#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
တိုတိုထွာထွာ သတင်းများ

အောက်တိုဘာ ၅၊ ၂၀၀၇

ဟောလိဝုဒ် သရုပ်ဆောင် ဂျင်မ်ကယ်ရီက မြန်မာ့အရေး မိန့်ခွန်းပြောမည်

နာမည်ကြီး ဟောလိဝုဒ် သရုပ်ဆောင် ဂျင်မ်ကယ်ရီက မြန်မာနိုင်ငံသို့ နိုင်ငံတကာက လက်နက်တင်ပို့ ရောင်းချမှုများအား ရပ်တန့်ရန်နှင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်နေမှုများအတွက် လုံခြုံရေးကောင်စီက ချက်ချင်းအရေးယူ ဆောင်ရွက်ပေးရန်အတွက် လူ့အခွင့်အရေး ကောင်စီတွင် ယနေ့ မိန့်ခွန်း ပြောကြားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တောင်းဆိုချက်များကို တရုတ်၊ အန္ဒိယနှင့် ရုရှ နိုင်ငံများသို့လည်း တောင်းဆိုပြောကြားမည်ဟုလည်း ဆိုသည်။

ဂျင်မ်ကယ်ရီသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှ လွတ်မြောက်ရေးအတွက် အမေရိကန် လူထုများနှင့် ဟောလိဝုဒ် သရုပ်ဆောင်များ၊ အမေရိကန်ပြည်သူများ ပါဝင်ရန်ကြိုးစားခဲ့သူဖြစ်သည်။

လွန်ခဲ့သည့်လတွင် ဟောလိဝုဒ်သရုပ်ဆောင် ၂၈ ဦးကလည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံသို့ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးနှင့် မြန်မာ့ဒီမိုကရေစီခေါင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကြားဝင် ဖြေရှင်းရန်စာတစောင်ပေးပို့ခဲ့သည်။ [Top]
 

အောက်တိုဘာ ၃၊ ၂၀၀၇

လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင် နေအိမ်၌ ဖမ်းဆီးခံရ

မန္တလေးတိုင်း မတ္တရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်အား ယမန်နေ့ည ၁၂ နာရီ ခွဲတွင် နေအိမ်၌ ရဲများက လာရောက်ဖမ်းဆီးသွားကြောင်း မိသားစုဝင်များက ဧရာဝတီကို ပြောသည်။

“ပြေပြေလည်လည်လည်း မခေါ်ဘူး။ အဖေ့ကော်လံနဲ့လက်ကို ဆွဲခေါ်သွားတယ်။ အမေက ဖမ်းရင်လည်း ပြောပါ။ ဆေးနဲ့
အ၀တ်အစား ထည့်ပေးလိုက်မယ်လို့ပြောလည်း ဆွေးနွေးမလို့ပါလို့ဆိုပြီး ခေါ်သွားတယ်”ဟု ဦးသန်းလွင်၏သားက ပြောသည်။

ဦးသန်းလွင်သည် ဇွန်လအတွင်းကပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲမှအပြန် အမည်မသိလူတဦး၏ သံလက်သီးဖြင့် ထိုးခြင်းကိုခံခဲ့ရသည့်အပြင် ၎င်းအမှုတွင် တရားစွဲခြင်း ခံနေ ရသူဖြစ်သည်။ ဦးသန်းလွင်၏ မိသားစုဝင်များနှင့် အန်အယ်လ်ဒီအဖွဲ့ဝင် အချို့လည်း ထိုအမှုတွင် တရားလိုဘ၀မှ တရားခံ
ဘ၀ဖြင့် အမှုရင်ဆိုင်နေကြရသည်။ [Top]
 

အောက်တိုဘာ ၁၊ ၂၀၀၇

မစ္စတာဂန်ဘာရီ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ခွင့်ရ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီသည် မနက်ဖြန်တွင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း အာရှ သံတမန်တဦးကို ကိုးကား၍ အေပီ သတင်းဌာနက ယနေ့ ရေးသားထားသည်။

မနက်ဖြန်တွင် မစ္စတာ ဂန်ဘာရီသည် ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့၌ ပြုလုပ်မည့် အီးယူ ဥရောပသမဂ္ဂနှင့် အရှေ့တောင် အာရှ ဆက်ဆံရေးဆိုင်ရာ ဆွေးနွေးပွဲသို့လည်း တက်ရောက်မည်ဟု အေပီတွင် ဖော်ပြသည်။ [Top]
 

အောက်တိုဘာ ၁၊ ၂၀၀၇

ဒေါ်မာမာအေး၏ “အသည်းနာ ကမ္ဘာမကျေ” သီချင်းထွက်

နာမည်ကျော် မြန်မာသံ အဆိုတော် ဒေါ်မာမာအေးက လတ်တလော ဖြစ်ပွားနေသည့် မြန်မာနိုင်ငံတ၀န်း ဆန္ဒပြပွဲများတွင် စစ်အစိုးရ၏ အကြမ်းဖက်ဖြိုခွဲ သတ်ဖြတ်မှုများကြောင့် သွေးမြေကျ ပြန်လွန်ခဲ့ကြရသော ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များအတွက် ဦးတည်ရည်စူး၍ မြန်မာသံ တေးသီချင်း တပုဒ်ကို အမှတ်တရ သီဆိုဖြန့်ဖြူးလိုက်သည်။

