#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

လူ့အခွင့်အရေးလှုပ်ရှားသူများ ဖမ်းဆီးခံရ
ကိုစိုး | စက်တင်ဘာ ၁၇၊ ၂၀၀၇

ပြည်မြို့က လူ့အခွင့်အရေးလှုပ်ရှားသူ ကိုသက်ဦးနှင့် ကိုဇော်ထွန်းတို့ ၂ ဦးအပါအ၀င် သံဃာတော်တပါးတို့ကို စနေနေ့က အကြောင်းပြချက် တစုံတရာမပေးဘဲ အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ ကိုသက်ဦးနှင့် ကိုဇော်ထွန်းတို့ကို ရဲ ၆ ဦးခန့်က ညနေ ၃ နာရီခန့်တွင် မည်သည့် အကြောင်းပြချက်မျှ မပေးဘဲ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ (HRDP) အဖွဲ့မှ ကိုမောင်မောင်လေးက ပြောသည်။

“ဘာမှ အကြောင်းပြချက်မပေးဘူး၊ သေချာတာကတော့ အခုအဖမ်းခံရတဲ့လူတွေက အခြေခံမှာ လူ့အခွင့်အရေး ကိစ္စလုပ်နေတဲ့လူတွေပဲ၊ HRDP ကွန်ယက်တွေပဲ”ဟု ကိုမောင်မောင်လေးက ပြောပြသည်။

ယခုအဖမ်းဆီးခံရသော ကိုသက်ဦးနှင့် ကိုဇော်ထွန်းတို့သည် လူ့အခွင့်အရေးနှင့်ပတ်သက်သည့် အသိတရားများကို ဖြန့်ဝေနေသူများဖြစ်ပြီး နိုင်ငံရေးကိစ္စလှုပ်ရှားသူများ မဟုတ်ဟုလည်း ၎င်းက ပြောသည်။

ယင်းနေ့ ညနေပိုင်းတွင်ပင် ပြည်မြို့ရှိ ဦးပဉ္ဖင်းတပါးကိုလည်း အာဏာပိုင်များက အကြောင်းပြချက်မပေးဘဲ  ဖမ်းဆီးခဲ့သည်ဟု သိရသည်။

“အဲဒီနေ့ က ကိုဇော်ထွန်းကို သူလုပ်နေတဲ့ ရာဘာ အလုပ်ရုံမှာလာဖမ်းသွားတာ၊ ညနေ ၆ နာရီလောက်မှာတော့ သာသနာ့ ဟိတကျောင်းတိုက် (၁) က ဦးပဉ္ဖင်းတပါးကိုလည်း ဖမ်းသွားတယ်၊ လူ့အခွင့်အရေးကိစ္စလို့တော့ကြားရ တယ်” ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူ ပြည်မြို့ခံ တဦးကပြောသည်။

ဖမ်းဆီးခံရသည့် သံဃာတော်တပါးနှင့် ကိုသက်ဦး၊ ကိုဇော်ထွန်းတို့ကို အာဏာပိုင်များက မည်သည့် နေရာတွင် ခေါ်ဆောင်ထိန်းသိမ်းထားကြောင်းကို သက်ဆိုင်သူများသို့ အကြောင်းကြား အသိပေးခြင်း မရှိဟုလည်း အထက်ပါ ပြည်မြို့ခံ က ပြောဆိုသည်။

လွန်ခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့ကလည်း HRDP အဖွဲ့ ဦးဆောင်သူ ဦးမြင့်အေးကို အာဏာပိုင်များက အကြောင်း ပြချက် တစုံတရာ မပေးဘဲဖမ်းဆီးခဲ့သည်။

“ဦးမြင့်အေးကို ရဲတပ်ရင်း (၇) မှာ ထားတယ်လို့ကြားတယ်၊ အဲဒါကို ၁၅ ရက်နေ့က ရွှေ့လိုက်တယ်လို့ လည်း ကြားရတယ်၊ ဘယ်ကို ရွှေ့သလဲတော့ မသိဘူး”ဟု ကိုမောင်မောင်လေး က ပြောသည်။

ဇူလိုင်လ၂၄ ရက်ကလည်း ဧပြီလအတွင်းက ဟင်္သာတမြို့နယ် အုတ်ပုံကျေးရွာတွင် ကြံ့ဖွံ့အဖွဲ့များ၏ အတိုက် ခိုက်ခံရသော HRDP အဖွဲ့ဝင်များဖြစ်သည့် ကိုမြင့်နိုင်အပါအ၀င် ပုဒ်မ (၅၀၅/ခ) (၅၀၅/ဂ) တို့ဖြင့်ဒေသ အာဏာပိုင်များက ပြန်လည် တရားစွဲဆိုခြင်းခံရသည့် ၆ ဦးကို ဟင်္သာတမြို့နယ် တရားရုံးက ထောင်ဒဏ် ၄ နှစ်မှ ၈ နှစ် အထိ ချမှတ်ခဲ့သည်။

ပုဒ်မ (၅၀၅/ခ)သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားစေရန် လှုံ့ဆော်သည့်ပုဒ်မဖြစ်ပြီး (၅၀၅/ဂ)သည် လူမျိုးစု အချင်းချင်း(သို့မဟုတ်)လူအုပ်စုအချင်းချင်း ပြဿနာဖြစ်စေရန်လှုံ့ဆော်သည့်ပုဒ်မဖြစ်သည်။

ရန်ကုန်အခြေစိုက် ယင်း HRDP အဖွဲ့အား ၂၀၀၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး လူ့အခွင့်အရေးမြှင့်တင်ရေးလုပ်ငန်းများကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.