#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

သံဃာနှင့် ကျောင်းသားပူးပေါင်းပြီ
ကိုသက် | စက်တင်ဘာ ၂၀၊ ၂၀၀၇

ရန်ကုန်သံဃာထု၏ ချီတက်ဆန္ဒပြပွဲကို ၈၈ မျိုးဆက်ကျောင်းသားများနှင့် လတ်တလောပညာသင်ကြားနေသည့် တက္ကသိုလ် ကျောင်းသားများက ပူးပေါင်းလိုက်ကြပြီး ထောင်ပေါင်းများစွာသော ပြည်သူများလည်း ချီတက်ဆန္ဒပြကြောင်း သိရသည်။

ဓာတ်ပုံ - ဧရာဝတီ

ရွာသာကြီးရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်တို့မှ ကျောင်းသား ၅၀၀ ခန့်ပူးပေါင်းသည်ဟုလည်း သိရပြီး ထိုကျောင်းသားများသည် လတ်တလောဖြေဆိုနေသည့် စာမေးပွဲများအား သပိတ်မှောက်ကာ သံဃာထု ဆန္ဒပြပွဲကို ပူးပေါင်းလိုက်ခြင်းဖြစ်သည်။

“မိုးရွာထဲမှာ ကျောင်းသားတွေက ဘုန်းကြီးတွေဘေးကနေ လက်ချင်းချိတ်ပြီး လမ်းလိုက်လျှောက်ကြတယ်” ဟု ဆန္ဒပြပွဲ တွင်ပါဝင်သည့် ရန်ကုန်မြို့ခံတဦးက ပြောသည်။

ယမန်နေ့ကထက် ဆန္ဒပြပွဲတွင်ပါဝင်လာသည့်ပြည်သူ ပိုများလာပြီး ပိုမိုရဲရင့်လာကြသည်ဟုလည်း ပြောသည်။

 “အခုလိုမြင်ကွင်းမျိုးကို မျှော်လင့်နေတာကြာသလို ဖြစ်သင့်တာလဲကြာပြီ။ အခုလိုမြင်လိုက်ရတော ၁၉၈၈ က ရှစ်လေးလုံး အရေးတော်ပုံကို ပြန်မြင်ယောင်လာတယ်။ အဲဒီလိုဖြစ်လာလိမ့်မယ်လို့လည်း မျှော်လင့်တယ်” ဟု ၎င်းကဆက်ပြောသည်။

ယနေ့ပြုလုပ်သည့် သံဃာထုဆန္ဒပြပွဲကို မြေနီကုန်းမှ သံဃာအပါး ၃၀၀ ကျော်ဖြင့် နေ့လယ် ၁၂ နာရီခန့်တွင် စတင်ခဲ့ပြီး ညနေ ၄ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ ပြီးဆုံးချိန်တွင် သံဃာအင်အား ၂၀၀၀ ကျော်သွားကြောင်း သိရသည်။

နေ့လယ် ၁၁ နာရီခွဲတွင် တောင်ဥက္ကလာပမြို့နယ် ငွေကြာယံကျောင်းတိုက်တွင် သံဃာအပါး ၁၂၀၀ ကျော် စုဝေးကာ ရွှေတိဂုံဘုရားသို့ ချီတက်ဆန္ဒပြသည်ဟု ဆန္ဒပြရာတွင်ပါဝင်သည့် ငွေကြာယံကျောင်းတိုက်မှ ဦးပဉ္ဇင်းတပါးက ဧရာဝတီကို ပြောသည်။

“လမ်းတလျှောက်မေတ္တာပို့သွားတယ်။ ရွှေတိဂုံပေါ်မှာ အောင်မြေနေရာကို အနေကဇာတင်ခဲ့တယ်။ ညနေ ၄ နာရီထိုးမှာ ပြီးတယ်။ မိုးကတော့ တဖွဲဖွဲရွာနေတာပေါ့” ဟုလည်း အဆိုပါ ဦးပဉ္ဇင်းက ပြောသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့တွင်လည်း သံဃာအပါး ၅၀၀ ကျော်က နေ့လယ် ၂ နာရီခွဲတွင် ချီတက်ဆန္ဒပြကြကြောင်း စုံစမ်းသိရှိရသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.