အဆိုပါတေးသီချင်းမှာ “အသည်းနာ ကမ္ဘာမကျေ”ဟု အမည်ရှိ သီချင်းဖြစ်ပြီး ၀ိနည်းတော်နှင့်အညီ ကံဆောင် သပိတ်မှောက်သည့် သံဃာတော်များအား ယခုကဲ့သို့ သတ်ဖြတ်စော်ကားသော အစိုးရကို ဗမာပြည်သူတွေက  အဆုံးတနေ့အထိ တိုက်ခိုက်ချင်သည့် အသဲနာ ကမ္ဘာမကျေဖြစ်ရကြောင်း ရေးဖွဲ့ထားသော သီချင်းဖြစ်သည်။

အသည်းနာ ကမ္ဘာမကျေ သီချင်းကို နားဆင်လိုသူများ ဤနေရာတွင် ကလစ်လုပ်၍ နားဆင်နိုင်ပါသည်။ [Top]

 

စက်တင်ဘာ ၂၁၊ ၂၀၀၇

MFG သီချင်းသစ် ဖြန့်ချိ

အနာဂတ်မျိုးဆက် မြန်မာ လူငယ်များ (MFG-Myanmar Future Generations) အဖွဲ့က လတ်တလော မြန်မာနိုင်ငံ အကြပ်အတည်းပြဿနာများကို ထင်ဟပ်ထားသည် နိုင်ငံရေးသီချင်း တပုဒ်ကို ဖြန့်ဝေလိုက်သည်။

အဆိုပါ MFG အဖွဲ့၏ ယမန်နေ့က ဖြန့်သောသီချင်းမှာ ယနေ့ခေတ်လူငယ်များအကြား ရေပန်းစားနေသည့် ဟစ်ပ်ဟော့ပ် ပုံစံ ရေးစပ်ထားသော “မျိုးဆက်များ၏ပေါင်းစပ်ခြင်း (Generations Remix)” အမည်ရှိ သီချင်း ဖြစ်သည်။

ယင်းသီချင်းကို ယနေ့ မြန်မာလူငယ်များ၏ ရင်တွင်းခံစားရမှုများအား ကိုယ်စားပြု ထင်ဟပ်စေသော “ငါတို့တွေ အားလုံး လိုချင်တာက လှပမှုနဲ့ လွတ်လပ်မှု၊ ခုအချိန်မှာ ကြုံဆုံသမျှဟာ ခါးသီးမှုနဲ့ ငတ်မွတ်မှု” အစရှိသည့် စာသားများဖြင့် ရေးဖွဲ့ထားသည်။

MFG အဖွဲ့သည် ၂၀၀၄ ခုနှစ် ၀န်းကျင်က စတင်၍ အင်တာနက် ပေါ်တွင် ပျံ့နှံ့နေပြီး လူသိများလာသည့် အဖွဲ့ဖြစ်သည်။

နားဆင်လိုသူများ အောက်ပါ ၀က်ဘ်ဆိုက်တွင်ဝင်ကြည့်ပါရန်-

http://www.mm-fg.net/
 

စက်တင်ဘာ ၁၉၊ ၂၀၀၇

နော်အုန်းလှ ပြန်လည်လွတ်မြောက်

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အင်္ဂါနေ့တိုင်းဝတ်ပြု ဆုတောင်းမှုပြုလုပ် နေသော ဒေါ်နော်အုန်းလှကို အာဏာပိုင်များက ယမန်နေ့ နေ့လယ်ပိုင်းတွင် ခေတ္တခေါ်ယူ ထိန်းသိမ်းခဲ့ပြီး ညနေ ၅ နာရီ ခန့်တွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟု သူမနှင့် နီးစပ်သူက ပြောသည်။

ဒေါ်နော်အုန်းလှသည် ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်က ရွှေတိဂုံဘုရားသို့အသွား လမ်းခုလတ်၌ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရခြင်း ဖြစ်သည်။
 

စက်တင်ဘာ ၁၀၊ ၂၀၀၇

စစ်အစိုးရ အဆင့်မြင့်သံအရာရှိ မြောက်ကိုရီးယားသို့ သွားမည်

မြန်မာစစ်အစိုးရ ဒု နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူသည် နှစ်နိုင်ငံ သံတမန်ပုံမှန်ဆက်ဆံရေးအတွက် မြောက်ကိုရီးယား နိုင်ငံသို့ အင်္ဂါနေ့တွင်သွားရောက်၍ ပြောဆိုဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ယခုခရီးစဉ်သည် သံတမန်ပုံမှန်ဆက်ဆံရေးအတွက် သဘောတူလက်မှတ် ရေးထိုးမည်ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၂၀ နီးပါးခန့် ပြတ်တောက်ခဲ့သည့် မြောက်ကိုရီးယားနှင့် မြန်မာအစိုးရတို့၏ သံတမန်ဆက်ဆံရေး တိုးတက်လာမှုတခု ဖြစ်သည်ဟု အစိုးရတာဝန်ရှိသူများကို ကိုးကား၍ အေပီသတင်းက ဖော်ပြသည်။

