#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

တွေ့ဆုံဆွေးနွေးကြရန် ၀ါရင့်နိုင်ငံရေးသမားကြီးများ တိုက်တွန်း
ကိုစိုး | စက်တင်ဘာ ၂၁၊ ၂၀၀၇

စစ်အစိုးရအနေဖြင့် ဆန္ဒပြသံဃာတော်များနှင့် တွေ့ဆုံဆွေးနွေးမှုမပြုလုပ်ပါက နိုင်ငံတ၀န်း ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပေါ်နေမည်ဟု ၀ါရင့်နိုင်ငံရေးသမားကြီးများနှင့် နိုင်ငံရေးလေ့လာသူများက ပြောသည်။

နိုင်ငံတ၀န်းဖြစ်ပေါ်နေသော သံဃာတော်များ ဆန္ဒပြမှုသည် ရှေ့လာမည် မကြာသေးသောကာလတွင် ယခု ထက်ပိုမိုသော ပြည်သူလူထု၏ ပူးပေါင်းပါဝင်လာမည့် စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်နေသည်ဟု ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ပြောသည်။

“အမှန်က ဘုန်းကြီးတွေတောင်းဆိုတဲ့အတိုင်း လိုက်လျောသင့်တာလိုက်လျော ညှိနှိုင်းသင့်တာညှိနှိုင်းပြီးတော့ ဖြေရှင်း လိုက်ရင် အေးအေးဆေးဆေးနဲ့ ပြီးနိုင်ပါတယ်၊ ဒီလိုမဟုတ်ဘဲ အစိုးရက မလိုက်လျောဘူးဆိုရင် တဖြည်းဖြည်း နိုင်ငံတ၀န်း ပိုပြီးကြီးကျယ်တဲ့ ဆန္ဒပြပွဲတွေ ပေါ်လာလိမ့်မယ်လို့ ဒီလိုပဲထင်တယ်”ဟု သခင်ချန်ထွန်းက ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသော သံဃာတော်များကို အာဏာပိုင်များက မျက်ရည်ယိုဗုံးသုံး၍ အကြမ်းဖက်ဖြိုခွဲခဲ့သည်ကိုလည်း သခင်ချန်ထွန်းက ဝေဖန်ပြစ်တင်လိုက်သည်။

“စွမ်းအားရှင်ဆိုတဲ့ လူဆိုးလူမိုက်တွေကို ပိုက်ဆံပေးငှားပြီးတော့ ရိုက်ခိုင်းတာတွေက အစဉ်အလာအားဖြင့် လူမျိုးတမျိုး အနေနဲ့ ဒါ အင်မတန် ယုတ်မာတဲ့ လုပ်ငန်းပဲ၊ ဒါမလုပ်သင့် မလုပ်အပ်တဲ့ အလုပ်၊ ဒီလိုအစိုးရမျိုးတွေ တောက်လျှောက်ပေါ် လာရင် ဘယ်ကောင်းတော့မလဲ”ဟု သခင်ချန်ထွန်းက ဆက်လက်ပြောဆိုသည်။

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း “အခုလိုဖြစ်လာတာဟာ အသေးအမွှားလို့ ပြောလို့ မရဘူး။ သံဃာတော်တွေရဲ့ တောင်းဆိုချက်ကို လိုက်လျောမယ့် အနေအထားတော့ မတွေ့ရသေးပါဘူး။ တကယ်လို့ နအဖက အကြမ်းဖက်နည်းနဲ့ ဖြိုခွဲမယ်ဆိုရင်တော့ လူထု အုံကြွမှုဖြစ်ပြီးတော့ နိုင်ငံရေးပေါက်ကွဲမှု ဖြစ်လာနိုင်တယ်လို့ မြင်တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားများနှင့် လက်ရှိအုပ်ချုပ် နေသည့် အာဏာပိုင်များက ညှိနှိုင်းဆွေးနွေး၍ ဆောင်ရွက်ရန်လည်း ၎င်းက တိုက်တွန်းပြောကြားသည်။

မြန်မာပြည်သူများအနေနှင့် ၎င်းတို့၏ လွတ်လပ်ခွင့်နှင့် ရပိုင်ခွင့်များအတွက် လက်ရှိဆန္ဒပြပွဲများတွင် ပူးပေါင်းပါဝင် တောင်းဆိုသင့်သည်ဟုလည်း ဦးအေးသာအောင်က ပြောသည်။

ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီအဖွဲ့ဝင်ဖြစ်သူ ဦးကျင့်ရှင်းထန်ကမူ “လက်ရှိ တိုင်းပြည်ရဲ့အခြေအနေက ဆူပွက်လုနီး ဖြစ်နေတာတောင် ဘာကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူခြင်း မရှိရတာလဲ”ဟု ပြောသည်။

စစ်အစိုးရအနေနှင့် လတ်တလော ငြိမ်းချမ်းစွာ ဆန္ဒပြသူများ၏ တောင်းဆိုမှုများကို လျစ်လျူရှု၍ မရကြောင်းလည်း ၎င်းက ပြောဆိုသည်။

ထို့အပြင် အာဏာပိုင်များက လောင်စာဆီဈေး အဆမတန်မြှင့်မှုကို ဆန္ဒပြသောကြောင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များအပါအ၀င် ဖမ်းဆီးထားသူများ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ဦးကျင့်ရှင်းထန်က တောင်းဆိုလိုက်သည်။

စက်တင်ဘာ ၅ ရက်နေ့က မကွေးတိုင်း ပခုက္ကူမြို့တွင် ဆန္ဒပြသံဃာများအား ရဲနှင့်စစ်တပ်က သေနတ်ဖောက်၍ ကြံ့ဖွံ့အဖွဲ့ ၀င်များနှင့် အာဏာပိုင်များက ငှားရမ်းထားသည့် လူမိုက်များက အကြမ်းဖက်ဖြိုခွဲမှုများ ဖြစ်ပွားခဲ့သည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.