မြန်မာနှင့် မြောက်ကိုရီးယား ဘယ်လောက်ဆက်စပ်နေပြီလဲ
အောင်ဇော်
မြန်မာနိုင်ငံသည် ဆင်းရဲသောနိုင်ငံတခု ဖြစ်ပါ၏။ သို့သော် မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် စစ်အစိုးရကား ဆင်းရဲသည့် အထဲတွင် မပါချေ။ စစ်အစိုးရသည် အိမ်နီးချင်းနိုင်ငံများအား သဘာဝဓာတ်ငွေ့ရောင်းရသည့်ငွေဖြင့် ချမ်းသာနေလေရာ (မြန်မာနိုင်ငံသားတို့မှာတော့ လျှပ်စစ်မရသဖြင့် နေ့စဉ်အမှောင်ကျ နေပါသည်) ထိုငွေဖြင့် စစ်တပ်အင်အားကို အမျိုးမျိုး တိုးချဲ့သည်။ စစ်လက်နက်များကို ဝယ်သည်။ လေတပ်ကို အဆင့်မြှင့်သည်။ စစ်လက်နက်များနှင့် တိုက်လေယာဉ်များကို နောက်ထပ်ဝယ်ယူရန်အတွက်လည်း ဆန္ဒပြင်းပြနေဆဲ ဖြစ်သည်ဟု စစ်ရေးအကဲခတ်များက ပြောကြသည်။
ပြည်ပရောက် အတိုက်အခံအုပ်စုများက မြန်မာစစ်အစိုးရ သည် မြောက်ကိုရီးယားနိုင်ငံမှ နျူကလီးယား လက်နက်များ ဝယ်ယူရန်ကြိုးစားနေသည်ဟု စွပ်စွဲကြသည်။ စစ်အစိုးရဝယ် ယူမည့် လက်နက်စာရင်းများကို ရထားသည်ဟု သူတို့က ဆိုပါသည်။
ဇူလိုင်လဆန်းပိုင်းက မြောက်ကိုရီးယားသင်္ဘောတစင်းသည် ရန်ကုန်သို့ရောက်သွားကြောင်း၊ ယင်းသင်္ဘောတွင် နယူးကလီယားပညာရှင် ဗိုလ်မှူးဟုန်ကီဒွန် ဆိုသူ ပါကြောင်း၊ နျူကလီးယားပစ္စည်းများကိုလည်း တင်ဆောင်သွားကြောင်း အတိုက်အခံနိုင်ငံရေးသမားတဦးက ပြောပါသည်။ အနောက်တိုင်းသား အကဲခတ်များနှင့် ထောက်လှမ်းရေးများက ယင်း ပြောဆိုချက် မမှန်ကန်ပါဟု ဆိုကြသည်။ သို့သော် မြောက်ကိုရီးယားထံမှ ဒုံးလက်နက်နည်းပညာကို ရရှိရန် ကြိုးစားနေ ခြင်းတော့ ဖြစ်နိုင်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံသည် အဆင့်မြင့် နည်းပညာသုံး တာဝေးပစ်ဒုံးလက်နက်များထက် သမားရိုးကျလက်နက်များနှင့် သမားရိုးကျ နည်းပညာများကိုသာ လိုချင်ပုံရသည်ဟု သြစတေးလျသား စစ်ရေးအကဲခတ် အန်ဒရူးဆက်က ပြောပါသည်။ ယခုအချိန် တိုင်အောင် မြန်မာနိုင်ငံက မြောက်ကိုရီးယားထံမှ နျူကလီးယားနည်းပညာကို ဝယ်နေကြောင်း ခိုင်လုံသည့် အထောက် အထား မရှိသေးပါ။ ပြည်ပအတိုက်အခံ အုပ်စုများအနေနှင့် ကိုယ့်ပြောဆိုချက် မှန်ကန်ကြောင်းပြနိုင်ရန် အထောက်အထား ခိုင်ခိုင်မာမာ လိုပါသည်။