၁၉၈၃ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်နှင့်အဖွဲ့ကို မြောက်ကိုရီးယား လက်မရွံ့များက ဗုံးခွဲလုပ်ကြံခဲ့သည့်နောက်ပိုင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ပြတ်တောက်ခဲ့ခြင်း ဖြစ်သည်။ [Top]
 

စက်တင်ဘာ ၃၊ ၂၀၀၇

ပြည်တွင်းလေကြောင်းလိုင်းများ လေယာဉ်စီးခ ဈေးတက်

မြန်မာပြည်တွင်း ပျံသန်းနေသည့် လေကြောင်းလိုင်း လေယာဉ်စီးခ နှုန်းများ ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်သွားကြောင်း သိရသည်။

လေယာဉ်စီးခနှုန်း မြင့်တက်သွားသော လေကြောင်းလိုင်းများမှာ အဲပုဂံ၊ အဲမန္တလေး၊ ရန်ကုန် အဲဝေး အပါအ၀င် ပြည်တွင်း လေကြောင်းလိုင်း အားလုံးဖြစ်သည်ဟု ရန်ကုန်မြို့မှ လေယာဉ်စီးခရီးသည်တဦးက ပြောသည်။

ယခုကဲ့သို့ လေယာဉ်စီးခနှုန်းများ မြင့်တက်သွားခြင်းမှာ ပြီးခဲ့သည် လအတွင်း စစ်အစိုးရက လောင်စာဆီဈေးများကို ရုတ်တရက် မြှင့်တင်လိုက်သည့်အတွက် ဖြစ်သည်ဟုလည်း ဆိုသည်။

ယခု မြင့်တက်သည့် ဈေးနှုန်းများသည် ပြီးခဲ့သည့်စနေနေ့က စတင် အတည်ပြုသတ်မှတ်ခြင်းဖြစ်သည်ဟု သိရသည်။ [Top]

 

သြဂုတ် ၂၈၊ ၂၀၀၇

အန်အယ်လ်ဒီ အဖွဲ့ဝင်နှစ်ဦး ရွှေတိဂုံဘုရားအနီးတွင် အဖမ်းခံရ

ယနေ့နံနက် ၁၁ နာရီခန့်က အန်အယ်လ်ဒီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်တထောင်မြို့နယ်မှ ကိုအောင်ထူးနှင့် လသာမြို့ နယ်မှ ကိုဝင်းခိုင်တို့ အဖမ်းခံရသည်ဟု အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းက ပြောသည်။

၎င်းတို့နှစ်ဦးသည့် နံနက်ပိုင်းတွင် အန်အယ်လ်ဒီဌာနချုပ်ရှေ့တွင် ဗဟိုအမျိုးသမီးအဖွဲ့နှင့်အတူ ဆွမ်းလောင်းအပြီး ငါးလွှတ်ရန်သွားစဉ် အဖမ်းခံရခြင်း ဖြစ်သည်။ [Top]
 

သြဂုတ် ၂၇၊ ၂၀၀၇

အမျိုးသားညီလာခံ စက်တင်ဘာတွင်ပြီးမည်

စစ်အစိုးရ ဦးဆောင်ကျင်းပလျက်ရှိသည့် အမျိုးသားညီလာခံအား စက်တင်ဘာလဆန်းပိုင်းတွင် အပြီးသတ်ပြုလုပ်မည်ဟု ကချင်လွတ်မြောက်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ မနမ်တူးဂျာက ဧရာဝတီကို အတည်ပြုပြောဆိုသည်။

စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥအဒေတရပ် ပေါ်ပေါက်ရေးအတွက် အဆိုပါ အမျိုးသားညီလာခံကို ၁၉၉၃ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့သည်။

၁၉၉၆ ခုနှစ်တွင် အမျိုးသားညီလာခံကို ယာယီရပ်နားခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ရန်ကုန်မြို့နှင့် ၄၅ ကီလိုမီတာအကွာရှိ ညောင်နှစ်ပင်စခန်းတွင် ပြန်လည်ပြုလုပ်ခဲ့သည်။ ယခုအကြိမ်ပြုလုပ်သည့် ညီလာခံကို လွန်ခဲ့သည့်လ ၁၈ ရက်နေ့က စတင်ခဲ့သည်။ [Top]
 

သြဂုတ် ၁၀၊ ၂၀၀၇

ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိက တက္ကသိုလ်မှ ပါရဂူဘွဲ့ချီးမြှင့်မည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိကနိုင်ငံ ကိတ်ပ်တောင်း တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူများ စစ်အာဏာရှင်အောက်မှ လွတ်မြောက်အရေး လှုပ်ရှားသူဖြစ် သောကြောင့် သူ့ကို စံထား ဥပမာပြု၍ ကမ္ဘာပေါ်ရှိ သန်းနှင့်ချီသော အဖိနှိပ်ခံပြည်သူများအတွက် မျှော်လင့်ချက် ပေးနိုင်ရန် ယခုကဲ့သို့ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ရခြင်းဖြစ်သည်ဟု ကိတ်ပ်တောင်းတက္ကသိုလ် ဒုတိယ အဓိပတိ နဂျတ်ဘူလို နဒီဘီလီက ဆိုသည်။

