မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ ဆွေးနွေးပွဲ
ဧရာဝတီ | စက်တင်ဘာ ၂၉၊ ၂၀၀၆

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက စက်တင်ဘာ ၂၇ ရက်နေ့တွင် လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေအကြောင်းကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့သည်။ ယင်းဆွေးနွေးပွဲ တွင် ကုလသမဂ္ဂအထူး ကိုယ်စားလှယ် ပီညဲရိုးက အစီရင်ခံစာ  တင်သွင်း ဖတ်ကြားပြီး တက်ရောက်သည့် ကောင်စီအဖွဲ့ဝင် များက ဝိုင်းဝန်းဆွေးနွေးကြသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးဆိုးဝါးဝါးရှိနေဆဲဖြစ်ကြောင်း၊ အစိုးရဘက်က ယင်းချိုးဖောက်မှုများကို အရေးယူ တားဆီးရန် လေးနက်ထက်သန်သည့် အထောက်အထားမတွေ့ရကြောင်း၊ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေ အနေမှာ စိုးရိမ်ရဆဲဖြစ် ကြောင်း၊ အခြေခံလူ့အခွင့်အရေးကို ငြိမ်းချမ်းစွာကျင့်သုံးနေသည့် ပြည်သူလူထုအပေါ်တွင် ခြိမ်းခြောက်မှုများ၊ နှောက်ယှက်မှုများ၊ မတရားဖမ်းဆီးထောင်ချမှုများ ဆက်လက်ရှိနေသေးကြောင်း၊ မြန်မာနိုင်ငံအား ဆင်းရဲမွဲတေအောင် ဖန်တီးပေးနေသည့် လူမှုစီးပွားရေး အခြေအနေများ ပိုမိုဆိုးဝါးလာခြင်းမရှိစေရန်အတွက် အရေးတကြီးပြုပြင်ရန်လိုကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၎င်းဆွေးနွေးပွဲတွင် ဖတ်ကြားသည့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ပီညဲရိုး၏ အစီရင်ခံစာကို မြန်မာနိုင်ငံ ကိုယ်စားလှယ် ဦးညွန့်မောင်ရှိန်က ပြန်လည်ဖြေရှင်းပြီး တရုတ် အိန္ဒိယ ဖင်လန် မလေးရှား ဂျပန် ကနေဒါ သြစတေးလျ နယူးဇီလန် အမေရိကန် ပီရူး ပါကစ္စတန်တို့မှ  ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ တင်ပြဆွေးနွေးချက်များကို သတင်းထုတ်ပြန်ချက် မှ တဆင့် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ပီညဲရိုး။   ။ ၂၀၀၃ ခုနှစ် နိုဝင်ဘာလကတည်းက မြန်မာနိုင်ငံအတွင်း ဝင်ရောက်ပြီး အချက်အလက် ရှာဖွေတဲ့အလုပ်ကို လုပ်ခွင့်မရတော့ ပါ။ လောလောဆယ်ကာလရောက်မှ တရားဝင်ပေးပို့တဲ့စာတွေကို အကြောင်းပြန်ပါတယ်။ ဒါဟာ လူ့အခွင့်အရေးကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်လိုတဲ့ သဘောကို ဆောင်တယ်လို့ ယူဆပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ချမှတ်ထားတဲ့ လမ်းပြမြေပုံထဲက ပြုပြင်ရေးအစီအစဉ် တွေကို မလုပ်နိုင်ခဲ့ပါဘူး။ အတိုက်အခံ ပါတီဘက်က လူတွေနဲ့ လူ့အခွင့်အရေးကာကွယ်သူတွေ အရေးယူခံနေရတာကို ကြည့်ရင် ဒီမိုကရေစီလမ်းပြမြေပုံဟာ အနှောက်အယှက်အများကြီးတွေ့နေတာ ထင်ရှားပါတယ်။  
    
ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မေလ ၂၇ ရက်နေ့က နောက်ထပ်အကျယ်ချုပ် တနှစ်ထပ်တိုး လိုက်ပါတယ်။ အခြေခံလူ့အခွင့်အရေး ကျင့်သုံးသူတွေကို ရာဇဝတ်ပြစ်မှုတပ်ပြီး အရေးယူတာတွေဟာ အလွန်စိုးရိမ်စရာကောင်းပါတယ်။

