြစ်ပျက်ခဲ့သော အပြောင်းအလဲများနှင့် ဆက်စပ်ဖြစ်ပေါ်တိုးတက်မှုများကို အာဆီယံပဋိညာဉ်ဥပဒေက ရောင်ပြန်ဟပ်သည်၊ မဟပ်သည်ကို မတွေးတောမီ အာဆီယံအဖွဲ့ စတင် ဖွဲ့စည်းဖြစ်ပေါ်စေ ခဲ့သည့် ရေခံမြေခံကိုလည်းကောင်း၊ ၁၉၆၇ ခုနှစ်တွင် အဖွဲ့ကြီးကို တည်ထောင်ခဲ့စဉ်က အဖွဲ့ဝင်နိုင်ငံများအပေါ် သက်ရောက် နေခဲ့သည့် အနေအထားများကို လည်းကောင်း၊ ယခု ၂၀၀၇ ခုနှစ်သို့ ရောက်လာချိန်တွင် အဖွဲ့ဝင်နိုင်ငံများ ရင်ဆိုင်နေကြ ရသည့် မတူခြားနားသော ပြောင်းလဲနေသည့် အခြေအနေသစ်များကိုလည်းကောင်း ပြန်လည်သုံးသပ်ကြရန် လိုအပ်ပါလိမ့်မည်။
အာဆီယံကို စတင်တည်ထောင်စဉ်က စစ်အေးတိုက်ပွဲ အမြင့်ဆုံးအချိန် ဖြစ်သည်။ ထိုအချိန်တွင် ကွန်မြူနစ်တရုတ်ပြည် ကလည်း ယဉ်ကျေးမှုတော်လှန်ရေး အဆိပ်တက်နေချိန် ဖြစ်ပါသည်။ အင်ဒိုချိုင်းနားတွင် စစ်ပွဲကြီးတပွဲကို ဆင်နွှဲနေကြပြီး အဖွဲ့ကို တည်ထောင်ခဲ့ကြသည့် အဖွဲဝင် ၅ နိုင်ငံအနက် နှစ်နိုင်ငံမှာ ကွန်မြူနစ်ပုန်ကန်မှုနှင့် ရင်ဆိုင်နေခဲ့ရပါသည်။ အင်ဒိုနီးရှားနိုင်ငံသည်လည်း မလေးရှားနှင့် စင်္ကာပူတို့အပေါ် ယခင်က ရန်လိုဆက်ဆံခဲ့သည့် ကွန်ဖရန်တေစီ မူဝါဒကို စွန့်ကာ “အစီအစဉ်သစ်” ဟုခေါ်သော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ် နင်းစဖြစ်သည်။ စင်္ကာပူနှင့်မလေးရှား တို့ကလည်း တာရှည်မခံလိုက်သော ပေါင်းစည်းရေးကြိုးပမ်းမှုကာလပြီးနောက် အတွင်းကြေဒဏ်သဖွယ်ဖြစ်နေသည့် ခွဲထွက်ရေး ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် စတင်ကြိုးပမ်းနေကြချိန်လည်း ဖြစ်ပါသည်။
အစတွင် ပြင်ပသြဇာလွှမ်းမိုးမှုများနှင့် ၀င်ရောက်စွက်ဖက်မှုများမှ ကင်းဝေးရန်ရည်ရွယ်၍ အာဆီယံကို ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း ကြွေးကြော်ခဲ့ကြသော်လည်း ဒေသတွင်းတွင် နိုင်ငံခြားတပ်များ၏ စစ်အခြေစိုက်စခန်းများ ရှိနေခဲ့ပါသည်။ (သဟဇာတ မဖြစ်မှုများထိန်းညှိပေးရန် ခေတ္တခဏသာဟု ဆိုခဲ့ကြပါသည်)။ မူရင်း အာဆီယံ ၅ နိုင်ငံ၏စီးပွားရေးမှာ အားနည်းချိနဲ့နေခဲ့သေးပြီး ၎င်းတို့၏ စက်မှုဖွံ့ဖြိုးရေးမှာလည်း ဖြစ်ဖြစ်မြောက်မြောက် မရှိလှသေးပါ။ ဤအခြေအနေများ အောက်တွင် ထိုစဉ်က အဖွဲ့၏ အဓိကဦးတည်ချက်မှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုရန်ဟု ကြွေးကြော်ခဲ့သော်လည်း