#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ရန်ကုန်ဆန္ဒပြပွဲကို ပစ်ခတ်နှိမ်နင်း အသေအပျောက် ဒဏ်ရာရမှုများရှိ
ကိုသက် | စက်တင်ဘာ ၂၆၊ ၂၀၀၇

စစ်အစိုးရက ယနေ့ငြိမ်းချမ်းစွာဆန္ဒပြခဲ့သည့် သံဃာတော်များနှင့် ကျောင်းသားပြည်သူများကို ပစ်ခတ်နှိမ်နင်းသည်ဟု မျက်မြင်သက်သေများက ဧရာဝတီကိုပြောသည်။

အတည်မပြုရသေးသည့် သတင်းများအရ စစ်အစိုးရ၏အကြမ်းဖက်ပစ်ခတ်မှုကြောင့် ရန်ကုန်မြို့တွင် အနည်းဆုံး သံဃာ ၅ ပါးနှင့် အမျိုးသမီးတဦး အသက်ဆုံးရှုံးကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသွားသူများကို ရန်ကုန်ပြည့်သူ့ဆေးရုံးကြီး အရေးပေါ်ဌာနသို့ အာဏာပိုင်ဘက်က သယ်ဆောင်သွားပြီး ဆေးရုံတံခါးများကိုလည်းပိတ်လိုက်ကြောင်း မျက်မြင်သက်သေတဦးက ဧရာဝတီကိုပြောသည်။

ဧရာဝတီက အရေးပေါ်ဌာနသို့ ဆက်သွယ်စုံစမ်းခဲ့ရာ တာဝန်ကျဝန်ထမ်းတဦးက အဆိုပါအကြောင်းအရာနှင့် ပတ်သက်ပြီး ဖြေကြားခွင့်မရှိကြောင်း ပြောဆိုသည်။

နေ့လယ်ပိုင်းက အလုံမြို့နယ်တွင် ချီတက်ဆန္ဒပြသည်ကို အကြမ်းဖက်နှိမ်နင်းသောကြောင့် သံဃာ ၃ ပါး ပျံလွန်တော် မူသည်ဟုလည်း မျက်မြင်သက်သေတဦးက ပြောသည်။

ယနေ့နေ့လယ် ၁၂ နာရီခန့်တွင် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်အနီး ဆန္ဒပြပွဲကို မျက်ရည်ယိုဗုံးများပစ်ကာ ဖြိုခွဲပြီး လုံထိန်းနှင့် စစ်သားများက တုတ်များဖြင့်ရိုက်နှက်ကာ သံဃာအပါအ၀င် ဆန္ဒပြသမား ၅၀ ကျော်ကို ဖမ်းဆီး ခေါ်ဆောင် သွားသည်ဟု ဆန္ဒပြပွဲတွင်ပါဝင်သူက ပြောသည်။

“လူတွေက တော်တော်ဒေါသထွက်တယ်၊ ဆရာတော်တွေကမေတ္တာရပ်ခံလို့ မေတ္တာပို့နေကြတယ်။ ဘုရားပေါ်မှာ ကျန်ခဲ့တဲ့ သံဃာတွေရဲ့အခြေအနေက ဘယ်လိုမှန်းမသိဘူး” ဟု ၎င်းကဆက်ပြောသည်။

နေ့လယ်ပိုင်းက ရွှေတိဂုံဘုရားရင်ပြင်နှင့် အလယ်ပစ္စယံတွင် သံဃာအပါး ၅၀၀ ကျော် ပိတ်မိနေကြောင်းလည်း သိရသည်။

ယနေ့တနေ့လုံး အာဏာပိုင်ဘက်က ဆန္ဒပြပွဲများကို အင်အားသုံး အကြမ်းဖက်ဖြိုခွဲခဲ့သော်လည်း ဆန္ဒပြသည့် သံဃာနှင့် ပြည်သူများလျော့မသွားကြောင်း သိရသည်။

ဆန္ဒပြသံဃာများအား ရွှေတိဂုံဘုရား အရှေ့မုခ်ရှိ ကြေးသွန်းဘုရားတွင် ဆွမ်းကပ်လှူရာတွင် ဦးဆောင်ခဲ့သည့် လူရွှင်တော် ဇာဂနာနှင့် ဦးဝင်းနိုင် (အမျိုးသားရေး) တို့ကို ယမန်နေ့ညက နေအိမ်များတွင် ဖမ်းဆီးလိုက်သည်။

ရန်ကုန်နှင့် မန္တလေးမြို့များတွင်လည်း ရက်ပေါင်း ၆၀ ညမထွက်ရ စစ်အုပ်ချုပ်ရေးအမိန့်ကို စစ်အစိုးရက ထုတ်ပြန် လိုက်သည်။

ယနေ့ပြုလုပ်သည့် မန္တလေးမြို့ရှိ ဆန္ဒပြပွဲကိုလည်း စစ်အစိုးရက မျက်ရည်ယိုဗုံးများသုံးကာ ဖြိုခွဲကြောင်း စုံစမ်းသိရှိရသည်။ ထိခိုက်ဒဏ်ရာရမှုအသေးစိတ်ကိုမူ ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။

ပခုက္ကူမြို့တွင်လည်း သံဃာအပါး ၂၀၀၀ ကျော်ပါဝင်သည့် လူထုဆန္ဒပြပွဲတရပ်ကို ပြုလုပ်ခဲ့သည်။ ၎င်းဆန္ဒပြပွဲကို မြို့လုံးကျွတ်အားပေးခဲ့သည်ဟုလည်း သိရသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.