ယင်းဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခြင်းအခမ်းအနားကို လာမည့်ဒီဇင်ဘာလတွင် ကျင်းပမည်ဖြစ်ပြီး တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူးက ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဘွဲ့ယူမည်ဖြစ်ကြာင်း သိရသည်။ [Top]
 

သြဂုတ် ၉၊ ၂၀၀၇

မြန်မာ့အရေး ချဉ်းကပ်မှုအသစ်ဖြင့် ကိုင်တွယ်ဟု ဂန်ဘာရီပြော

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီက မြန်မာ့အရေးကို ချဉ်းကပ်မှုအသစ်ဖြင့် ကိုင်တွယ်ဖြေရှင်း နိုင်ရန် အာဆီယံနိုင်ငံများ၏ ကူညီထောက်ပံ့မှုကို ဖော်ထုတ် ကြိုးပမ်းသွားမည်ဟု ယမန်နေ့က ထိုင်းနိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံရာတွင် ပြောဆိုကြောင်းသိရသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင်  မြန်မာစစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းမှုကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်သွားမည်ဟု မစ္စတာ ဂန်ဘာရီက ၎င်း၏ ချဉ်းကပ်မှုအသစ်ကို နိုင်ငံခြားရေးဝန်ကြီး နီရာ ပီဘူလ်ဆုန်ဂရမ်ကို ပြောပြကြောင်းဖော်ပြထားသည်။

ကုလသမဂ္ဂ၏ ယခုအစီအစဉ်ကို ကြိုဆိုကြောင်း ၀န်ကြီး နီရာ ပီဘူလ်ဆုန်ဂရမ်က ပြောဆိုသည်ဟုလည်း သိရသည်။ [Top]
 

သြဂုတ် ၈၊ ၂၀၀၇

သွေးလွန်တုပ်ကွေးကြောင့် ကလေးငယ် တရာခန့်သေဆုံး

မြန်မာနိုင်ငံတွင် ၇ လအတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေးငယ်တရာခန့် သေဆုံးခဲ့ပြီး ယခုအချိန်အထိလည်း ဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟု ကျန်းမာရေးဌာနမှ ဆရာဝန်တဦးက ဧရာဝတီကို ပြောသည်။

ဆေးရုံများတွင်လည်း သွေးလွန်တုပ်ကွေးရောဂါဖြစ်သည့် ကလေးငယ်များနှင့် ပြည့်နေပြီး ရန်ကုန်မြို့ ကလေးဆေးရုံကြီးသို့ နေ့စဉ် ကလေးငယ်သုံးရာခန့် လာရောက်ကုသကြသည်ဟု အဆိုပါ ဆရာဝန်က ပြောသည်။

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ကျော်ညွန့်စိန်က ဇူလိုင်လအတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ သုံးထောင်တွင် ကလေး ၃၂ ဦးသေဆုံးကြောင်း AFP သတင်းဌာကကို ပြောဆိုသည်။

လွန်ခဲ့သည့်နှစ်က ရောဂါဖြစ်ပွားသည့် ကလေး တသောင်းတထောင်တွင် ၁၃၀ သေဆုံးသည်ဟု ဒေါက်တာ ကျော်ညွန့်စိန်က ပြောသည်။ [Top]
 

သြဂုတ် ၃၊ ၂၀၀၇

ဝါဒဖြန့်စာအုပ်များ ဖိအားပေးရောင်းချခိုင်း

မြန်မာနိုင်ငံရှိစာပေဖြန့်ချိရေးလုပ်ကိုင်နေသူများကို စာပေစိစစ်ရေးကခေါ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသော
ဝါဒဖြန့်ချိရေးစာအုပ်များနှင့် စစ်အစိုးရထုတ်စာအုပ်များကို ဖြန့်ချိပေးရန် ပြောကြားခဲ့ကြောင်း သိရသည်။

ယမန်နေ့က ခေါ်ယူဆွေးနွေးခံရသည့် စာပေထုတ်ဝေရေးများတွင် ဆင်တောင်ကြီးစာပေ၊  မိုးကောင်းကင်စာပေ၊ တင်စိုး စာပေ၊ မီလျှံနာစာပေဖြန့်ချိရေး၊ ရာပြည့်စာပေဖြန့်ချိရေး၊ ၀ါမိုးအောင်စာပေစသည့် နာမည်ကြီးဖြန့်ချိရေးများ ပါဝင်သည်။

စစ်အစိုးရနှင့် ပြန်ကြားရေးဝန်ကြီးဌာန ထုတ်စာအုပ်များကို စာအုပ်ဆိုင်များပေါ်တွင်မတင်ကြသဖြင့် အပ်ကုန်စနစ်ဖြင့် ရောင်းပြီးမှငွေရှင်းရန် စာပေစိစစ်ရေးက ပြောကြားသော်လည်း ဖြန့်ချိရေးသမားများက ဆောင်ရွက်ပေးရန် စိတ်အား ထက်သန်မှုမရှိကြောင်း ရန်ကုန်ရှိစာနယ်ဇင်းသမားတဦးက ပြောဆိုသည်။