အမှန်တကယ်တွင် အဖွဲ့ဝင်နိုင်ငံများကြား တည်ရှိနေကြသည့် စိုးရိမ်မှုနှင့် သံသယများကို ပြေလျှော့စေရန်နှင့် လက်ရွေးစင်လူတစုအကြား ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် ယုံကြည်မှုတည်ဆောက်ရန်သာ ဖြစ်ပါသည်။ (ပထမ ဆယ်စုနှစ်အတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဖြစ်စလောက်သာ ရှိခဲ့ပါသည်)။
ထို့ကြောင့် အာဆီယံသည် ကြေငြာချက်တစောင်မျှဖြင့် စတင်တည်ထောင်ခဲ့သော အဖွဲ့ဖြစ်သည်ဟု ဆိုရပါမည်။ (ပေါင်းစည်း ရေးအတွက် စနစ်တကျ သဘောတူစာချုပ်များဖြင့် ဖွဲ့စည်းခဲ့ခြင်းမဟုတ်ပါ။) ထို့အပြင် တရားဝင် ဆုံးဖြတ်ချက်များ ချမှတ် လုပ်ကိုင်ရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းများ (အထူးသဖြင့် အဖွဲ့ဝင်ဖြစ်ရေးနှင့် နုတ်ပယ်ရေးတို့နှင့် ပတ်သက်သောစည်းမျဉ်း) နှင့် လိုက်နာစောင့်ထိန်းရမည့် ကျင့်ထုံးဥပဒေများလည်း မရှိခဲ့ပါ။
ဤသို့လာခဲ့ရာမှ ၂၀၀၇ ခုနှစ် အခြေအနေကို ကျော်ကြည့်ကြပါစို့။ များစွာ ပြောင်းသွားခဲ့ပြီ။ အာဆီယံသည် ကြီးစွာပြောင်းလဲ နေပြီဖြစ်သော ဒေသတွင်းနှင့် နိုင်ငံတကာ အခြေအနေကို မြင်နေရသည်။ စစ်အေးတိုက်ပွဲ အဆုံးသတ်သွားပြီ။ တရုတ် ပြည်ကလည်း အရင်းရှင်ဖွံ့ဖြိုးမှုလမ်းကြောင်းကိုလိုက်၍ စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာနေသည်။ အိန္ဒိယကလည်း နောက်ထပ် စီးပွားရေးအင်အားကြီးနိုင်ငံအဖြစ် တရုတ်ပြည်နှင့်အပြိုင် လိုက်လာနေသည်။ နိုင်ငံခြား စစ်စခန်းများလည်း မရှိတော့ပါ။ အာဆီယံ၏အဖွဲ့ဝင်နိုင်ငံ အရေအတွက်မှာလည်း နှစ်ဆတိုးသွားခဲ့ပြီ။ အဖွဲ့အတွင်းတွင် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုက စိုးမိုးနေပြီး ခြွင်းချက်အချို့သာ ရှိပါတော့သည်။ နိုင်ငံအချင်းချင်း စစ်ဖြစ်နိုင်သည့် ခြိမ်းခြောက်မှုက မရှိတော့။ ၎င်းအစား အကြမ်းဖက်ဝါဒလုပ်ရပ်၊ မူပိုင်ခွင့်ပြဿနာ၊ ကြက်ငှက်တုတ်ကွေးစသည့် သမားရိုးကျမဟုတ်သည့် ခြိမ်းခြောက်မှုကိုသာ စိုးရိမ်နေရတော့သည်။
