#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

အဖမ်းဆီးခံများအား ကျန်းမာရေးစောင့်ရှောက်မှု ဆိုးရွား
ကိုသက် | စက်တင်ဘာ ၂၁၊ ၂၀၀၇

သြဂုတ်လဆန္ဒပြပွဲများတွင် အထိန်းသိမ်းခံထားရသူများကို အာဏာပိုင်က ကျန်းမာရေးစောင့်ရှောက်မှုမရှိကြောင်း အဖမ်းခံထားရသူများက ရေးသားပေးပို့လာသည့်စာအရ သိရသည်။

အဆိုပါစာကို ရန်ကုန်တိုင်း ရဲတပ်ရင်း ၇ တွင် အထိန်းသိမ်းခံထားရသူများက ရေးသားပေးပို့ခဲ့ခြင်းဖြစ်ပြီး ၎င်းရဲတပ်ရင်းတွင် လူဦးရေ ၄၆ ဦးကို အဆောင် ၂ ဆောင်ခွဲကာ ချုပ်နှောင်ထားသည်ဟု ရေးသားထားသည်။

ရန်ကင်းမြို့နယ် အန်အယ်လ်ဒီ ဥက္ကဌ ကိုမျိုးခင်၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူအဖွဲ့မှ ဦးမြင့်အေး၊ ကိုသန့်ဇင်မျိုး နှင့် ကိုသန်းဇော်မြင့်တို့မှာ ကျန်းမာရေးချို့ယွင်းလျက်ရှိပြီး ဆေးဝါကုသပေးခြင်းမရှိကြောင်း ၎င်းစာတွင် ရေးသား ထားသည်။

လေးဘက်နာရောဂါကိုခံစားနေရသည့် ကိုသန့်ဇင်မျိုးသည် ခန္ဓာကိုယ်ကိုက်ခဲသည့်ဒဏ်ကိုခံစားနေရပြီး အဖမ်းခံရစဉ်က အရိုက်ခံရသည့်ဒဏ်ကြောင့် ကျောကုန်းနှင့်ခါးမှာ ယခုအချိန်အထိ နာကျင်နေကြောင်း သိရသည်။ ကိုသန်းဇော်မြင့်သည် လည်း ကိုသန့်ဇင်မျိုးနှင့်အတူ အရိုက်ခံခဲ့ရပြီး ယခုအထိ ခါးမဆန့်နိုင်သေးကြောင်း အဆိုပါစာက ဆိုသည်။

ကိုမျိုးခင်သည် အစာအိမ်ရောဂါကြောင့် မကြာခဏဗိုက်အောင့်သည့်အပြင် သွေးတိုးသည့်ဝေဒနာကို ခံစားနေရသည်။ ဦးမြင့်အေး၏ ဆီးချိုရောဂါအခြေအနေမှာလည်း ပိုမိုဆိုးရွားလာကြောင်း သိရသည်။

အထိန်းသိမ်းခံရသူများသည် လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ဆန္ဒပြခဲ့သူများဖြစ်ပြီး ၎င်းဆန္ဒပြပွဲများကို ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက အကြမ်းဖက် ဖြိုခွဲခဲ့သည်။

အထိန်းသိမ်းခံထားရသူများသည် နံနက် ၈ နာရီတိုင်းတွင် နိုင်ငံတော်သီချင်းကို သီဆိုကြပြီး ထိုသို့မဆိုပါက ပိုမိုကောင်းမွန် သည့် အစားအစာနှင့် အသုံးအဆောင်ပစ္စည်းများစီစဉ်ပေးမည်ဟု အာဏာပိုင်တို့က စည်းရုံးသည်။ သို့သော် အထိန်းသိမ်းခံ များက လက်မခံကြောင်း သိရသည်။

အာဏာပိုင်က အစားအစာ၊ အသုံးအဆောင်ပစ္စည်းများဖြင့် စည်းရုံး၍မရသောအခါ ၎င်းတို့ကမ္ဘာမကျေဆိုသည့် နံနက် ၈ နာရီတွင် ရဲတပ်သားများကို သစ္စာဓိဋ္ဌာန်ဆိုခိုင်းခြင်း၊ အသံချဲ့စက်များဖွင့်ခြင်းတို့ဖြင့် နှောင့်ယှက်ကြောင်း အဆိုပါစာတွင် ရေးသားထားသည်။

အထိန်းသိမ်းခံထားရသူများကို အစားအစာ လုံလောက်စွာကျွေးမွေးခြင်းမရှိသည့်အပြင် ခြင်အလွန်ပေါသည့် နေရာတွင် ခြင်ထောင်မပါဘဲအိပ်ရကြောင်း သိရသည်။

အထိန်းသိမ်းခံရသူများ၏ အခြေအနေနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (အေအေပီပီ) က ယနေ့နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်လိုက်သည်။

အေအေပီပီအဖွဲ့၏ အတွင်းရေးမှူး ဦးတိတ်နိုင်က “သူတို့တွေအဖမ်းခံထားရချိန်မှာ ဆေးဝါကုသမှုမရှိဘူး၊ အစားအစာ မလုံလောက်တာ၊ ရေမလုံလောက်တာ စတာတွေအဖက်ဖက်က ချို့ယွင်းနေတော့ ဒီလူတွေအပါအ၀င် အခုအဖမ်းခံထားရတဲ့ လူတွေအတွက် ကျနော်တို့ အရမ်းစိုးရိမ်မိပါတယ်” ဟု ပြောသည်။

အေအေပီပီအဖွဲ့၏ ထုတ်ပြန်ကြေညာချက်ကို ကမ္ဘာ့ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအစိုးရများ၊ လူ့အခွင့်အရေးအဖွဲ့ များသို့ ပေးပို့ထားသည်ဟုလည်း ဦးတိတ်နိုင်က ပြောဆိုသည်။

လွန်ခဲ့သည့်အပတ်က အထိန်းသိမ်းခံထားရသူများမှ ဦးဇော်ညွန့်ကို အာဥာပိုင်က ခေါ်ဆောင်သွားကြောင်းနှင့် မည်သည့် နေရာသို့ခေါ်ဆောင်သွားသည်ကို မသိရကြောင်း အထိန်းသိမ်းခံများ၏စာတွင် ဖော်ပြထားသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.