စာပေဖြန့်ချိသူတဦးကလည်း ရောင်းရသော ပရိသတ်ကြိုက် စာစောင်၊ စာအုပ်မျိုးမဟုတ်ပါက ဆိုင်မတင်လိုကြောင်း ပြောဆိုသည်။ [Top]
 

သြဂုတ် ၁၊ ၂၀၀၇

တဖက်သတ်ရေးဆွဲသည့် အခြေခံဥပဒေကို လက်မခံဟု လွှတ်တော် ကိုယ်စားလှယ်များ ပြောဆို

လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားပြည်သူများအား အမှန်တကယ် ကိုယ်စားပြုသူများ အဓိကပါဝင် ရေးဆွဲခြင်း မရှိသော မည်သည့်အခြေခံဥပဒေကိုမျှ လက်မခံကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီဝင်များနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များက ယမန်နေ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။

ကြေညာချက်တွင် န၀တ (နအဖ) အစိုးရ၏ ၁/၉၀ အရ အခြေခံဥပဒေ ပေါ်ပေါက်ရေးသည် ၁၉၉၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ၌ ရွေးချယ်ခံရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်ဖြစ်ကြောင်း ဖော်ပြ ထားသည်။

လက်ရှိ နအဖစစ်အစိုးရ၏ ဇူလိုင် ၁၈ ရက်က ပြန်လည်ကျင်းပသည့် အမျိုးသားညီလာခံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲလျှက်ရှိသည်။ ယင်းညီလာခံသည် နောက်ဆုံးအကြိမ် ညီလာခံဖြစ်ကြောင်းလည်း ထုတ်ပြန် ကြေညာထားသည်။

ယခု ပြန်လည်ကျင်းပသည့် အမျိုးသားညီလာခံတွင် ကိုယ်စားလှယ်ပေါင်း ၁ ထောင်ကျော် တက်ရောက်လျှက်ရှိပြီး အများစုမှာ စစ်အစိုးရက ရွေးချယ်ထားသည့် ကိုယ်စားလှယ်များ ဖြစ်သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီကို ၁၉၉၈ ခုနှစ် စက်တင်ဘာ (၁၆) ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့၊ ဇိုမီးအမျိုးသား ကွန်ဂရက်တို့၏ ၁၉၉၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲက ရွေးချယ် တင်မြှောက်လိုက်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ [Top]
 

ဇူလိုင် ၂၄၊ ၂၀၀၇

မှတ်ပုံမတင်ရသေးသည့် ဒုက္ခသည်များ မယ်လစခန်းတွင် အဖမ်းခံရ

ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံ မဲဆောက်မြို့အနီးရှိ မယ်လဒုက္ခသည်စခန်းတွင် မှတ်ပုံမတင်ရသေးသည့် အသစ်ရောက် နေသော ဒုက္ခသည်များကို ထိုင်းအာဏာပိုင်တို့က ဖမ်းလိုက်ကြောင်း သိရသည်။

စတင်ဖမ်းဆီးစဉ်က ဒုက္ခသည် တရာကျော်အဖမ်းခံရပြီး ကျောင်းသား၊ ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပြန်လွှတ်ပေးလိုက်၍ ၂၀ ကျော်ကို ဆက်လက်ထိန်းသိမ်းထားသည်ဟု မယ်လဒုက္ခသည်စခန်း ကော်မတီဝင်တဦးက ပြောသည်။

ယမန်နေ့က မယ်လစခန်းတွင်ပြုလုပ်သည့် အစည်းအဝေးတွင် ဒုက္ခသည်သစ်များ စခန်းတွင်ထပ်လက်ခံရန် အစီအစဉ် မရှိကြောင်း ထိုင်းအာဏာပိုင်တဦးက ပြောဆိုသည်ဟု စခန်းကော်မတီဝင်က ပြောသည်။

မယ်လဒုက္ခသည်စခန်းတွင် ဒုက္ခသည် လေးသောင်းကျော် ခိုလှုံနေထိုင်ကြသည်။ [Top]
 

ဇူလိုင် ၁၆၊ ၂၀၀၇

ရန်ကုန်မီဒီယာသမားများ၏အမှုကို ရုံးချိန်းထပ်ပေး

အယ်ဒီတာ ဦးမြတ်သစ်နှင့် စာရေးဆရာ ဦးမာဂျေတို့၏အမှုကို ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ဒုတိယ မြို့နယ် တရားသူကြီးရုံးမှ မြို့နယ်တရားသူကြီးရုံးသို့ ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြောင်းရွှေ့အမှုရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ကြောင်း တရားရုံးသို့ ကိုယ်တိုင်သွားရောက်ခဲ့သူတဦးက ဧရာဝတီကို ပြောသည်။