မူရင်းအဖွဲ့ဝင် ၅ နိုင်ငံတို့နှင့်အတူ ဘရူနိုင်းနှင့် ဗီယက်နမ်တို့သည်လည်း တစ်စုံတခုသော အတိုင်းအတာအထိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရရှိခဲ့ကြပါသည်။ ထို့အပြင် တဖြည်းဖြည်းချင်း အချိန်ယူ အကောင်အထည်ဖော်ခဲ့ကြသည့် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုသဘောတူချက် (Asean Free Trade Arrangement) နှင့် အာဆီယံနှင့် အခြားဖွံ့ဖြိုးပြီး နိုင်ငံများ အကြားတွင်လည်းကောင်း၊ အာဆီယံနှင့် တရုတ်ပြည်ကြားတွင်လည်းကောင်း စေ့စပ်ညှိနှိုင်းဆွေးနွေးနေသည့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်များလည်း ရှိနေခဲ့ပြီ။ ၎င်းတို့မှတဆင့်လည်း အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်လာစေခဲ့ပြီ ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံအားလုံးလည်း ကမ္ဘာ့စီးပွားရေးနှင့် ချိတ်ဆက်ထားကြပြီ ဖြစ်သည်။ အာဏာရှင်များကို ဗဟိုပြုဖြစ်တည်ခဲ့သော၊ အမျိုးသားအကျိုးစီးပွား ကာကွယ်ရေးမူဝါဒ ကြောင့် ဖြစ်ပေါ်ခဲ့သော လက်ဝါးကြီးအုပ် စီးပွားရေးအခြေအနေများမှာလည်း ယခုအခါ စိန်ခေါ်ခံနေကြရပြီ။ ဗဟုဝါဒနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်ရေး တောင်းဆိုမှုများက ပို၍ ကျယ်လောင်လာနေပြီ ဖြစ်သည်။ ဒေသတွင်းနှင့် နိုင်ငံတကာ စည်းရုံးလှုံ့ဆော်မှုများကလည်း ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ရှိစေရန်၊ လူ့အခွင့်အရေး များကို လေးစားလိုက်နာရန်၊ ဒီမိုကရေစီနည်းကျ ကျင့်သုံးရန်ကိစ္စများကို ဒေသဆိုင်ရာ စံနှုန်းများအဖြစ် အသိအမှတ်ပြု လက်ခံလာစေရန် အရှိန်မြှင့် တောင်းဆိုနေကြပြီ ဖြစ်ပါသည်။
အထက်ပါဖြစ်ပေါ်တိုးတက်မှုများနှင့် ၂၁ ရာစုနှစ်၏ စိန်ခေါ်မှုများအားလုံးက အာဆီယံကို စည်းမျဉ်းခံ အသင်းအဖွဲ့ ပုံစံ ပိုကျလာစေရန် တောင်းဆိုပြီ ဖြစ်ပါသည်။ အားလုံးသဘောတူမှ အရေးယူဆောင်ရွက်ရသော၊ တိတိကျကျပြဌာန်းထားခြင်း မရှိသည့် စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများ ကျင့်သုံးနေသော၊ ပုံစံဟောင်းအုပ်စုမှနေ၍ အရည်အသွေးအရပါ ကွာခြား ပြောင်းလဲလာသည့် အာဆီယံအသစ်ကို အခြေအနေက တောင်းဆိုနေပြီ ဖြစ်သည်။
သို့ဆိုလျှင် ထိုအလုပ်အဖွဲ့က မည်ကဲ့သို့သော ပဋိညာဉ်ဥပဒေမျိုးကို ရေးဆွဲပါမည်နည်း။ ဥပဒေရေးဆွဲသူများသည် လက်တွေ့ ကျသော ဗျူရိုကရက်များဖြစ်သည်ဟုဆိုလျှင် ၎င်းတို့ရေးဆွဲလိုက်သော ပဋိညာဉ်ဥပဒေကို သက်ဆိုင်ရာနိုင်ငံ အစိုးရများက လက်ခံနိုင်လောက်သော၊ ဤဥပဒေ၏ အကျိုးဆက်များကို လက်ခံနိုင်စွမ်းရှိသော ဥပဒေကဲ့သို့ဖြစ်ရန် ရေးဆွဲကြပါလိမ့်မည်။ ထို့အပြင် ထိုနိုင်ငံများသည် ဖြစ်တည်လာမည့် ဥပဒေအတိုင်း