 မြန်မာပြည်အရှေ့ပိုင်းက တိုင်းရင်းသားဒေသမှာ မြန်မာစစ်တပ်က စစ်ဆင်ရေးလုပ်နေတဲ့အတွက် တိုင်းရင်းသား အများအပြား ကိုယ့်ရပ်ရွာကနေ စွန့်ခွာထွက်ပြေးနေရပါတယ်။  

အစီရင်ခံစာတွေအရဆိုရင် မြန်မာနိုင်ငံရဲ့ လူမှုရေးနဲ့ စီးပွားရေးမှာ သိသိသာသာ ဆုတ်ယုတ် ကျဆင်းနေပါတယ်။

ဦးညွန့်မောင်ရှိန်။   ။ ပီညဲရိုးရဲ့ ယခုအစီရင်ခံစာဟာ နဂိုမူလအစီရင်ခံစာထဲက အချက်အလက်တွေကိုပဲ ထပ်မွမ်းမံထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း အရေးပါတဲ့ တိုးတက်မှုတွေကိုလည်း မီးမောင်းထိုးပြထားပါတယ်။ စိတ်ပျက်စရာ ကောင်းတာကတော့ ဒီအစီရင်ခံစာ ထဲမှာ တိုးတက်မှုကို တခုနှစ်ခုလောက်ပဲ ထည့်သွင်းဖော်ပြထားတဲ့အချက်ပါ။ အခြေအနေမှန်ကို ရှင်းလင်းပြသဖို့နဲ့ နောက်ဆုံးတိုးတက်မှု တွေကို မီးမောင်းထိုးပြနိုင်ဖို့အတွက် ဖြစ်ရပ်အများအပြားကို ကြည့်ဖို့ လိုပါတယ်။

ဒီမိုကရေစီလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးကြည့်မယ်ဆိုရင် အမျိုးသားညီလာခံက ၇၅ ရာနှုန်း အလုပ်ပြီးစီးသွားပါပြီ။ အားလုံးပြီးသွားရင် ဖွဲ့စည်းပုံအခြေခံအသစ်တခုကို ရေးဆွဲပါမယ်။ ရေးဆွဲပြီးရင် လူထုဆန္ဒခံယူပါမယ်။ ပြီးရင် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကို လုပ်ပါမယ်။

အဓမ္မလုပ်အားပေးနဲ့ ပတ်သက်ရင်လည်း အစီရင်ခံစာမှာ ပါသလို မြန်မာနဲ့ အပြည်ပြည်ဆိုင်ရာ  အလုပ်သမားအဖွဲ့အကြား ဆက်ဆံရေးဟာ မဆုတ်ယုတ်ပါဘူး။ တိုးတက်မှုတွေ ရှိနေပါတယ်။ စုစုနွေးနဲ့ အေးမြင့်ကို လွှတ်ပေးလိုက်ပါတယ်။

စီးပွားရေးကိုလည်း ဆက်လက်ကျဆင်းမှုမရှိဘဲ တည်ငြိမ်အောင်လုပ်ဖို့ စီမံကိန်းတွေ ချပြီးပါပြီ။ ကိုယ့်ရပ်ရွာကို စွန့်ခွာထွက်ပြေးရသူတွေ အများအပြားရှိတယ်ဆိုတာလည်း မမှန်ပါဘူး။

မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတယ်ဆိုတဲ့ အမြင်ဟာလည်း တိကျမှုမရှိပါဘူး။ နယ်စပ်ဒေသက သူပုန်အုပ်စုလက်ကျန်တချို့နဲ့ နိုင်ငံခြားကထောက်ပံ့ထားတဲ့ ပြည်ပြေးတွေပေးတဲ့ သတင်းအချက်အလက်ကို လုံးလုံးအခြေခံထားတဲ့ အမြင်သာ ဖြစ်ပါတယ်။

တရုတ်ကိုယ်စားလှယ်။   ။ မြန်မာနိုင်ငံဟာ အခက်အခဲတွေ့နေတဲ့ နိုင်ငံငယ်လေးတခုဖြစ်ပါတယ်။ သူ့ပြည်သူလူထုအတွက် လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးဖို့ စနစ်တကျ ကြိုးစားနေပါတယ်။ သူ့ပြဿနာကို သူ့ပြည်သူလူထုနဲ့ပဲ ဖြေရှင်းသင့်ပါတယ်။ ဖိအားပေးတာတို့ အဆက်ဖြတ်တာတို့ဟာ လူ့အခွင့်အရေးအခြေအနေကို ပိုဆိုးစေပါလိမ့်မယ်။

