အာဏာပိုင်တို့အကြမ်းမဖက်ရန် ရန်ကုန်သံဃာထုသတိပေး
ကိုသက် | စက်တင်ဘာ ၁၉၊ ၂၀၀၇
သံဃာထု၏ချီတက်ဆန္ဒပြပွဲကို အာဏာပိုင်တို့က အကြမ်းဖက်ဖြိုခွဲလျှင် အခြေအနေပိုဆိုးလိမ့်မည်ဟု ဆန္ဒပြသံဃာ ခေါင်းဆောင်များက ဆူးလေဘုရားတွင် ဟောပြောခဲ့သည်ဟု ဆန္ဒပြပွဲကို အစအဆုံးလိုက်လံ ကြည့်ရှုသည့် သံဃာတပါးက ဧရာဝတီကို ပြောသည်။
 |
| ဆန္ဒပြသံဃာများကို ထောက်ခံအားပေး လိုက်ပါလာကြသည့် ရန်ကုန်လူထု |
၎င်းအပြင် မိမိဆန္ဒဖြင့်ဆန္ဒပြကြသည့် သံဃာများအား ကျောင်းထိုင်နှင့် နာယကဆရာတော်များက မတားမြစ်ရန်၊ သာသနာ အကျိုးကိုကြည့်ရန်လည်း ဟောပြောသည်ဟု အဆိုပါသံဃာက ပြောသည်။
“ဆူးလေရင်ပြင်မှာ ကိုယ်တော်တွေက တနိုင်ငံလုံးကပြည်သူတွေကိုမေတ္တာပို့တယ်။ ပြီးတော့ဘုရားရှိခိုးပြီး ၃၊ ၄ ပါး လောက်က နိုင်ငံရေးတရားဟောတယ်။ သံဃာက တထောင်လောက်ရှိတယ်၊ ပြည်သူက တသောင်းလောက် ရှိနိုင်တယ်။ ဆူးလေရင်ပြင်အပြင် ဘုရားခြေရင်းမှာပါ လူတွေနဲ့ပြည့်နေတယ်” ဟု ပြောသည်။
၎င်းဆန္ဒပြပွဲကို နေ့လယ်တနာရီခန့်တွင် ရွှေတိဂုံတောင်ဘက်မုခ်မှစတင်ခဲ့ရာ ရွှေဂုံတိုင်လမ်းဆုံ၊ တာမွေပလာဇာ၊ ကျောက်မြောင်းဈေး၊ သိမ်ဖြူလမ်းတို့ကို အဆင့်ဆင့်ကျော်ဖြတ်ပြီး ညနေ ၄ နာရီကျော်၌ ဆူးလေဘုရားတွင် အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။
ချီတက်ဆန္ဒပြသည့် သံဃာတော်များအား ပြည်သူလူထုက လက်ခုပ်တီးအားပေးကြပြီး ရေသန့်၊ အအေးနှင့် ကွမ်းများ ကပ်လှူကြကြောင်းလည်း သိရသည်။
နံနက် အာရုံဆွမ်းစားပြီးချိန်မှစ၍ သံဃာအပါး ၅၀ ခန့်သည် သာသနာ့အလံကိုထူကာ ရန်ကင်းနှင့် သင်္ကန်းကျွန်းမြို့နယ်တို့ရှိ လမ်းများတွင် ပရိတ်ရွတ် ချီတက်ဆန္ဒပြသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။
“သင်္ကန်းကို တရားဟောသွား၊ ဆွမ်းခံသွားရင်ရုံသလို ၀ိနည်းအတိုင်းရုံထားတယ်။ မိုးရွာထဲမှာ စက္ခုနြေ္ဒချပြီး (မျက်လွှာချပြီး) စင်္ကြံလျှောက်တာ။ ဘုန်းကြီးတွေရဲ့မျက်နှာတွေပြာနေတာ ချမ်းနေမှာပဲ” ဟု အဆိုပါ မျက်မြင်သက်သေက ပြောသည်။
ဆန္ဒပြသံဃာများသည် မိုးကောင်းဘုရားပတ်ဝန်းကျင်ရှိ ကျောင်းတိုက်များမှဖြစ်ကြပြီး ဆွမ်းစားချိန် ရောက်ခါနီးတွင် မိုးကောင်းဘုရားကို ၃ ကြိမ်ပတ်၍ ဆန္ဒပြပွဲအား ရုပ်သိမ်းလိုက်ကြောင်း စုံစမ်းသိရှိရသည်။
နေ့လယ် ၁ နာရီခန့်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ သံဃာအပါး ၈၀၀ ခန့်က အာဏာပိုင်တို့ဖမ်းဆီးထားသူ ၃ ဦးကို ပြန်လွှတ်ပေးရန် ပြည်နယ်ရဲတပ်ဖွဲ့ရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့သည်ဟု ဒေသခံတဦးက ဧရာဝတီကို ပြောဆိုသည်။
အဆိုပါဖမ်းဆီးခံထားရသူ ၃ ဦးသည် သြဂုတ်လ ၂၈ ရက်နေ့က စစ်တွေမြို့တွင် လောင်စာဆီနှင့်ကုန်ဈေးနှုန်း ကျဆင်းရေး အတွက် ဆန္ဒပြသော သံဃာအပါး ၂၀၀ ကျော်ကို ရေသန့်ဘူးများကပ်လှူသောကြောင့် အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ယမန်နေ့ကလည်း စစ်တွေတွင် ရာနှင့်ချီသည့်သံဃာတော်များနှင့် ပြည်သူများက ချီတက်ဆန္ဒပြကြသည်ကို အာဏာပိုင် များက မျက်ရည်ယိုဗုံးသုံး၍ ဖြိုခွဲခဲ့သည်။
မန္တလေးမြို့ရှိ မစိုးရိမ်ကျောင်းတိုက်မှ သံဃာတော်များလည်း ယနေ့နံနက် ၆ နာရီမှ ၈ နာရီအထိ မေတ္တာသုတ်ရွတ်ကာ ချီတက်ဆန္ဒပြကြောင်း စုံစမ်းသိရှိရသည်။ [Top] |