ပြန်ပေးဆွဲခံလိုက်ရသော နိုင်ငံရေးလမ်းစ
အောင်ဇော် | မတ် ၁၀၊ ၂၀၀၆

လာမည့် မေလ ၂၇ တွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် နောက်ဆုံးချမှတ်ခဲ့သည့် အကျယ်ချုပ်သက်တမ်း ၆ လ ပြည့်ပါပြီ။ သုံးနှစ်ဆက်တိုက် ထိန်းသိမ်းထားနိုင်အောင် အကြိမ်ကြိမ် သက်တမ်းတိုးပေးခဲ့သော စစ်အစိုးရသည် ဤအကြိမ်မှာလည်း နောက်ထပ် သက်တမ်းတိုးဦးမည်မှာ သေချာသလောက်ရှိသည်။

စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား နောက်ထပ် ၆ လ အကျယ်ချုပ် ဆက်ထားရန် ၂၀၀၅ နိုဝင်ဘာလအတွင်းတွင် အမိန့်ထုတ် ခဲ့သည်။ ယင်းအမိန့်ကြောင့် ဒေါသထွက်ခဲ့ကြသော်လည်း ယင်းအမိန့်မှာ မျှော်လင့်ထားသည့်အတိုင်း ထွက်လာသည့် အမိန့်သာဖြစ်သည်။ စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထိန်းသိမ်းထား ရန်အတွက် ၂၀၀၄ ခုနှစ်ကလည်း သက်တမ်းတိုးခဲ့ပါသေး၏။

ပြီးခဲ့သည့်လက သတင်းစာရှင်းလင်းပွဲတခုတွင် စစ်အစိုးရပြန်ကြားရေး
ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် တိုင်းပြည်ကို ဆူပူအောင် လုပ်ဖို့အတွက် ပြည်ပရှိ အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်နေသည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်။ စစ်အစိုးရဘက်က ပြောပုံဆိုပုံတွေကိုကြည့်လျှင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ဖြင့် ကြာရှည်စွာထိန်းသိမ်းထားဦးမည် ဖြစ်ကြောင်း သိနိုင်သည်။ စစ်အစိုးရနှင့် အဖွဲ့ချုပ်အကြား အောင်မြင်စွာ စေ့စပ်ညှိနှိုင်းပေးသည့် စွမ်းဆောင်မှုကြီးတခု မပေါ်ပေါက်သေးသရွေ့ သည်အတိုင်းပင် ဆက်ထိန်းသိမ်းထားပါလိမ့်မည်။

မကြာသေးခင်ကာလက ဤသို့သောစွမ်းဆောင်မှုကြီးတခု အောင်မြင်လုနီး ဖြစ်ခဲ့သည်။ ဤအကြောင်းနှင့် ပတ်သက်၍ အဆင့်မြင့်သံအရာရှိ တဦးက ဧရာဝတီမဂ္ဂဇင်းသို့ ပြောပြသည်။ ၂၀၀၄ ခုနှစ် အစောပိုင်းကာလတွင် နိုင်ငံရေးအရ တိုးတက်အောင်မြင်မှုကြီးတခု ရလုနီးဖြစ်ခဲ့ကြောင်း၊ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ ညှိနှိုင်းသည့် စာတစောင်ရေးရန် သဘောတူခဲ့ကြောင်း သူကပြောပြ သည်။ ယင်းသံအရာရှိသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ရော စစ်အစိုးရ၏ဗိုလ်ချုပ်ကြီးများနှင့်ပါရင်းနှီးပြီး  စေ့စပ်ညှိနှိုင်းရေးများ အကြောင်းကို အတွင်းသိ သိသူလည်း ဖြစ်သည်။

ယင်းသံအရာရှိ၏ အဆိုအရ ၂၀၀၄ ခုနှစ် မတ်လအတွင်း  ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ စာတစောင်ရေးပို့ခဲ့ ကြောင်း၊ ယင်းစာထဲတွင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဘာမှမပြောပဲ မြန်မာနိုင်ငံသားတို့၏ အကျိုးကျေးဇူးအတွက် နိုင်ငံရေး တိုးတက်မှုရအောင် အဖွဲ့ချုပ်သည် စစ်အစိုးရနှင့်ပူးတွဲပြီး  ဆောင်ရွက်သွားမည်ဟုသာ ရေးသားထားကြောင်း ၎င်းသံအရာရှိက ဆိုသည်။