အမေရိကန်အစိုးရအနေနှင့် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားအကြား သံတမန်ဆက်သွယ်မှု ပြန်လည်စတင်လာမည့် ကိစ္စ အပေါ်တွင် စိုးရိမ်မကင်းဖြစ်မိကြောင်း အမေရိကန်အစိုးရ၏ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာနမှ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဲရစ်ဂျွန်က လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်းတွင် ပြောကြားခဲ့သည်။ နှစ်နိုင်ငံစလုံးကိုပင် “ဖိနှိပ်အုပ်စိုးမှုများ တည်ရာဌာန” အဖြစ် အမေရိကန်အစိုးရက တံဆိပ်ခတ်ထားပါသည်။
အာဏာရှင်အစိုးရနှစ်ဖွဲ့သည် ကိုယ့်ဖာသာအထီးကျန်အောင်လုပ်ရင်း နောက်ဆုံးတွင် အထီးကျန်သူအချင်းချင်း အဖွဲ့ကျ သွားခြင်း ဖြစ်သည်ဟု ဂျွန်က ပြောပါသည်။ မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်များကို ပိုင်ဆိုင်ထားပြီဟု ကြေညာထားသူဖြစ်ရာ သူ့ထံမှ မြန်မာနိုင်ငံသို့ နျူကလီးယားနည်းပညာတို့ ရောက်ရှိသွားနိုင်သည့် အလားအလာရှိကြောင်း၊ ယင်းအလားအလာအတွက် အလွန်စိုးရိမ်မိကြောင်း သူကပြောသည်။ ယင်းစိုးရိမ်မှုသည် အခြေအမြစ်မရှိသည့် စိုးရိမ်မှုမျိုး မဟုတ်ပါ။
မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် သံတမန်ဆက်သွယ်ရေးကို ပြန်လည်ပြုလုပ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတဦးက သတင်းစာဆရာများကို ဧပြီလအတွင်းက ပြောခဲ့သည်။ သူပြောသည့် စကားအတိုင်း ဖော်ပြရသော် “မြန်မာနိုင်ငံသည် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် သံတမန်ဆက်သွယ်မှုကို ပြန်လည်လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်”ဟု ဖြစ်ပါမည်။ သို့သော် ယခုအချိန်အထိ နှစ်ဘက်နိုင်ငံတို့က တရားဝင်ကြေညာချက်များကို မထုတ်ပြန်သေးပါ။
မြန်မာနိုင်ငံဘက်က မြောက်ကိုရီးယားနှင့် ဆက်သွယ်ရမည်ကို သတိထားပါလိမ့်မည်။ မြောက်ကိုရီးယားသည် ဂျပန်နိုင်ငံ ဘက်သို့ ဒုံးလက်နက်များ စမ်းသပ်ပစ်လွှတ်နေခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းကို ပမာမခန့် လုပ်ပြနေသည်။ လွန်ခဲ့သော လကပင် ပစ်လွှတ်ခဲ့ပါသေးသည်။
မြန်မာနှင့် မြောက်ကိုရီးယားအကြား ဆက်ဆံရေးသည် ၁၉၈၃ ခုနှစ်အတွင်း မြောက်ကိုရီယား ထောက်လှမ်းရေး အရာရှိ နှစ်ယောက်က ရန်ကုန်သို့ အလည်အပတ်လာနေသည့် တောင်ကိုရီးယား အစိုးရအဖွဲ့ဝင် အရာရှိများကို လုပ်ကြံခဲ့သည့် အချိန်မှစပြီး ပြတ်တောက်ခဲ့သည်။ ယင်းတောင်ကိုရီးယားအဖွဲ့ကို သမ္မတချွန်ဒူးဝမ်က ဦးဆောင်ခဲ့သော်လည်း ချွန်ဒူးဝမ်မှာ လုပ်ကြံမှုမှ သီသီလေးလွတ်မြောက်ခဲ့ပါသည်။ တောင်ကိုရီးယား ဝန်ကြီးလေးယောက် အပါအဝင် လူ ၂၁ ဦး သေဆုံးပြီး လူ ၄၀ ဒဏ်ရာ ရခဲ့သည်။
