#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ကျောင်းသားပြည်သူများ ပူးပေါင်းပါဝင်ချီတက်ရန် သံဃာများပန်ကြား
ကိုသက် | စက်တင်ဘာ ၂၁၊ ၂၀၀၇

သံဃာတော်များ၏ သပိတ်မှောက် ကံဆောင်ချီတက်ပွဲများတွင် ပြည်သူလူထုနှင့် ကျောင်းသားများ ပူးပေါင်းပါဝင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်မှောက်သံဃာတော်များက ပန်ကြားနှိုးဆော်လိုက်သည်။

ဓာတ်ပုံ - ဧရာဝတီ

ယမန်နေ့ကထုတ်ပြန်သည့် ရဟန်းပျိုသမဂ္ဂများအဖွဲ့ချုပ်၏ ထုတ်ပြန်ကြေညာချက်တွင် သံဃာတော်များသည် ယခုလ ၁၇ ရက်နေ့မှစ၍ ၄ ရက်တိုင်တိုင် စစ်အစိုးရအား သပိတ်မှောက် ကံဆောင်ချီတက်ခဲ့ကြကြောင်း ရေးသားဖော်ပြထားသည်။

အဆိုပါကြေညာချက်တွင် “ကျောင်းသားများ၊ ပြည်သူများအနေဖြင့် သံဃာများနှင့်ပူးပေါင်းပါဝင်ပြီး မိမိတို့ဆန္ဒ အစစ်အမှန် ကို ရဲရဲရင့်ရင့် သတ္တိရှိရှိ ဖော်ထုတ်ပြရန် အချိန်အခါရောက်ရှိနေပါပြီ။ သို့ပါ၍ သံဃာတော်များက သာသနာ့အလံကိုကိုင်သလို ကျောင်းသားများကလည်း ကျောင်းသားအလံကိုကိုင်ပြီးချီတက်ဆန္ဒဖော်ထုတ်ကြပါ” ဟု ရေးသားထားသည်။

ပြည်သူလူထုကိုလည်း သံဃာထုနောက်ကဖြစ်စေ၊ ကျောင်းသားထုနောက်ကဖြစ်စေ ရဲရဲရင့်ရင့် ပူးပေါင်းလိုက်ပါကြရန် အဆိုပါကြေညာချက်တွင် ပန်ကြားထားသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုထွန်းမြင့်အောင်က “ဘုန်းတော်ကြီးတွေကလည်း သာသနာ့ အလံလွှင့်မယ်၊ ကျောင်းသူ ကျောင်းသားတွေကလည်း ခွပ်ဒေါင်းအလံလွှင့်ထူပြီးသွားမယ်ဆိုတာ အင်မတန်ကောင်းပါတယ်။ အားလုံးက ကိုယ်သက်ဆိုင်ရာအလံတွေလွှင့်ထူပြီးတော့ ပြည်သူလူထု လွတ်မြောက်ရေးအတွက် လုပ်ကြရမှာပါ”ဟု
ဧရာဝတီကို ပြောသည်။

ကဗျာဆရာအောင်ဝေးကလည်း “စာပေ အနုပညာရှင်တွေအားလုံး ရှေ့တလှမ်းပိုထွက်နိုင်သူက တလှမ်းပိုထွက်ပြီးတော့ နောက်ကလိုက်နိုင်မယ့်သူကလည်း လိုက်မယ် … ပြည်သူလူထုရှေ့က မားမားကြီးမဟုတ်တောင် ပြည်သူနဲ့ရင်ပေါင်တန်း ပြီးတော့ သံဃာတော်တွေနဲ့အတူ ထွက်လာသင့်ပြီလို့ ယူဆတယ်၊ ဆုံးဖြတ်တယ်။ ဆုံးဖြတ်တဲ့အတိုင်းလည်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တဲ့တိုက်ပွဲမှာ ပါဝင်နိုင်ဖို့ကြိုးစားနေပါတယ်”  ဟု ပြောသည်။

စာပေ၊ ရုပ်ရှင်နှင့် ဂီတပညာရှင်များသည် အများပြည်သူချစ်ခင်လေးစားတဲ့ လူထုအာရုံစိုက်ခံရသူများ ဖြစ်သောကြောင့် ဘုန်းတော်ကြီးများ၏လှုပ်ရှားမှုတွင် ပြည်သူလူထုပါဝင်နိုင်ရေးအတွက် ပေါင်းကူးပေးသူများ ဖြစ်သင့်သည်ဟုလည်း ကိုအောင်ဝေးက ပြောသည်။

ယမန်နေ့ကပြုလုပ်သည့် သံဃာတော်များ၏ ချီတက်ဆန္ဒပြပွဲကို ရွာသာကြီးရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ဒဂုံ တက္ကသိုလ်တို့မှ ကျောင်းသား ၅၀၀ ခန့်ပူးပေါင်းခဲ့ပြီး လတ်တလောဖြေဆိုနေရသည့် စာမေးပွဲကိုလည်း သိတ်မှောက် ခဲ့ကြသည်။

ယမန်နေ့ဆန္ဒပြပွဲ၌ ကျောင်းသား၊ လူငယ်များသည် သံဃာများ၏ဘေးမှ လက်ချင်းချိတ်ကာလိုက်ပါ လမ်းလျှောက်ကြသည်။ ထောင်ပေါင်းများစွာသော ပြည်သူများလည်း ပူးပေါင်းပါဝင်ကြသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.