တချိန်တည်းမှာပင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ၏ ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံညှိနှိုင်းပွဲတချို့ ပြုလုပ်ခဲ့ရာ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်၊ စစ်ထောက်လှမ်းရေးဌာန ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကျော်ဝင်းနှင့် ဗိုလ်မှူးချုပ်သန်းထွန်းတို့လည်း ပါဝင်သည်ဟု ဆိုသည်။ ညှိနှိုင်းပွဲတို့၏  ရလဒ်သည် တိုးတက်ကောင်းမွန်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်က အမျိုးသားညီလာခံသို့ တက်ရောက်ရန်နှင့် စစ်အစိုးရချမှတ်သော အချက် ၇ ချက်ပါ ဒီမိုကရေစီလမ်းပြမြေပုံကို ပွင့်ပွင့်လင်းလင်းဆွေးနွေးရန် သဘောတူခဲ့ကြပြီး စစ်အစိုးရဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် သဘောတူခဲ့သည်ဟု သံအရာရှိက ပြောသည်။

အမျိုးသားညီလာခံတွင်ချမှတ်မည့်  စစ်အစိုးရ၏ ရည်မှန်းချက်ကြီးခြောက်ခုနှင့် ပတ်သက်ပြီး ဆွေးနွေးရန်ကိုပင် ဒေါ်အောင်ဆန်းစုကြည်က သဘောတူခဲ့သည်ဟု ဆိုသည်။ ယင်းရည်မှန်းချက်ကြီးခြောက်ခုအနက် တခုမှာ စစ်တပ်က အမျိုးသားနိုင်ငံရေးတွင် ဦးဆောင်သည့်ကဏ္ဍမှ
ပါဝင်ရေးဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည်၏ အလျော့ပေးလိုက်လျောမှုများမှာ ထူးကဲ လှကြောင်း၊ သူ့အား လုပ်ကြံခဲ့သည့်သူကိုပင် လိုက်လျောအလျော့ပေး ခဲ့သည်မှာ အံ့မခန်းဖြစ်ရကြောင်း ယင်းသံအရာရှိက ဆိုသည်။ ၂၀၀၃ ခုနှစ် မေလ ၃၀ တွင် ဖြစ်ခဲ့သည့် ဒီပဲယင်းလုပ်ကြံမှုနောက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်၌ ထိန်းသိမ်းခဲ့ပါသည်။ ၂၀၀၃ ခုနှစ် စက်တင်ဘာလတွင် ခွဲစိပ်မှုတခုကို ခံယူပြီးသည့်နောက် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်သို့ ရွှေ့ပြောင်းထိန်းသိမ်းခြင်းခံရ သည်မှာ ယနေ့တိုင် ဖြစ်သည်။

ညှိနှိုင်းမှုများသည် “အလွန်နီးစပ်” ကြောင်း၊ ဆယ်နှစ်ကျော် ကြာခဲ့ပြီဖြစ်သော နိုင်ငံရေး အကြပ်အတည်းကို နိဂုံးချုပ်မည့် တိုးတက်အောင်မြင်မှုကို ရလုလု ဖြစ်ခဲ့ကြောင်း ယင်းသံအရာရှိက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ စာရေးသားရန် တရုတ်သံအရာရှိများက အားပေးတိုက်တွန်းခဲ့ရာ ပထမတွင် ဒေါ်အောင်ဆန်းစုကြည်က လက်သင့် မခံဘဲ “ကျမကိုသတ်ဖို့ ကြိုးစားခဲ့တဲ့သူဆီကို စာမရေးချင်ပါဘူး” ဟု ပြောခဲ့ကြောင်း ဆို၏။ ယင်းလုပ်ကြံမှုအတွက် ပြည်တွင်းပြည်ပ ဆန့်ကျင်ဘက်အဖွဲ့များက ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြစ်တင်ရှုံ့ချခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီသို့ စာမရေးသားလိုဘဲ ထိုအချိန်က ၀န်ကြီးချုပ်တာဝန်ယူနေသည့် ဗိုလ်ချုပ်ကြီး ခင်ညွန့်ထံသို့သာ စာရေးချင်ကြောင်း ပြောခဲ့သည် ဆို၏။ သို့သော် နောက်ဆုံးတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာရေးရန် သဘောတူလိုက်သည်။

မည်သို့ဖြစ်စေ နိုင်ငံရေးတိုးတက်မှုရရှိနိုင်သည့် အခွင့်အလမ်းသည် ဘယ်လိုဖြစ်မှန်းမသိဘဲ ရုတ်ချည်းပျက်စီးသွားခဲ့ရသည်ဟု ယင်းသံအရာရှိက ဆိုသည်။

