စစ်အစိုးရ ၀န်ထမ်းများကို ဖိအားပေး
ကြည်ဝေ | စက်တင်ဘာ ၁၈၊ ၂၀၀၇
စစ်အစိုးရက ဌာနဆိုင်ရာဝန်ထမ်းများကို လမ်းလျှောက်ဆန္ဒပြပွဲများတွင် မပါဝင်ရန် တင်းကျပ်စွာ တားမြစ် ပိတ်ပင်မှုများ ပြုလုပ်လျှက်ရှိကြောင်း ၀န်ထမ်းများက ပြောသည်။
သြဂုတ်လ တတိယပတ်က စတင်၍ ၀န်ထမ်းများကို ရုံးတွင်းစည်းကမ်းအနေနှင့် ရုံးချိန်တွင်းအပြင်ထွက်ခွင့်၊ ရုံးတွင်း ဧည့်သည် ခေါ်ဆောင်ခွင့်တို့ကို တားမြစ်ပိတ်ပင်ထားသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အရာရှိတဦးက ပြောပြသည်။
“ပြီးခဲ့တဲ့ ၁၂ ရက်နေ့ကလည်း အစည်းအဝေး လုပ်တယ်။ ဌာနမှာ ရှိတဲ့ ၀န်ထမ်းတွေအားလုံး မတက်မဖြစ် တက်ကြရတယ်၊ အဓိက ကတော့ လမ်းလျှောက်ပွဲတွေမှာ မပါဝင်ကြဖို့နဲ့ အားမပေးကြဖို့ စာနဲ့ရော နှုတ်နဲ့ပါ တားတယ်”ဟု အဆိုပါ အရာရှိက ပြောသည်။
ရန်ကုန်မြို့ စည်ပင်သာယာရေး ၀န်ထမ်းတဦးကလည်း ၎င်းတို့အား အရာရှိများက နေ့စဉ်နှင့်အမျှပင် လမ်းလျှောက်ပွဲ များတွင် ပါဝင်ခြင်းမပြုရန်၊ လမ်းမှာတွေ့လျှင်ပင် ရပ်ကြည့်ခြင်းမပြုရန် ပြောကြားလျက်ရှိကြောင်း၊ မပါဝင်ပါဟူသော
ခံဝန်လက်မှတ်ထိုးပြီးသည့် နောက်တွင်ပင် နေ့စဉ်သတိပေး ပြောကြားခံနေရသည့်အတွက် စိတ်ပျက်မိကြောင်း ပြောပြသည်။
“ရုံးမှာက နေ့စဉ်လိုလို အစည်းအဝေးတွေရှိနေတာ၊ အရာရှိတွေဆိုရင် ခုရက်ပိုင်းတွေမှာ ခွင့်မယူရဘူး၊ ရုံးမှာ အချိန်ပြည့် နေခိုင်းတယ်”ဟု ရန်ကုန်မြို့ ဆက်သွယ်ရေးဝန်ကြီးဌာနမှ ၀န်ထမ်းတဦးက ပြောသည်။
အဆိုပါ သြဂုတ်လနောက်ဆုံးပတ်ကပင် အစိုးရ၀န်ထမ်းအားလုံးကို ကိုယ်ရေးရာဇ၀င်များ ထပ်မံဖြည့်စွက်ခိုင်းပြီး နိုင်ငံရေးကင်းရှင်းကြောင်း အချက်အလက် အသစ်များကိုလည်း ထပ်မံဖြည့်စွက်ခိုင်းခဲ့သည်ဟု ရန်ကုန်မြို့မှ စက်မှု (၁)
ဝန်ထမ်းတဦးက ဆိုသည်။
နယ်မြို့များတွင် တာဝန်ကျနေသော ၀န်ထမ်းများ အိမ်ပြန်ခွင့်ကိုလည်း ပိတ်ပင်တားမြစ်မှုရှိကြောင်း သိရသည်။
“စနေ၊ တနင်္ဂနွေလို ပိတ်ရက်တွေမှာလည်း အိမ်မပြန်ခိုင်းဘူး၊ ပိတ်ရက်တောင် တာဝန်ဆိုပြီး တာဝန်ကျတဲ့ မြို့ပေါ်မှာပဲ နေပေးနေရတယ်”ဟု ပုသိမ်မြို့တွင် တာဝန်ကျနေသော လက်ထောက်ကထိက တဦးက ပြောသည်။
တချို့သောနယ်မြို့များတွင် ယခုအခါ ဖုန်းများဖြတ်တောက်ထားသောကြောင့် ဆက်သွယ်ရေး ခက်ခဲနေကြောင်းလည်း အထက်ပါ ၀န်ထမ်းကပြောပြသည်။
လမ်းလျှောက်ဆန္ဒပြပွဲများတွင် အစိုးရ၀န်ထမ်းများအနေနှင့် ပါဝင်ခြင်းမပြုရန် တားမြစ်ချက်များကို မန္တလေးတိုင်း အပါအ၀င် အခြားပြည်နယ်နှင့် တိုင်းများတွင်လည်း အစိုးရက စာထုတ်၍ တားမြစ်လျက်ရှိသည်ဟု သိရသည်။ [Top] |