မေလဆန်းက Forever ဂျာနယ်တွင်ဖော်ပြခဲ့သည့် စာရေးဆရာ ဦးမာဂျေ၏ “ဦးလေးနှင့် ဆာတေး” အမည်ရှိ သရော်စာ သည် Eleven ဂျာနယ်၏ တာဝန်ခံအယ်ဒီတာ ဦးမြတ်သစ်အား ပုတ်ခတ်ရေးသားသည်ဟု ယူဆကာ အသရေဖျက်မှုဖြင့် တရားစွဲခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ ၂ ဦးသည် ဇူလိုင်လ ၉ ရက်နေ့မှစ၍ အမှုရင်ဆိုင်ခဲ့ကြသည်။ ယနေ့ပြုလုပ်သည့် တရားခွင်သို့ စာပေနယ်မှ စာရေး ဆရာ၊ အယ်ဒီတာအချို့ ဦးမာဂျေအား လာရောက်အားပေးခဲ့သည်ဟု ကိုယ်တိုင်သွားခဲ့သည့် အားကစား အယ်ဒီတာ ဦးဇော်သက်ထွေးက ဧရာဝတီကို ပြောဆိုသည်။ [Top]
 

ဇူလိုင် ၁၀၊ ၂၀၀၇

ထိုင်း-မြန်မာ နယ်စပ် ကရင်ရွာ တချို့ အဓမ္မ ရွှေ့ပြောင်းခံရ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ အိမ်ခြေပေါင်း ၁၀၀ ကျော်ကို ရော်ကြေးငွေ အစားပေးခြင်းမရှိဘဲ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(ဒီကေဘီအေ)က အဓမ္မရွှေ့ပြောင်းခိုင်း နေကြောင်း သိရသည်။

တရွာလျှင် အိမ်ခြေ ၄၀ ခန့် ရှိသော သဘလု ခိုခီး၊ သဝေါ်ဖိုး၊ ပလာထ စသည့် ရွာ ၃ ရွာ ပြောင်းရွှေ့ခံရကြောင်း နယ်စပ်မှ လာသော သတင်းများက ဆိုသည်။

ထိုင်း မြန်မာ နယ်စပ် မဲဆောက်မြို့မှ ကျန်းမာရေးဝန်ထမ်းတဦးက သဝေါ်ဖိုး ရွာတွင်နေထိုင်သည့် ၎င်း၏ မိဘ ညီအစ်ကို မောင်နှမများကို အိမ်ခြေ ၃၀၀ ခန့်ရှိ ထီးမူထရွာ သို့ အဓမ္မ ရွှေ့ပြောင်း ခိုင်းသည်ဟု ပြောသည်။ ၎င်း၏ အစ်ကို အပါအ၀င် ရွာသား ၈၀ ခန့်သည် ယခု တိုင် ဒီကေဘီအေ စစ်သားများနှင့်အတူရှိနေသည်ဟု လည်း အဆိုပါ
ကျန်းမာရေးဝန်ထမ်းကပြောသည်။

အိမ်ခြေ ၈၀ ခန့်ရှိ သဘလု ခိုခီးနှင့် ပလာထ ရွာ ၂ ရွာကို မဲကနဲ ရွာသို့ ၃ ရက်အတွင်းပြောင်းခိုင်းကြောင်း၊ ယင်း မဲကနဲ ရွာသည် အိမ်ခြေ ၅၀၀ ခန့်ရှိပြီး ထိုင်း နိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့နှင့် မျက်နှာချင်းဆိုင်တွင်ရှိကြောင်း သိရသည်။ [Top]
 

ဇူလိုင် ၄၊ ၂၀၀၇

အိုင်စီအာရ်စီ ဝေဖန်ချက် စစ်အစိုးရ ပယ်ချ

လွန်ခဲ့သည့် အပတ်က မြန်မာစစ်အစိုးရအနေဖြင့် အကျဉ်းသားများကို ပေါ်တာအထမ်းသမားများအဖြစ် အသုံးပြုနေကြောင်း အာအိုင်စီအာရ်စီ၏ ဝေဖန်ပြောဆိုခဲ့ခြင်းသည် အထောက်အထားမခိုင်လုံသော တဖက်သတ် စွပ်စွဲချက်သာဖြစ်ကြောင်း မြန်မာစစ်အစိုးရက ယနေ့ တုံ့ပြန်လိုက်သည်။

စစ်အစိုးရ၏ တုံ့ပြန်ချက်တွင် “နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (အိုင်စီအာရ်စီ) ၏ စွပ်စွဲပြောဆိုချက်သည် မိမိတို့ကို စော်ကား လိုက်ခြင်းဖြစ်သောကြောင့် အနာဂတ်ဆက်ဆံရေးတွင် နှစ်ဦးနှစ်ဘက်အကြား ယုံကြည်မှုကို ဆုတ်ယုတ်စေသည်”ဟုလည်း ဖော်ပြပါရှိသည်။

စစ်အစိုးရက စောစောပိုင်းကပင် အိုင်စီအာရ်စီ၏ လုပ်ငန်းများကို ကန့်သတ်ခဲ့သောကြောင့် နယ်ရုံးခွဲများကို ပိတ်ပင်ခဲ့ရသည်။ ပြီးခဲ့သည့် လကုန်ပိုင်းတွင် တောင်ကြီးမြို့ရုံးခွဲကို ပိတ်ခဲ့ရပြီး ဘားအံနှင့် မန္တလေးမြို့ရုံးခွဲ ၂ ရုံးသာ ဆက်လက်လည်ပတ် နေရသည်။ [Top]
 

