#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

နော်အုန်းလှ ဖမ်းဆီးခံရ
အေးလဲ့ | စက်တင်ဘာ ၁၈၊ ၂၀၀၇

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် အင်္ဂါနေ့တိုင်း ၀တ်ပြု ဆုတောင်းမှု ပြုလုပ်နေသော ဒေါ်နော်အုန်းလှကို ယနေ့ နေ့လယ်တွင် အာဏာပိုင်များက ဖမ်းဆီးသွားကြောင်း သိရသည်။

နော်အုန်းလှ

နေ့လယ် ၁၂နာရီ ၀န်းကျင်တွင် ရွေတိဂုံဘုရားသို့ အသွား လမ်းခုလတ်၌ ဒေါ်နော်အုန်းလှ ဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်သည်ဟု သူမနှင့် နီးစပ်သူ တဦးက ပြောသည်။

“သူဘုရား မသွားခင်က အိမ်နားမှာ ကြံ့ခိုင်ရေး အယောက် ၂၀၀ ကျော်လောက်  ၀ိုင်း စောင့်နေတယ်၊ သူလည်း ရွေတိဂုံဘုရားကိုအသွား အလက(၂) စမ်းချောင်း အရှေ့ မှာ အဖမ်းခံလိုက်ရပြီလို့ သိရတယ်”ဟု အထက်ပါ သူမနှင့် နီးစပ်သူက ဧရာဝတီကို ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း ဒေါ်နော်အုန်းလှသည် လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး အတွက် ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြသောကြောင့် အာဏာပိုင်များ ၏ ခေတ္တထိန်းသိမ်းမှုကို ခံခဲ့ရသေး သည်။

ဒေါ်နော်အုန်းလှသည် အန်အယ်လ်ဒီ အဖွဲ့ ၀င်အဖြစ်မှ ထုတ်ပယ်ခံထားရသူဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီ ပါတီ ဒု ဥက္ကဌ ဦးတင်ဦး အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရွှေတိဂုံ စေတီတော် အင်္ဂါထောင့်တွင် အပတ်စဉ် ၀တ်ပြု ဆုတောင်းမှုပြုလုပ်နေသူ ဖြစ်သည်။

အင်္ဂါနေ့ အပတ်စဉ် ၀တ်ပြုဆုတောင်းပွဲများကို ဒီပဲယင်း လူသတ်ပွဲနောက်ပိုင်း ရန်ကုန်တိုင်း အန်အယ်လ်ဒီ အမျိုးသမီး အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ၂၀၀၄ ခုနှစ် ဇူလိုင်လ ၁၃ ရက် နေ့က စတင်ခဲ့ကာ ဆုတောင်းပွဲ ၁၃၃ ကြိမ်ကျော် ဆက်တိုက်ပြုလုပ်ခဲ့ပြီးဖြစ်သည်။

အင်္ဂါနေ့ ၀တ်ပြုဆုတောင်းသူများသည် ဆုံးဖြတ်ထားသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများ မလွတ်မချင်း ရွှေတိဂုံစေတီတော် အင်္ဂါထောင့်တွင် အပတ်စဉ် ၀တ်ပြု ဆုတောင်းသွားမည် ဟု ဆိုသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.