အိန္ဒိယကိုယ်စားလှယ်။   ။မြန်မာအစိုးရဟာ ကုလသမဂ္ဂနဲ့ အပြုသဘော ပူးပေါင်းနေခဲ့တဲ့ နိုင်ငံပါ။ မြန်မာနိုင်ငံအတွင်းက ပြုပြင်ပြောင်းလဲမှုကို ထောက်ခံပါတယ်။

ဖင်လန်ကိုယ်စားလှယ်။    ။ ဥရောပသမဂ္ဂရဲ့ကိုယ်စားပြောပါမယ်။ အထူးကိုယ်စားလှယ်ပီညဲရိုးရဲ့ ခြောက်နှစ်တာကြိုးပမ်း ဆောင်ရွက်မှုနဲ့ အစီရင်ခံစာကို ကြိုဆိုပါတယ်။   အထူးကိုယ်စားလှယ်နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပါလို့ မြန်မာ အစိုးရကို တိုက်တွန်းလိုပါတယ်။  

မလေးရှားကိုယ်စားလှယ်။   ။ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အထူးကိုယ်စားလှယ်တင်ပြတဲ့ စိုးရိမ်ပူပန်မှု ကို အလေးထားပါတယ်။ ငြိမ်းချမ်းတဲ့ ပြန်လည်သင့်မြတ်ရေးကို မျှော်လင့်ပါတယ်။  ပြဿနာအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံကို တိုးတက်မှု ရစေချင်ရင် နိုင်ငံတကာက ပူးပေါင်းပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။

ဂျပန်ကိုယ်စားလှယ်။   ။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ လုပ်စရာတွေ အများကြီး ရှိနေပါတယ်။ ဆွေးနွေးပွဲ တွေလုပ်နိုင် ဖို့နဲ့ ပြုပြင်ပြောင်းလဲရေးကြိုးပမ်းချက်တွေအားကောင်းလာစေဖို့အတွက် ဂျပန်က ကူညီချင်ပါတယ်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို မသွားနိုင်တာ စိတ်မကောင်းစရာပါ။

ကနေဒါကိုယ်စားလှယ်။   ။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး အထူးကိုယ်စားလှယ်ကို ထောက်ခံပါတယ်။ ဒုက္ခသည်အများအပြားရှိတဲ့အခြေအနေအပေါ် အထူးကိုယ်စားလှယ်အတိုင်း စိုးရိမ်ပူပန်မိပါတယ်။

ၾသစေတးလ်။   ။ စီးပွားရေးကျဆင်းမှုကို တားဆီးဖို့နဲ့ စစ်မှန်တဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို လုပ်ဖို့ မြန်မာစစ်အစိုးရက စိတ်ဆန္ဒမရှိတဲ့အချက်အပေါ်မှာ အလွန်စိုးရိမ်မိပါတယ်။ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်း လွှတ်ပေးသင့်ပါတယ်။

နယူးဇီလန်ကိုယ်စားလှယ်။   ။ အစီရင်ခံစာအတွက် အထူးကိုယ်စားလှယ်ကို ကျေးဇူးတင်ပါတယ်။ လူ့အခွင့်အရေးအခြေ အနေနဲ့ ပတ်သက်ပြီး အကဲဖြတ်တင်ပြချက်တွေအပေါ် အထူး စိုးရိမ်ပါတယ်။ နိုင်ငံရေးအဖွဲ့တွေ တိုင်းရင်းသား ကိုယ်စားလှယ်တွေ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေးကို စတင်သင့်ပါတယ်။ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးသင့် ပါတယ်။ အားလုံးကို နိုင်ငံရေးလုပ်ငန်းစဉ် အတွင်း ပါဝင်ခွင့် ပေးသင့်ပါတယ်။