ဇွန် ၂၈၊ ၂၀၀၇

ချင်းပြည်နယ် လူသတ်မှု စုံစမ်းဖော်ထုတ်ပေးရန် တိုင်ကြားစာပို့

မြန်မာစစ်တပ်က ၎င်းတို့၏မိသားစုဝင်များကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းအားအရေးယူပေးရန် စစ်အစိုးရထိပ်ပိုင်းခေါင်းဆောင် များထံသို့ တိုင်ကြားတစောင်ကို ချင်းတိုင်းရင်းသားတဦးက ရေးသားပေးပို့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများထဲက တဦးဖြစ်သူ ကလေး ၆ ယောက် ဖခင် အသက် ၃၃ နှစ်ရှိသူကို စစ်တပ်က သတ်ဖြတ်လိုက်သည်ဟု အဆိုပါစာထဲတွင် ဖော်ပြထားပြီး စာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ လိပ်မူထားသည်။

ဧရာဝတီသို့ မိတ္တုပေးပို့သော ယင်းစာတွင် အသတ်ခံရသူ၏ အလောင်းကို တွေ့ရှိကြောင်းရေးသားထားသည်။

အသတ်ခံရသူသည် မတူပီမြို့ လမ်းဖောက်ရာသို့ လုပ်အားပေးခေါ်ဆောင်ရာ မလိုက်သောကြောင့် ချင်းအမျိုးသား လက်နက်ကိုင်အဖွဲကို ထောက်ခံသူဟု စစ်တပ်က သံသယဖြင့် သတ်ဖြတ်ခြင်းဖြစ်သည်ဟုလည်း သတင်းထွက်ပေါ်ခဲ့သည်။

ဖမ်းဆီးသတ်ဖြတ်သည့် စစ်တပ်မှာ ချင်းပြည်နယ် မတူပီမြို့ အခြေစိုက် ဗိုလ်မှူး ရဲလွင်ဦးဆောင်သည့် တပ်ရင်း ၁၀၄ ဖြစ်ကြောင်း သိရသည်။ [Top]
 

ဇွန် ၂၆၊ ၂၀၀၇

မြန်မာ့ ဘိန်းစိုက်ပျိုးမှု ကျဆင်း

မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု ၃၄ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာအဖွဲ့ (UNODC) က ယခုနှစ်အစီရင်ခံစာတွင် ထုတ်ပြန်ပြောဆိုသည်။

၁၉၉၈ ခုမှ စတင်၍ တွက်ချက်သော် ၈၃ ရာခိုင်နှုန်း ဘိန်းအထွက် ကျဆင်းသွားသော်လည်း ဘိန်းစိုက်ပျိုးမှု တခုတည်း ကိုသာ အားထားနေကြရသည့် တောင်သူများ၏ ဘ၀ရပ်တည်ရေး အလွန်ခက်ခဲကြောင်း အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားသည်။

အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းထွက်ရှိမှု ဒုတိယအများဆုံးဖြစ်ပြီး ကမ္ဘာ့ဘိန်းစိုက်ပျိုးမှု၏ ၁၁ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ [Top]
 

ဇွန် ၂၁၊ ၂၀၀၇

ကေအန်ယူနှင့် ဒီကေဘီအေ တိုက်ပွဲဖြစ်

ကရင်ပြည်နယ် သင်္ကန်းညီနောင်နှင့် မနီးမဝေးတွင် ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၆ လုံခြုံရေး တပ်ဖွဲ့တဖွဲ့နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့ (ဒီကေဘီအေ) တို့အကြား ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားရာ ဒဏ်ရာရ သေဆုံးမှုရှိကြောင်း သိရသည်။

ဒီကေဘီအေ တပ်ရင်း ၉၀၇ နှင့် ကေအန်ယူ တပ်မဟာ ၆ မှ လုံခြုံရေးတပ်ဖွဲ့တို့ဖြစ်ပွားသည့် နာရီဝက်ခန့်ကြာသော အဆိုပါ တိုက်ပွဲတွင် ဒီကေဘီအေ ဘက်က ၉ ဦးကျဆုံးပြီး လက်နက် ၇ လက်ရရှိကြောင်း၊ ကေအန်ယူ ဘက်က အကျအဆုံးမရှိ ဒဏ်ရာရသူ ၂ ဦးသာရှိကြောင်း ကေအန်ယူ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာက ဧရာဝတီသို့ ပြောသည်။

လွန်ခဲ့သည့် ဇွန်လဆန်းကလည်း ကေအန်ယူ တပ်မဟာ ၆ မှ ဗိုလ်လမင်း ဦးဆောင်သည့် တပ်မဟာ လုံခြုံရေးတပ်ဖွဲ့ကို အင်အား ၈၀ ခန့်ရှိ နအဖစစ်ကြောင်း ၂ ကြောင်းနှင့် ဒီကေဘီအေ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့သည်။ [Top]
 