လုပ်ကြံမှုအပြီး မကြာမီပင် မြောက်ကိုရီးယား ထောက်လှမ်းရေးသုံးယောက်ကို ဖမ်းမိသည်။ တယောက်ကို အသေဖမ်းမိပြီး တယောက်ကို ကြိုးပေးခဲ့သည်။ နောက်ဆုံးတယောက်ကတော့ ယခုတိုင် အင်းစိန်ထောင်ထဲတွင် တသက်တကျွန်း ကျခံနေဆဲ။
လွန်ခဲ့သည့် ဆယ်နှစ်အတွင်း မြန်မာနှင့် မြောက်ကိုရီးယားတို့သည် တိတ်တဆိတ် လျှို့ဝှက်ဆက်ဆံနေခဲ့သည်။ မြန်မာ ဗိုလ်ချုပ်ကြီးများသည် စစ်တပ်ကို ခေတ်မီတိုးတက်အောင် အပြင်းအထန်ကြိုးစားနေခဲ့ရာမှ ဆက်ဆံရေး ပြန်စခဲ့ခြင်း ဖြစ်သည်။ ၂၀၀၀ ခုနှစ်မှ စ၍ နှစ်နိုင်ငံအရာရှိများ အပြန်အလှန် လျှို့ဝှက်သွားလာလည်ပတ်မှုတွေ ရှိလာသည်။
၂၀၀၁ ဇွန်လအတွင်းက မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပတ်ကီယွန်ဦးဆောင်သည့် အဖွဲ့တဖွဲ့သည် ရန်ကုန်သို့သွားခဲ့ပြီး မြန်မာအစိုးရ ကာကွယ်ရေးဌာန ဒုဝန်ကြီး ခင်မောင်ဝင်းနှင့်တွေ့ဆုံကာ ကာကွယ်ရေးကိစ္စများတွင် ပူးတွဲလုပ်ဆောင်ရေး ဆွေးနွေးခဲ့သည်ဟု မြောက်ကိုးရီယားအကြောင်း စာအုပ်ရေးသားသူ ဘာတေးလစ်တနာက ပြောသည်။
မြန်မာစစ်အစိုးရသည် မြောက်ကိုရီယားထံမှ M-46 အမြောက်လက်နက်များ (၁၂ ခုနှင့် ၁၆ ခုကြား) နှင့် 7.62mm ကျည်ဆံ သန်း ၂၀ ရရှိခဲ့ကြောင်း သက်သေထင်ရှား ရှိသည်။ အင်ဒရူးဆက်၏ အဆိုအရ ဤအမြောက်လက်နက်များသည် မြန်မာ စစ်တပ်၏ တာဝေးပစ်လက်နက်စွမ်းရည်ကို သိသိသာသာ မြင့်မားလာစေမည် ဖြစ်သည်။
၂၀၀၀ ခုနှစ်အစောပိုင်းက မြောက်ကိုရီးယား အကြံပေးအရာရှိများကို ယခုနေပြည်တော် မြို့တော်သစ်ဖြစ်မည့်နေရာတွင် မြန်မာအရာရှိများနှင့်အတူ တွေ့ခဲ့ရပါသည်။ မြောက်ကိုရီးယား အလုပ်သမားများသည် နေပြည်တော်ရှိ ဝန်ကြီးဌာန အဆောက်အဦသစ်များတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ကြသည်။ စစ်ဘက်ဆိုင်ရာ အဆောက်အဦများ၊ ဥမင်လှိုဏ်ခေါင်းများ၊ ကတုတ်ကျင်းများ နေရာချရေးတွင် စစ်အစိုးရခေါင်းဆောင်များကို အကြံဉာဏ် ပေးခဲ့ကြသည်။ မြောက်ကိုရီးယားပညာရှင် များသည် နေပြည်တော်တွင် တလ အလုပ်လုပ်လိုက်၊ ရန်ကုန်သို့ လေယာဉ်ဖြင့်လာပြီး တလအနားယူလိုက် လုပ်လေ့ရှိသည်ဟု ရန်ကုန်မြို့နေတချို့က ပြောပါသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အမေရိကန်ပြည်ထောင်စုနှင့် ကုလသမဂ္ဂ၏ လေးလေးနက်နက်အာရုံစိုက်မှုကို ခံယူလို သောကြောင့် မြောက်ကိုရီးယားထံမှ နျူကလီးယားလက်နက်ကို လိုချင်နေခြင်းဖြစ်သည်ဟု မြန်မာအတိုက်အခံတို့က ယူဆကောင်း ယူဆကြမည်။ မြန်မာစစ်အစိုးရက နျူကလီးယားလက်နက်ကို ရချင်နေသည့်ကိစ္စမှာ စင်စစ် လူတိုင်းသိ နေသည့် လျှို့ဝှက်ချက်ဖြစ်ပါသည်။ ၂၀၀၀ ခုနှစ် အစောပိုင်းက စစ်အစိုးရသည် ရုရှထံမှ နျူကလီးယား ဓာတ်ပေါင်းဖိုတခုကို ဝယ်ယူခဲ့သည်။ နျူကလီးယားပညာကို သင်ယူရန်အတွက် မြန်မာစစ်အစိုးရက ကျောင်းသားများနှင့် စစ်တပ်အရာရှိများကို ရုရှသို့ စေလွှတ်ခဲ့သည်ဟုလည်း ဆိုကြသည်။ အနောက်တိုင်း အကဲခတ်တို့၏ အဆိုအရ ရုရှသည် ယင်းဓာတ်ပေါင်းဖိုကို ယခုတိုင် မြန်မာအား မပေးရသေးပါ။
မြန်မာစစ်အစိုးရသည် အမေရိကန်နှင့်ထိုင်း နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုကို ထောက်လှမ်းရန်အတွက် တရုတ်နှင့် မြောက်ကိုရီးယားပညာရှင်များ၏ အကူအညီဖြင့် မြန်မာပြည်တောင်ဘက်စွန်း ကော့သောင်မြို့အနီးတွင် အဆင့်မြင့်ရေဒါ စခန်းများကို တည်ဆောက်ခဲ့ကြောင်း ဧရာဝတီမှ ရရှိထားသည့် အထောက်အထားတွင် ဆိုထားသည်။
“ဖိနှိပ်အုပ်စိုးမှုတို့ တည်ရာဌာန” နှစ်ခုအကြားတွင် လျှို့ဝှက်ဆက်ဆံရေး ပိုမိုရင်းနှီးလာသည့်အဖြစ်မှာ မထူးဆန်းလှပါ။ ယင်းဆက်ဆံရေးကပင် အနောက်တိုင်း (အထူးသဖြင့် အမေရိကန်ပြည်ထောင်စု) ၏ အာရုံစိုက်မှုကို ဧကန်ရရှိစေမည် ဖြစ်သည်။
မြန်မာစစ်အစိုးရသည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်ပြိုင်၍ ပါးပါးနပ်နပ် နိုင်ငံရေးကစားနေရသည့် လက်ရှိအချိန်မျိုးတွင် မြောက်ကိုရီးယားနှင့် အလွန်ရင်းနှီးနေသည်ဟူသော အထင်အမြင်မျိုးကို ခံချင်ကောင်းမှ ခံချင်မည်။ အဘယ်ကြောင့် ဆိုသော် ဂျပန်ပင်လယ်ပြင်အတွင်းသို့ ဒုံးကျည်ပစ်လွှတ်လိုက်ပြီးသည့်နောက် မြောက်ကိုရီးယားသည် ဘယ်သူကမှ မပတ်သက်ချင်သည့် “နိုင်ငံတကာ ပြဿနာကောင်” အဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည်ကို ကောင်းကောင်းကြီး မြင်တွေ့နေရသောကြောင့် ဖြစ်ပါသည်။ ။ [Top]
(၂၀၀၆ သြဂုတ်လထုတ် Irrawaddy မဂ္ဂဇင်းမှ Aung Zaw ၏ Burma's North Korea Connection ကို ဆီလျော်သလို ပြန်ဆိုသည်) |