#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲများ နိုင်ငံတ၀န်း၌ စတင်
ကိုသက် | စက်တင်ဘာ ၁၈၊ ၂၀၀၇

သံဃာတော်များက ၎င်းတို့အား ၀န်ချတောင်းပန်ရန် စစ်အစိုးရကို ရာဇသံပေးထားသည့် အချိန်သက်တမ်း ကုန်ဆုံးသွာ သောကြောင့် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲများကို စတင်လိုက်ပြီး ဆန္ဒပြလမ်းလျှောက်ပွဲများကိုလည်း နိုင်ငံတ၀န်းတွင် ယနေ့ပြုလုပ်ကြသည်။

ဓာတ်ပုံ - မြတ်မိုးမောင်

သံဃာတော်များက လမ်းလျှောက်ဆန္ဒပြပွဲများနှင့် ကံဆောင်ပွဲများကို ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပခုက္ကူ၊ အောင်လံ၊  ကျောက်ပန်းတောင်း၊ စစ်တွေ၊ မိုးကုတ်နှင့် ကြို့ပင်ကောက်မြို့များတွင် ယနေ့ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံတ၀န်းလုံးရှိ ဆန္ဒပြသံဃာတော်များသည် မေတ္တာသုတ်ရွတ်ဆိုကာ ၂ ပါး၊ ၃ ပါးတတွဲ တွဲကာ စနစ်တကျ စီတန်းလှည့်လည်ခြင်း ဖြစ်သည်။

ယနေ့နေ့လယ် ၁၂ နာရီက ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်ရှိ ကျောက်စာတော် ဘုရားသိမ်တော်တွင် သံဃာအပါး ၉၀ ကျော်က ပတ္တနိက္ကုဇ္ဇနကံဆောင်ခဲ့ကြ ကြောင်း သင်္ကန်းကျွန်းရှိ ကျောင်းထိုင်ဆရာတော်တပါးက ဧရာဝတီကို ပြောသည်။

“သံဃသာမဂ္ဂီအဖွဲ့တို့ ရဟန်းပျိုသမဂ္ဂတို့က တောင်းပန်ဖို့ထုတ်ပြန်ထားတာကို သူတို့က (အာဏာပိုင်) တောင်းပန်မှုပြုမလာဘူး။ နိုင်ငံတော်သံဃနာယက ဆရာတော်တွေကလည်း ရေငုံနှုတ်ပိတ်နေနေကြတယ်။ တိုင်းပြည် ခေါင်းဆောင်ကြီးတွေကလည်း ခေါင်းမာနေကြတော့ ဒီဖြစ်ရပ်မျိုးဖြစ်ရတာပေါ့” ဟု အဆိုပါ ကျောင်းထိုင် ဆရာတော်က ပြောသည်။

နေ့လယ် ၂ နာရီခန့်တွင် သံဃာအပါး ၃၀၀ ကျော်က ရွှေတိဂုံခြေတော်ရင်း ဗဟန်းတောရမှစ၍ မေတ္တာသုတ်ရွတ်ကာ ဆူးလေဘုရား၊ ဗိုလ်တထောင်ဘုရားများသို့ လှည့်လည်ဆန္ဒပြကြရာ တဖြည်းဖြည်း သံဃာအပါး ၇၀၀ ကျော်လာပြီး ထောင်နှင့်ချီသည့် ပြည်သူလူထုကလည်း ဆန္ဒပြသံဃာထုအား လက်ခုပ် လက်ဝါးတီးကာ အားပေးခဲ့ကြသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။

မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်သစ်တွင် သံယာတော်အများ၏ ဆန္ဒကိုကောက်ခံပြီး ကျောင်းဝန်းအတွင်းရှိ သိမ်ထဲ၌ သံဃာ အပါး ၂၀ ခန့် ယနေ့ကံဆောင်သည်ဟု မစိုးရိမ်တိုက်သစ်က ဆရာတော် ဦးက၀ိန္ဒကပြောသည်။

“တခြားကျောင်းတော့မသိဘူး ... တို့ကျောင်းတော့ ကျောင်းထဲက သိမ်မှာပဲ ကံဆောင်ခဲ့ကြတယ်၊ သံဃာတော်တွေရဲ့ ဆန္ဒကို ခံယူတယ်” ဟု ဆရာတော် ဦးက၀ိန္ဒက ပြောသည်။

ပဲခူးမြို့တွင်လည်း နေ့လယ် ၁၂ နာရီတွင် သံဃာအပါး ၁၅၀၀ ခန့် မေတ္တာပို့ရွတ်ဆိုကာ မြို့ပတ်ဆန္ဒပြကြောင်း သိရသည်။ ၎င်းဆန္ဒပြပွဲကို ထောင်ပေါင်းများစွာသော ပြည်သူလူထုကြီးက ထောက်ခံအားပေးခဲ့ကြသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နေ့လယ် ၁၂ နာရီခွဲက သံဃာအပါး ၂၀၀ ကျော် ဦးဆောင်ဆန္ဒပြရာ ရာပေါင်း များစွာသော ပြည်သူများလိုက်ပါခဲ့သည်ဟု မျက်မြင်သက်သေတဦးက ဧရာဝတီကိုပြောသည်။ အဆိုပါ ဆန္ဒပြပွဲကို အာဏာပိုင်တို့က မျက်ရည်ယိုဗုံးများသုံးကာ ဖြိုခွဲသည်ဟုလည်း ၎င်းက ပြောသည်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ နံနက် ၈ နာရီတွင် သံဃာအပါး ၁၀၀၊ နေ့လယ် ၂ နာရီခွဲတွင် သံဃာအပါး ၁၀၀ တို့ ၂ ကြိမ် ဆန္ဒပြလမ်းလျှောက်ကြသည်။

ကျောက်ပန်းတောင်းမြို့ ခေမာသီဝံစာသင်တိုက်ရှိ စာချဆရာတော်တပါးက “ဦးပဉ္ဇင်းတို့ ကံဆောင်လိုက်ပြီဖြစ်တဲ့အတွက် ကျောက်ပန်းတောင်းမြို့မှာရှိတဲ့ အာဏာပိုင်အဖွဲ့အစည်းရဲ့ သာရေး၊ နာရေး၊ ဆွမ်း၊ ကွမ်း အားလုံးကိုဖြတ်လိုက်တာပါ။ ဘယ် သာရေး နာရေးမှ မလိုက်တော့ပါဘူး ဒကာရေ” ဟုပြောသည်။

ယခုလ ၅ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်း ပခုက္ကူမြို့ရှိ သံဃာတော်များ၏ မေတ္တာပို့လမ်းလျှောက်ပွဲကို စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲသောကြောင့် ၎င်းလုပ်ရပ်အား ယခုလ ၁၇ ရက်နေ့ နောက်ဆုံးထား၍ ၀န်ချတောင်းပန်ရန်နှင့် မတောင်းပန် ပါက ပတ္တနိက္ကုဇ္ဇန ကံဆောင်မည်ဟု သံဃသမဂ္ဂီအဖွဲ့နှင့် ရဟန်းပျို သမဂ္ဂတို့က ပူးတွဲကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုထားခြင်း ဖြစ်သည်။

ပခုက္ကူ၊ အောင်လံ၊ ကြို့ပင်ကောက်နှင့် မိုးကုတ်မြို့များတွင်လည်း သံဃာထု ချီတက်ဆန္ဒပြပွဲများနှင့် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲများ ပြုလုပ်ခဲ့ရာ ပြည်သူအများက အားပေးထောက်ခံခဲ့ကြသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.