ဆက်လက် လိုက်နာဆောင်ရွက်သွားရတော့မည် ဖြစ်သဖြင့် ရေးဆွဲသူများအနေဖြင့် အခြေခံကျသော ရုတ်ချည်းပြောင်းလဲမှုမျိုးထက် ပို၍ညင်သာသော တရွေ့ရွေ့ ပြောင်းလဲမှုမျိုးကိုသာ ဦးတည်၍ ရေးဆွဲကြမည့်ပုံ ပေါက်နေပါသည်။ အထိအခိုက်မခံသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရ များက လိုသလိုအဓိပ္ပာယ်ဖွင့်နိုင်မည့်ေ၀၀ါးပြီး ယေဘုယျကျသော အချက်အလက်များလည်း ပါဝင်ကောင်း ပါဝင်နိုင် ပါသည်။ အာဏာရှင်နိုင်ငံများဖြစ်ကြသည့် CLMV (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်) နိုင်ငံများက ၎င်းတို့ အစိုးရများ၏ လုံခြုံရေးကို ထိခိုက်စေနိုင်သောကိစ္စများနှင့် ရေရှည်အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေနိုင်သည့် ကိစ္စရပ်များကို လက်ခံနိုင်ရန် ခဲယဉ်းပါလိမ့်မည်။ ဤသို့ဆိုလျှင် ဤပဋိညာဉ်ဥပဒေသစ်သည် လစ်ဘရယ်ဒီမိုကရေစီ၏ နှုန်းစံ တန်ဖိုးများနှင့် ဆန့်ကျင်နေမည်မှာ သေချာလှပါသည်။
လာမည့် စင်္ကာပူထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက ဤပဋိညာဉ်ဥပဒေကို အတည်ပြုပြီးသည့် အချိန်မှသာ ပို၍တိတိကျကျ သိနိုင်ပါလိမ့်မည်။ သို့သော်လည်း အဖွဲ့ဝင်နိုင်ငံများက မလိုက်နာခြင်းကြောင့် စည်းကြပ် အပြစ်ပေး အရေးယူမှုမျိုးကို ထည့်သွင်းထားလိမ့်မည် မဟုတ်ကြောင်း သိရှိနေနှင့်ပြီး ဖြစ်ပါသည်။
အဖွဲ့၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိသော အဖွဲ့ဝင်နိုင်ငံအား ပိတ်ဆို့အရေးယူရန် ကဲ့သို့သော ဥပဒေမျိုးနှင့် အဖွဲ့ဝင်အဖြစ်မှ ယာယီဆိုင်းငံ့ထားခြင်း၊ ထုတ်ပယ်ခြင်းကဲ့သို့သော ဥပဒေလုပ်ထုံးလုပ်နည်းများ ပါဝင်မည် မဟုတ်သည်ကို မေးစရာလိုမည် မဟုတ်ပါ။ ပြောင်းလဲပြင်ဆင်ပစ်ရန် တန်ဖိုးကြီးလွန်းသည်ဟု မြင်နေကြသည့် နိုင်ငံတခု၏ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေး အခြေခံမူနှင့် အများညီမှ ဆုံးဖြတ်ဆောင်ရွက်ရေး အခြေခံမူတို့ကို လက်ရှိ အတိုင်းပင် ဆက်ထားကြပါလိမ့်မည်။ သို့သော် ပြည်တွင်ရေး ၀င်မစွက်ရဟု ဆိုရာတွင် နယ်နိမိတ်ကျော်လွန် ဖြစ်ပွားနိုင် သော မီးခိုးမြူဆိုင်းခြင်းနှင့် ကြက်ငှက်တုပ်ကွေးကဲ့သို့ ကိစ္စရပ်မျိုးတွင် ၀င်ရောက်ဆောင်ရွက်ခွင့် ပြုကောင်းပြုနိုင်ပါသည်။ ထို့အတူ အများညီမှ ဆုံးဖြတ်ဆောင်ရွက်ရေးဟု ဆိုရာတွင်လည်း ကိစ္စရပ်တခုခုတွင် အဖွဲ့ဝင်နိုင်ငံတနိုင်ငံက မပါဝင်ဘဲ နေရန်၊ သို့မဟုတ် အနည်းဆုံး အဖွဲ့ဝင်နိုင်ငံ နှစ်နိုင်ငံက ရှေ့မှဦးဆောင်လုပ်ကိုင်ခွင့် အတွက် အားလုံးသဘောတူရန် မလိုအပ်ဘဲ ဆောင်ရွက်နိုင်ရန်အတွက် ခွင့်ပြုကောင်း ခွင့်ပြုနိုင်ပါသည်။
လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်မည့် အဖွဲ့အစည်း ယန္တရားများကိုလည်း စတင်ရေးဆွဲဖွဲ့စည်းနေပြီ ဖြစ်ပြီး ပဋိညာဉ် အပြီးသတ်မူကြမ်းတွင် ပါဝင်ကောင်းပါဝင်လာ နိုင်ပါသည်။ သို့သော် ထိရောက်သော အရေးယူစည်းကြပ်မှုများ အကောင် အထည်ဖော် ဆောင်ရွက်မည့် အဖွဲ့အစည်းတရပ် တည်ထောင်ရေးအပေါ် အာဏာရှင်အစိုးရများက သဘောတူမည့်ပုံ မပေါ်ပါ။
အကျိုးအများဆုံးရမည့်သူမှာ အာဆီယံအတွင်းရေးမှူးများ အဖွဲ့ပင် ဖြစ်ပါတော့သည်။ ပဋိညာဉ်ဥပဒေတွင် သဘောတူထား ချက်များအတိုင်း လူနှင့် ငွေကြေးအရင်းအမြစ်များ ပိုမိုသုံးစွဲခွင့် ရလာပါလိမ့်မည်။ ၎င်း၏အခန်းကဏ္ဍကို ချဲ့ထွင်ရေး အတွက်လည်း လူသိများထင်ရှားသော ပုဂ္ဂိုလ်များအစု (EPG) က ထောက်ခံချက် ပေးပါလိမ့်မည်။
၂၀၀၈ ခုနှစ်ဆန်းတွင် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် ဒီမိုကရက်တစ်ပါတီ၏ သစ္စာရှိခေါင်းဆောင်ဖြစ်သူ ဆူရင် ပစ်ဆူဝမ် အာဆီယံအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်လာသည့်အချိန်တွင် (သူ၏ရှေ့မှ ခေါင်းဆောင် နှစ်ဦးစလုံး သည်လည်း အရပ်သားဝန်ထမ်းများဖြစ်ကြသည်)။ ထပ်မံတိုးချဲ့ထားသော အာဆီယံအတွင်းရေးမှူးအဖွဲ့ရုံး အနေဖြင့် ပဋိညာဉ်ဥပဒေသစ် အောက်တွင် မည်သည့်ပုံစံမျိုးဖြင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်ကြမည် ဆိုသည့်အချက်မှာ စိတ်ဝင်စားဖွယ် အကောင်းဆုံး ဖြစ်နေပါတော့သည်။
၂၀၀၇ ခုနှစ် သြဂုတ်လထုတ် ဧရာဝတီမဂ္ဂဇင်းမှ Dr. Tin Maung Maung Than ရေးသားသော Charter for Asean: Boon or Bane? ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
ဒေါက်တာ တင်မောင်မောင်သန်းသည် စင်္ကာပူနိုင်ငံ အရှေ့တောင်အာရှရေးရာတက္ကသိုလ် (Institute of Southeast Asian Studies) မှ မြန်မာသုတေသန ပညာရှင်တဦးဖြစ်ပြီး မြန်မာနိုင်ငံတွင် နိုင်ငံတော်၏ လွှမ်းမိုးချယ်လှယ်မှု State Dominance in Myanmar စာအုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။ [Top] |