အမေရိကန်ကိုယ်စားလှယ်။   ။ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးအခြေအနေများနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်မိ ပါတယ်။ ဒုက္ခသည်တွေ အများအပြားရှိနေတာလည်း စိုးရိမ်စရာပါပဲ။ အထူးကိုယ်စားလှယ်တင်ပြသလိုပဲ အခြေအနေတွေက အလွန် ဆိုးဝါးနေပါတယ်။ မြန်မာနိုင်ငံအတွင်းက အရပ်သား လူ့အဖွဲ့အစည်းနဲ့ လူ့အခွင့်အရေးကာကွယ်သူများရဲ့ ဆောင်ရွက်မှုများကို ကူညီပံ့ပိုးရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွတ်မြောက်ရေးအတွက် နိုင်ငံတကာအသိုင်း အဝိုင်းက ဘယ်လို ကူညီရမလဲဆိုတာ အထူးကိုယ်စားလှယ်ကို မေးလိုပါတယ်။

ပီရူးကိုယ်စားလှယ်။   ။ အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာက တော်တော်ကြီး ပြည့်စုံပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး သိသာတဲ့တိုးတက်မှုမရှိဘူးဆိုတဲ့ အထူးကိုယ်စားလှယ်ရဲ့ သုံးသပ်ချက်ကို သဘောတူပါတယ်။ အစိုးရဘက်က တွေ့ဆုံဆွေးနွေးဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒမရှိဘူးဆိုတဲ့အပေါ် အစိုးရိမ်ဆုံးပါပဲ။ စက်တင်ဘာလတုန်းက လုံခြုံရေးကောင်စီက မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်အပေါ် အထူးကိုယ်စားလှယ်က ဘယ်လိုသဘောထား သလဲဆိုတာ သိချင်ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံတွင်းက အခြေအနေတွေဟာ အရှေ့တောင်အာရှဒေသကို ခြိမ်းခြောက်တဲ့အဆင့် ရောက်နေပြီလားဆိုတာကိုလည်း မေးချင်ပါတယ်။

ပါကစ္စတန်။   ။ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရက ကြိုးစားတာတွေကို အလေးထား သင့်ပါတယ်။  မြန်မာကိုယ်စားလှယ်က ပြောတဲ့ အကောင်းဘက်တိုးတက်မှုတွေကိုလည်း  အလေးထားသင့်ပါတယ်။ လူ့အခွင့်အရေးကောင်စီဟာ မြန်မာအစိုးရနဲ့ ဆက်လက်ပြီး ပူးပေါင်း ဆောင်ရွက်သင့်ပါတယ်။ အပြစ်ရှာပြီး ထောက်ပြတာမျိုးကို မလုပ်သင့်ပါဘူး။    

ပီညဲရိုး။   ။ မြန်မာသံအမတ်ကြီးကိုရော ကောင်စီအဖွဲ့ဝင်အားလုံးကိုရော ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး တိုးတက်ဖို့ နိုင်ငံတကာက ပါဝင်ဆောင်ရွက်ရာမှာ အထူးကိုယ်စားလှယ်အနေနဲ့လည်း အပြုသဘော ပါဝင်မှာဖြစ်တဲ့အကြောင်း တရုတ် ကိုယ်စားလှယ်ကို အာမခံပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးလုပ်ငန်းစဉ်အတွက် အားပေးဖို့လိုတယ်ဆိုတဲ့ အိန္ဒိယကိုယ်စားလှယ်ရဲ့ ပြောဆိုချက်ကို သဘောတူပါတယ်။

မြန်မာနိုင်ငံနဲ့ပူးပေါင်းဆောက်ရွက်ရာမှာ တိုးတက်ဖို့အတွက် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒများ ဆက်သွယ်ပူးပေါင်းမှုတခု လိုအပ်ပါတယ်။  နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီမိုကရေစီ မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်တာမျိုး မလုပ်သေးခင်မှာ  ဒီမိုကရေစီ ဆိုက်ရောက်လာလိမ့်မယ်လို့ စောင့်မျှော်တာမျိုးလုပ်ဖို့ မလိုအပ်ပါဘူး။

နိုင်ငံရေးအကျဉ်းသားတွေရှိနေသေးရင် အဓိပ္ပါယ်ရှိတဲ့နိုင်ငံရေးအသွင်ပြောင်းလဲမှု မရှိနိုင်ဘူးလို့ မြန်မာအစိုးရကိုအကြိမ်ကြိမ် ပြောခဲ့ပြီးပါပြီ။ [Top]


Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!