#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

သံဃာများ ကံဆောင်ရန်အသင့်၊ အာဏာပိုင်ကလည်း ဖြိုခွဲရန်ပြင်
ကိုသက် | စက်တင်ဘာ ၁၆၊ ၂၀၀၇

နိုင်ငံဝန်းရှိ ရဟန်းသံဃာတော်များက တနင်္လာနေ့တွင် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲများကိုစတင်ရန် အသင့်ဖြစ်နေကြပြီး စစ်အစိုးရကလည်း ကံဆောင်ပွဲများကိုဖြိုခွဲရန် ကြံ့ဖွံ့၊ စွမ်းအားရှင်၊ ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များဖြင့် အသင့် ပြင်ထားကြ ကြောင်း သိရသည်။

(ဓာတ်ပုံ - AFP)

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃသာမဂ္ဂီအဖွဲ့နှင့် ရဟန်းပျို သမဂ္ဂ၏ ယမန်နေ့ကပူးတွဲထုတ်ပြန်သည့် ကြေညာချက်တွင် နအဖ အဖွဲ့၊ ကြံ့ဖွံ့၊ စွမ်းအားရှင်များအပါအ၀င် အစိုးရ၀န်ထမ်း အားလုံးကို မနက်ဖြန်မှစ၍ ပတ္တနိက္ကုဇ္ဇနကံဆောင်မည်ဟု ဖော်ပြထားသည်။

အဆိုပါကြေညာချက်တွင် “၁၇-၉-၂၀၀၇ တနင်္လာနေ့မှ စတင်ကာ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ပါမည် ဘုရား။ တော်သလင်းလဆန်း ၇ ရက်၊ ၁၈-၉-၂၀၀၇ အင်္ဂါနေ့ နေ့လယ် ၁ နာရီအချိန်မှစတင်ကာ မန္တလေးမှ သံဃာတော် များသည် မိမိကျောင်းတိုက်မှထွက်ကာ မဟာမြတ်မုနိ ဘုရားကြီးဆီသို့ လမ်းလျှောက်ချီတက် မေတ္တာပို့သရန်။ ရန်ကုန်မှ သံဃာများသည် ရွှေတိဂုံဘုရားဆီသို့ လမ်းလျှောက်ချီတက် မေတ္တာပို့ရန် …” ဟု ဖော်ပြထားသည်။

၎င်းအပြင် အခြားဒေသအသီသီးမှ သံဃာများကိုလည်း မိမိဒေသရှိ ထင်ရှားသော စေတီပုထိုးများသို့ လမ်းလျှောက်ချီတက် မေတ္တာပို့ရန် ဆော်သြထားသည်။

ပခုက္ကူမြို့ ဗောဓိမဏ္ဍိုင်ဘုန်းကြီးကျောင်းရှိ သံဃာတပါးက ပခုက္ကူတွင် သံဃာများဦးဆောင်သည့် လမ်းလျှောက် ဆန္ဒပြပွဲများ ဖြစ်လာနိုင်သည်ဟု ဧရာဝတီကိုပြောသည်။

မန္တလေး မစိုးရိမ်ကျောင်းတိုက်မှ ဦးပဉ္ဇင်းတပါးကလည်း “အများသဘောတူလုပ်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ဦးပဉ္ဇင်းတို့ကတော့ နောက်မဆုတ်ဘူး။ လက်တွဲညီညီ လုပ်ဖို့သာအရေးကြီးတယ်” ဟု ပြောသည်။

“အာဏာပိုင်နဲ့ နီးစပ်တဲ့ဓမ္မာရုံတွေမှာ ဓားရှည်တွေ၊ ငှက်ကြီးတောင်ဓားတွေ အချောင်း ၂၀ စီထုတ်ပေးထားတယ်။ ရဟန်းဖြစ်ဖြစ်၊ ပြည်သူဖြစ်ဖြစ် ဆူပူမှုဖြစ်လာရင် အထက်ကိုအကြောင်းကြားစရာမလိုဘဲ တန်ပြန်ဖြေရှင်းဖို့ ကြံ့ဖွံ့တွေကို ညွှန်ကြားထားတယ်လို့ ကြားတယ်” ဟု မန္တလေးမြို့ရှိနိုင်ငံရေးလှုပ်ရှားသူတဦးက ပြောသည်။

ပဲခူးမြို့ခံတဦးကည်း “ရပ်ကွက်တိုင်းက ရယက ရုံးတိုင်းမှာ လူ ၅၀ ကို တယောက်ကို ကျပ် ၂ ထောင်၊ ၃ ထောင် နေ့တွက်ခပေးပြီးတော့ စုထားတယ်။ ၀ါးရင်းတုတ်တွေ၊ လေးဂွတွေလည်း ကိုင်ထားတယ်။ နောက်ပြီးတော့ ခေါင်းတုံး တုံးထားတဲ့သူ ၅ ယောက်နဲ့ သင်္ကန်းတွေကို အသင့်ပြင်ထားတယ်။ ပြည်သူလူထုကလည်း အခြေအနေကို စောင့်ကြည့်နေကြတယ်” ဟု ပြောသည်။

ပဲခူးရှိ ဘုန်းကြီးကျောင်းများပတ်ဝန်းကျင်တွင်လည်း ကြံ့ဖွံ့နှင့် စွမ်းအားရှင်များ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

ယမန်နေ့နံနက်ပိုင်းက ရန်ကုန်ရှိ သုဝဏ္ဏအားကစားကွင်းတွင် ကြံ့ဖွံ့နှင့် စွမ်းအားရှင် တသိန်းခန့်ကို တပြိုင်တည်း စုဝေးစေခဲ့ပြီး ဆန္ဒပြလုပ်လှုပ်ရှားမှုဖြစ်ပွားသည့်နေရာ၌ အမြန်စုဝေးနိုင်ရန် ကြိုတင်လေ့ကျင့်ခြင်းဖြစ်နိုင်ကြောင်း သူဝဏ္ဏသားတဦးက ပြောသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ အန်အယ်လ်ဒီပါတီဝင်အချို့ကို အာဏာပိုင်တို့က စောင့်ကြည့်နေကြပြီး နေအိမ်မှ သွားလာခွင့် ကိုလည်း ပိတ်ပင်ထားကြောင်း သိရသည်။

ယခုလ ၅ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်း ပခုက္ကူမြို့ရှိ သံဃာတော်များ၏ မေတ္တာပို့လမ်းလျှောက်ပွဲကို စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲသောကြောင့် ၎င်းလုပ်ရပ်အား ယခုလ ၁၇ ရက်နေ့ နောက်ဆုံးထား၍ ၀န်ချတောင်းပန်ရန် သံဃာတော်များက ကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုထားသည်။ ၎င်းတို့၏ တောင်းဆိုမှုကို မလိုက်လျှောပါက ပတ္တနိက္ကုဇ္ဇန ကံဆောင်မည်ဟုလည်း သံဃာတော်များက ကြေညာထားသည်။

ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်းဆိုသည်မှာ ရဟန်းသံဃာများကို စော်ကားသူ၊ အမျိုးဘာသာ သာသနာကို စော်ကားသူများအား သံဃာများက သာရေး၊ နာရေးတို့တွင် ဆက်ဆံမှုမပြု၊ အလှူကိုလည်းလက်မခံသည့် သပိတ်မှောက်ခြင်းကို ခေါ်သည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.