ဘုရားဆင်းတုတော်လည်း မနေနိုင်
ဧရာဝတီ | အောက်တိုဘာ ၂၆၊ ၂၀၀၇
ရန်ကုန်တိုင်း ခရမ်းမြို့နယ် ဘုရားပျိုကျေးရွာရှိ ဘုရားဆင်းတော်တဆူ၏ ခန္ဓာကိုယ်အထက်ပိုင်းသည် ယခု လဆန်းမှ စတင်၍ လှုပ်နေသောကြောင့် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူများ နေ့စဉ် ရာဂဏန်းနှင့်အထက် လာရောက်ကြည့်ရှု ဖူးမျှော်ကာ အတိတ်နိမိတ်များ ကောက်ယူနေကြကြောင်း သိရသည်။
အဆိုပါ ဘုရားပျိုကျေးရွာမှ ဥာဏ်တော် ၉ တောင် ခန့်ရှိသော အောင်တော်မူ ဘုရားဆင်းတုတော်ကြီးသည် သီတင်းကျွတ် လဆန်း ၁ ရက်နေ့မှ စတင်ကာ ရင်ညွန့်အထက်ပိုင်း လှုပ်လာခြင်းဖြစ်ပြီး တနေ့လျှင် ၅ ကြိမ် ထက် မနည်းလှုပ်သည်ဟု ကိုယ်တိုင်သွားရောက်ဖူးမျှော်ခဲ့သူ ရန်ကုန်မြို့တွင်နေထိုင်သည့် ကိုသားကြီးကပြောပြသည်။
“မျက်လုံးတော်တွေတောင်လှုပ်နေတာကစတွေ့လိုက်ရတဲ့သူတွေရှိတယ်၊ ကျနော်တို့သွားကြည့်တော့ ခေါင်းလှုပ်တာပဲ တွေ့လိုက်ရတယ်၊ ဘယ်ညာ ခပ်ကြမ်းကြမ်းနှစ်ကြိမ်လှုပ်တာ တွေ့လိုက်ရတယ်၊ အဲဒီလောက်လှုပ်တာတောင် အက်ကြောင်း မပေါ်ဘူး”ဟု ၎င်းက ပြောသည်။
ယင်းသို့ ဘုရားဆင်းတုတော်ကြီး၏ ခန္ဓာကိုယ် အထက်ပိုင်းလှုပ်သည့်အပေါ်တွင် လူအများက ထင်ကြေးအမျိုးမျိုး ပေးကာ နီးစပ်ရာ ဗဟုသုတကြွယ်ဝသူ ပညာတတ်များ၊ ဗုဒ္ဓဘာသာ ရဟန်းတော်များထံသို့ သွားရောက်မေးမြန်း၍ အတိတ်နိမိတ် ကောက်ယူနေကြသည်ဟုလည်း ၎င်းက ဆိုသည်။
“ဦးပဉ္ဖင်းကို ဘုရားလှုပ်တာမြင်ခဲ့ရလို့ဆိုပြီး လာလျှောက်တဲ့သူ အယောက် ၃၀ လောက်ရှိရော့မယ်၊ သူတို့က ဘယ်လို အတိတ်နိမိတ်ကောက်ရမလဲပေါ့၊ ဟဲ့ ဒကာ၊ ဒကာမတွေရဲ့လှုပ်ရင်ပြုတ်တာပဲ၊ နောက်ဆုံးကတော့ တန်ဆောင်မုန်းပဲလို့ နိမတ်ရတယ် ဆိုပြီး ပြောလိုက်တယ်”ဟု ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်းတကျောင်းမှ သက်တော် ၇၀ ကျော် ခန့်ရှိသော ဘုန်းတော်ကြီးတပါးက ဧရာဝတီသို့ မိန့်ကြားသည်။
ဘုရားလှုပ်လျှင် အစိုးရပြုတ်မည်ဟု နိမိတ်ယူသော အထက်ပါဘုန်းတော်ကြီးမှာ ဗေဒင်နက္ခတ်အတတ် ကိုလည်း တတ်ကျွမ်းသည့်အတွက် ၎င်းနှင့်အတူ မန္တလေးမြို့မှ ဘုန်းတော်ကြီးတပါးတို့က တွက်ချက်ကြည့်ရာတွင် လက်ရှိ စစ်အစိုးရအထက်ပိုင်းမှာ လာမည့်တန်ဆောင်မုန်းလအထိသာ ခံနိုင်ဖွယ်ရာရှိကြောင်း ဆက်လက် မိန့်ကြားသည်။
“လာတဲ့သူ ဘယ်လောက်များလဲဆိုရင် ဘုရားဝင်းရှေ့က ဆူးခြုံပင်တွေတောင် မရှင်းရဘဲနဲ့ မြေကတုတ်ဖြစ်သွားတယ်၊ မန္တလေးဘက်ကလည်း လာကြတယ်၊ ဟိုးမော်လမြိုင်ကနေတောင်သတင်းကြားလို့လာကြည့်ကြတယ်”ဟု ဘုရားဖူးသွားခဲ့သူ တဦးကလည်း ပြောသည်။
အဆိုပါဘုရားသို့ ရန်ကုန်တိုင်း ခရိုင်ရဲမှူးနှင့် ရ၀တ၊ မ၀တ များကပါ လာရောက်ဖူးမျှော်ကြသည်ဟု သိရသည်။
ယင်းဘုရားလှုပ်သည်ကို သွားရောက်ဖူးမျှော်သူများ အကြားတွင်လည်း “အပေါ်ပိုင်းလှုပ်တယ်ဆိုတော့ အစိုးရ အထက်ပိုင်း လှုပ်မယ်၊ အစိုးရမတည်မငြိမ်ဖြစ်မယ်”ဟု ပြောဆို နိမိတ်ကောက်နေကြကြောင်းသိရသည်။
အဆိုပါ ခရမ်းမြို့နှင့် မိုင် ၇ မိုင်ကျော်အကွာရှိ အောင်တော်မူဘုရားမှာ လွန်ခဲ့သော ၂၀၀၀ ခုနှစ်ခန့်တွင် ဘုရားပျို ကျေးရွာ သားများက စတင်တည်ထားကိုးကွယ်ခဲ့သောဘုရားဖြစ်ပြီး ထိန်ပင်၊ ခရေစု၊ သူဌေးကွင်းကျေးရွာနှင့် ဘုရားပျိုကျေးရွာ စသည့် ရွာကြီးလေးရွာမှ ကိုးကွယ်သော ဘုရားဖြစ်သည်ဟုလည်း ဆိုကြသည်။ [Top] |