၂၀၀၄ ခုနှစ် မေလအတွင်း အမျိုးသားညီလာခံကို ပြန်လည်မကျင်းပမီ ဗိုလ်မှူးကြီးတင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်း ထားဦးမည်ဟု ကြေညာပြောဆိုသွားသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စိတ်ပြောင်းသွားသည့်ပုံ ရှိသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပေးသည့်အတွက် စစ်အစိုးရအား လူသိရှင်ကြား ဝေဖန်ပြောဆိုပြီး အမျိုးသားညီလာခံသို့တက်ရောက်ရန် ရည်ရွယ်ချက်မရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံရေး ပြောင်းလဲတိုးတက်နိုင်စရာလမ်းများ ပျောက်ကွယ်သွားပြန်ပါသည်။

နောက်ငါးလအကြာ အောက်တိုဘာလတွင် ဗိုလ်ချုပ်ကြီးခင်ညွန့် ၀န်ကြီးချုပ်ရာထူးမှအထုတ်ခံရပြီး ထောက်လှမ်းရေးဌာနကြီးတခုလုံးလည်း ဖျက်သိမ်းခြင်းခံရသည်။ ထိုနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံညှိနှိုင်းရာတွင် ပါဝင်ခဲ့ကြသည့် ဗိုလ်မှူးကြီးတင်လှိုင်နှင့် အခြားအရာရှိ များလည်း ရာထူးမှပြုတ်သွားကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း စစ်အစိုးရနှင့် အဆက်အသွယ် ပြတ်တောက်သွားပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်မှ စ၍ ယနေ့အထိ အကျယ်ချုပ်သုံးကြိမ် ခံခဲ့ရသည်။ ယခုနောက်ဆုံးအကြိမ်မှာ
အဆိုးဝါးဆုံးဖြစ်သည်။ ပြင်ပလောကနှင့် လုံးဝ အဆက်အသွယ် ပြတ်နေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အဆက်ပြတ် နေခဲ့သည်မှာပင် နှစ်နှစ်ကျော်ပြီဟု အဖွဲ့ချုပ်ခေါင်းဆောင်များက ဆိုသည်။၂၀၀၃ ခုနှစ်တွင် ကုလသမဂ္ဂအထူးကိုယ်စားလှယ် ရာဇာလီအစ္စမေးလ်နှင့် တွေ့ခွင့်ရသည်။ ရာဇာလီအစ္စမေးလ်သည်
မြန်မာနိုင်ငံတွင်း ၀င်ရောက်ခွင့် မရတော့သည့်အတွက် ယခုနှစ် အစောပိုင်းတွင် တာဝန်မှနှုတ်ထွက်သွားခဲ့သည်။ ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဆရာဝန်နှင့်သာ တွေ့ခွင့်ရတော့သည်။

၂၀၀၆ ခုနှစ် ဖေဖော်ဝါရီတွင် အဖွဲ့ချုပ်သည် ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော်ခေါ်ပေးရန် တောင်းဆိုကာ ယင်းပြည်သူ့လွှတ်တော်က စစ်အစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပေးမည်ဟု ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

ဤအကြိမ်တွင်လည်း ငြိမ်းချမ်းရေးကမ်းလှမ်းချက်သည် အငြင်းပယ်ခံရပြန်သည်။ စစ်အစိုးရသည် ငြိမ်းချမ်းရေးကို ကြိုဆိုလက်ခံရမည့်အစား အဖွဲ့ချုပ်အပေါ်တွင် ဖိအားများပိုပေးခဲ့သည်။ အဖွဲ့ချုပ်၏ အဖွဲ့ဝင်များကို အတင်းနှုတ်ထွက်ခိုင်းကာ အဖွဲ့ချုပ်ကိုလည်း မတရားအသင်းအဖြစ် ကြေညာနိုင်သည့် အထောက်အထားများ ရှိနေပြီဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။

ဤအချက်သည်  မြန်မာနိုင်ငံ၏ အနာဂတ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အနာဂတ်အတွက် ဘာကို ရည်ညွှန်းနေသလဲဆိုသည်မှာတော့ ပြတ်ပြတ်သားသား မရှိပါ။  ပြင်ပလောကနှင့် အဆက်ပြတ်နေသည့် ဒေါ်အောင်ဆန်းစုကြည်အနေနှင့်လည်း  အနာဂတ် မြန်မာနိုင်ငံတွင်ရှိမည့် သူ့အခန်းကဏ္ဍနှင့် ပတ်သက်ပြီး တွေးကောင်းတွေးနိုင်သည်။

သံအရာရှိကတော့ ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍသည် အလွန်အရေးပါနေသေးသည်ဟု ဆိုသည်။

“တိုင်းပြည်အတွက် သူ အလုပ်လုပ်ချင်နေတုန်းပါပဲ။ တိုင်းပြည်ကလည်း သူ့ကို လိုအပ်နေတုန်းပါပဲ” ဟု သံအရာရှိက ပြောသည်။     ။

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!