#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

၈၈ အရေးတော်ပုံထက်ပိုစနစ်ကျဟု ကိုထွန်းမြင့်အောင်ပြော
ကိုသက် | စက်တင်ဘာ ၁၇၊ ၂၀၀၇

နိုင်ငံတ၀န်းဖြစ်ပွားနေသည့် ဆန္ဒပြလှုပ်ရှားမှုများသည့် ၁၉၈၈ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော် ပုံမှ သင်ခန်းစာများကြောင့် ပိုမိုစနစ်ကျမှုရှိသော လှုပ်ရှားမှုတခုဖြစ်သည်ဟု လတ်တလော ရှောင်တိမ်းနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်က ယနေ့ပြောဆိုလိုက်သည်။

ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင် ဓာတ်ပုံ - ဗကသ နိုင်ငံခြားရေးရာ ကော်မတီ

ကိုထွန်းမြင့်အောင်က “၁၉၈၈ ခုနှစ်နဲ့ပြန်နှိုင်းယှဉ်လို့ရတာက အခုပွဲမှာလူထု မကျေနပ်မှုပိုများတယ်။ အထွေထွေ အကြပ်အတည်းတွေကနည်းတာမဟုတ်ဘူး။ အထူးသဖြင့် စားဝတ်နေရေးပေါ့။ နောက်တချက်က နိုင်ငံရေးအရ ဆိုရင်လည်း ၁၉၈၈ မှာဖြစ်တာက လူတွေဟာတပါတီစနစ်ကိုမကြိုက်ဘူးဆိုတာကို နိုင်ငံရေး အရသိတာ မဟုတ်ဘူး။ တပါတီကဖိနှိပ်ထားပြီး လူတွေကစားဝတ်နေရေး ကြပ်တည်းနေတာလောက်သိတာ” ဟု ဧရာဝတီကို ပြောသည်။

ပြည်သူလူထုသည် ၁၉၈၀ ကျော်နှစ်များထက် အထွေထွေအကြပ်အတည်းများ ဖြင့်ရင်ဆိုင်နေရသည်ဟုလည်း ပြောသည်။

၎င်းအပြင် တပါတီအာဏာရှင်ခေတ်က မဆလပါတီခေါင်းဆောင်များက နိုင်ငံပိုင်စီးပွားရေးများကို ချုပ်ကိုင် ထားကြရာတွင် ယခုခေတ်စစ်ဗိုလ်ချုပ်များနှင့် နှိုင်းယှဉ်ပါက ထင်သာမြင်သာမရှိကြောင်း ပြောဆိုသည်။

သြဂုတ်လ ၂၁ ရက်နေ့မှစ၍ ကိုထွန်းမြင့်အောင်၏နေအိမ်ကို အာဏာပိုင်တို့က လေးကြိမ်ဝင်ရောက်ရှာဖွေခဲ့ပြီး အမနှစ်ဦး၏ နေအိမ်များကိုလည်း ဧည့်စာရင်း စစ်ကာ ၎င်းအားဝှက်ထားပါကထုတ်ပေးရန်ပြောဆိုခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့်လလယ်က လောင်စာဆီဈေးများကို စစ်အစိုးရက မူလသတ်မှတ်နှုန်းထက် အဆပေါင်းများစွာ တိုးမြှင့်လိုက် သောကြောင့် သြဂုတ်လ ၁၉ ရက်နေ့တွင် ၈၈ မျိုးဆက်ကျောင်းသားများနှင့် အန်အယ်လ်ဒီ ပါတီဝင်များကဦးဆောင်၍ လမ်းလျှောက်ဆန္ဒပြပွဲများကို နိုင်ငံတ၀န်းပြုလုပ်ခဲ့ကြသည်။

ယခုလ ၅ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်း ပခုက္ကူမြို့ရှိ သံဃာတော်များ၏ မေတ္တာပို့လမ်းလျှောက်ပွဲကို စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲသောကြောင့် ၎င်းလုပ်ရပ်အား ယခုလ ၁၇ ရက်နေ့ နောက်ဆုံးထား၍ ၀န်ချတောင်းပန်ရန် သံဃာတော် များက ကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုထားသည်။ ၎င်းတို့၏ တောင်းဆိုမှုကို မလိုက်လျှောပါက ပတ္တနိက္ကုဇ္ဇန ကံဆောင်မည်ဟုလည်း သံဃာတော်များက ကြေညာထားသည်။

လှုပ်ရှားမှုများတွင် ပြည်သူလူထု တခဲနက်မပါဝင်သေးသည့်အပေါ် “ပြည်သူလူထုကို ရဲရင့်ပြတ်သားတဲ့ ဦးဆောင်မှုမပေးနိုင် သေးတာဖြစ်တယ်။ အဲဒါသိပ်အရေးကြီးတယ်။ တိုက်ပွဲဖော်မယ့် ခေါင်းဆောင်တွေလိုတယ်။ လူထုလက်တွေ့ဘ၀ကို တကယ် ထင်ဟပ်တဲ့ ကြွေးကြော်သံတွေရှိလာမယ်၊ လူထုကိုပြတ်ပြတ်သားသား ဦးဆောင်မှုပေးနိုင်မယ့် အဖွဲ့အစည်းမျိုးတွေ ပုဂ္ဂိုလ်မျိုးတွေ ပေါ်လာမယ်ဆိုရင် လူထုပါလာနိုင်လိမ့်မယ်” ဟု ကိုထွန်းမြင့်အောင်က ပြောသည်။

“လူထုက မိမိဆန္ဒကို ရဲရဲရင့်ရင့်ထုတ်ဖော်ပြတာကို မိုက်မိုက်ကမ်းကမ်းဖြေရှင်းဦးမယ်ဆိုရင်တော့ ကျနော်တို့မဖြစ်ချင်တဲ့ သွေးထွက်သံယိုမှုတွေက အများကြီးဖြစ်လာနိုင်တယ်။ ဒါတွေက ကျနော်တို့ ရွေးချယ်လို့မှမရတာ။ ဒီလိုပစ်ခတ်လိုက်လို့လဲ သမိုင်းကပြီးသွားမှာမဟုတ်ဘူး။ ၁၉ နှစ် သက်သေပြခဲ့ပြီပဲ” ဟုလည်း ၎င်းကပြောသည်။

လူထုအရေးတ်ာပုံကြီး အမှန်တကယ်ဖြစ်လာပါက ၈၈ မျိုးဆက်ကျောင်းသားများက အသပ်ရပ်ဆုံးနှင့် အလှပဆုံး ဖြစ်အောင် ကျိုးစားသွားမည်ဟုလည်း ကိုထွန်းမြင့်အောင်က ပြောဆိုသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.