ဇွန် ၁၈၊ ၂၀၀၇

ထိုင်း မြန်မာ နယ်စပ်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ကေအန်အယ်လ်အေ)နှင့် မြန်မာစစ်အစိုးရနှင့်ပူးပေါင်းထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(ဒီကေဘီအေ)တို့အကြား ယနေ့နံနက်စောစောပိုင်းက တိုက်ပွဲ ဖြစ်ပွားကြောင်းသိရသည်။

ထိုင်းနိုင်ငံ ဖို့ဖရာ့ ဒေသအနီး ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်အတွင်း ကေအန်အယ်လ်အေ တပ်မဟာ ၆ မှ အထူးတပ်နှင့် တပ်ရင်း ၁၀၃ တို့ကို ဒီကေဘီအေ တပ်ရင်း ၉၀၇ နှင့် မြန်မာစစ်တပ် ခမရ ၂၀၃ ပူးပေါင်းတပ် ဖွဲ့ တို့က ၂ နာရီခန့် တိုက်ခိုက်ခဲ့သည်ဟု ကေအန်အယ်လ်အေ က ပြောသည်။

ပြီးခဲ့သည့် သောကြာနေ့ကလည်း ကေအန်အယ်လ်အေ တပ်ရင်း ၂၀၁ နှင့် မြန်မာစစ်တပ် တို့အကြား တိုက်ပွဲဖြစ် ပွားခဲ့ပြီး မြန်မာစစ်တပ်ဘက်က ၁၄ ဦးကျဆုံးကာ ကေအန်အယ်လ်အေ ဘက်က ၁ ဦး ကျဆုံး၊ ၁ ဦး ဒဏ်ရာရ ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် ကေအန်အယ်လ်အေ က သေနတ် ၅ လက်နှင့် ဂြိုဟ်တုဖုန်းတလုံး သိမ်းဆီး ရမိကြောင်း ကရင် အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာကပြောသည်။ [Top]
 

ဇွန် ၁၅၊ ၂၀၀၇

ပိတ်ဆို့အရေးယူမှု ထပ်တိုးရန် အမေရိကန် ဆီနိတ်တာများ တောင်းဆို

မြန်မာစစ်အစိုးရအပေါ် အမေရိကန်နိုင်ငံက လွတ်လပ်မှုနှင့် ဒီမိုကရေစီ အက်ဥပဒေအရ အရေးယူပိတ်ဆို့ထားခြင်းကို သက်တမ်းထပ်တိုးရန် အမေရိကန် အမတ် နှစ်ဦးက ယမန်နေ့တွင် အဆိုပြုလိုက်သည်။

ရီပတ်ဘလစ်ကန် အမတ် မစ်ခ်ျ မက်ကော်နယ်လ်နှင့် ဒီမိုကရက်တစ် အမတ် ဒိုင်ရာနီ ဖိန်းစတိန်းတို့က မြန်မာ စစ်အစိုး၏ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းများအရ ယခုကဲ့သို့ အရေးယူပိတ်ဆို့မှုကို သက်တမ်း တနှစ်ထပ်တိုးရန် အဆိုပြု လိုက်ခြင်းဖြစ်သည်။ ယင်း အရေးယူပိတ်ဆို့မှုမှာ လာမည့် ဇူလိုင် ၂၆ ရက်တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။

လွတ်လပ်မှုနှင့် ဒီမိုကရေစီအက်ဥပဒေကို အမေရိကန်အစိုးရက ၂၀၀၃ ခုနှစ်တွင်စတင်ပြဌာန်းခဲ့ပြီး စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုများနှင့် မြန်မာစစ်ခေါင်းဆောင်များအား အမေရိကန်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်မှုများ ပါဝင်သည်။ [Top]
 

ဇွန် ၁၊ ၂၀၀၇

စစ်အစိုးရ ပိုမိုရက်စက်လာနေဟု အေအေပီပီ ထုတ်ပြန်ကြေညာ

မြန်မာစစ်အစိုးရသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများအား လူမြင်ကွင်းလမ်းမများပေါ်တွင် ရိုက်နှက်ဖမ်းဆီး ခြင်းများကို ပိုမိုပြုလုပ်လာသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။

ကြေညာချက်တွင် ၂၀၀၇ ခုနှစ် မေလအတွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားသူ ၉၉ ဦးကို ဖမ်းဆီးခဲ့ပြီး ၃ ဦးကို ထောင်ဒဏ်ချမှတ်လိုက်ကြောင်း၊ ပြန်လွတ်လာသူ ၂၄ ဦး ရှိခဲ့သော်လည်း ၇၂ ဦးကို ယနေ့အချိန်အထိ ဖမ်းဆီးထိန်းသိမ်း ထားကြောင်း ဖော်ပြသည်။

အဖမ်းခံရသူအများစုသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟုလည်း ကြေညာချက်တွင်ပါရှိသည်။

ထို့ကြောင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀န်းက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို ယခင်ထက်ပိုမို၍ ကြိုးစားဆောင်ရွက်ပေးကြရန်လည်း ကြေညာချက်တွင် တောင်းဆိုထားသည်။ [Top]
 
ယခင်လများမှ သတင်းတိုထွာများ
(၂၀၀၇)
ဇန်န၀ါရီ | ဖေဖော်ဝါရီ | မတ် | ဧပြီ | မေ
(၂၀၀၆)
 

[Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.