#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ကြက်ငှက်တုပ်ကွေးသတင်း စာပေစိစစ်ရေး ပိတ်ပင်
ကိုစိုး | အောက်တိုဘာ ၃၀၊ ၂၀၀၇

မြန်မာစစ်အစိုးရက လူကိုသေစေနိုင်သော H5N1 ကြက်ငှက်တုပ်ကွေး ကူးစက်ရောဂါ အသစ်ဖြစ်ပွားသည့် သတင်းအား စာနယ်ဇင်းများတွင် ဖော်ပြခွင့် မပြုကြောင်း သိရှိရသည်။

ဓတ်ပုံ - AFP

လွန်ခဲ့သော တပတ်ခန့်က ပဲခူးတိုင်း သနပ်ပင် မြို့နယ်ရှိ မွေးမြူရေးခြံများ၌ ကြက်ငှက်တုပ်ကွေး ရောဂါ ဖြစ်ပွားသည့် သတင်းကို ပုဂ္ဂလိကဂျာနယ်များက ရေးသားဖော်ပြရာတွင် စာပေစိစစ်ရေးမှ ဖြုတ်ပယ်ခဲ့သည်ဟု ရန်ကုန်အခြေစိုက် ဂျာနယ် သတင်းထောက်တဦးက ပြောသည်။

“အဲဒီ သတင်းကို အနည်းဆုံး ဂျာနယ် ၃ စောင်လောက်က ရေးပြီးတင်တာ စာပေစိစစ်ရေးက ခွင့်မပြုဘူး”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

သနပ်ပင်မြို့နယ်တွင် အောက်တိုဘာ ၂၀ ရက်က စတင်၍ ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားသည်ကို တွေ့ရှိရကြောင်း၊ ရောဂါဖြစ်ပွား၍ သေဆုံးသည့် ကြက် ငှက်ပေါင်း ၄၀၀ ရှိပြီး သုတ်သင်ရှင်းလင်းလိုက်သည့် ကြက်ငှက်ပေါင်း ၃၃၄၅၉ ကောင်ရေရှိကြောင်း ကမ္ဘာ့တိရာစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE) ၏ အောက်တိုဘာ ၂၄ ရက် အစီရင်ခံစာအရ သိရသည်။

ယင်းအစီရင်ခံစာကို မြန်မာနိုင်ငံ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမောင်မောင်ညွန့်က OIE သို့ ပို့ထားခြင်းဖြစ်ကြောင်း OIE အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

သုတ်သင်ရှင်းလင်းလိုက်သည့် ကြက်ငှက်များအစား အာဏာပိုင်များက မည်သို့သော လျော်ကြေးမျှ ပြန်ပေးခြင်းမရှိဟု ဒေသခံ မွေးမြူရေးလုပ်ငန်းရှင်တဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းကလည်း မွန်ပြည်နယ် သံဖြူဇရပ် မြို့နယ်ရှိ မွေးမြူရေးခြံ ၂ ခြံတွင် ကြက်ငှက်တုပ်ကွေး ကူးစက်ရောဂါ ဖြစ်ပွားခဲ့သေးသည်။

မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ်မှ စတင်၍ ကြက်ငှက်တုပ်ကွေး ကူးစက်ရောဂါဖြစ်ပွားမှုကို တွေ့ရှိခဲ့ရပြီး ကြက်ငှက်ပေါင်း ၁ သိန်းကျော် သုတ်သင်ခဲ့သည်ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် လူသို့ ကူးစက်ခြင်းရှိမရှိကို ဖော်ပြထားခြင်း မတွေ့ရှိရပေ။

ယင်း H5N1 ကြက်ငှက်တုပ်ကွေး ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် ကမ္ဘာတ၀န်း လူ ၂၀၁ ဦး သေဆုံးမှု ရှိခဲ့ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ယခုအောက်တိုဘာလ အတွင်းတွင် ထုတ်ပြန်ထားသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.