ပုဂံလေကြောင်းလိုင်း စင်ကာပူခရီးစဉ် ရပ်ဆိုင်း
ဧရာဝတီ | အောက်တိုဘာ ၂၅၊ ၂၀၀၇
မြန်မာနိုင်ငံ၏ ပုဂ္ဂလိကလေကြောင်းလိုင်းဖြစ်သည့် ပုဂံလေကြောင်းလိုင်း၏ ရန်ကုန်-စင်ကာပူ ခရီးစဉ်များ ရပ်နားမည်ဖြစ် ကြောင်း ပုဂံလေကြောင်းလိုင်းက ခရီးသွားအကျိုးဆောင်ကုမ္ပဏီများအား ယမန်နေ့က အကြောင်းကြားစာ ပေးပို့ လိုက်သည်။
ပုဂံလေကြောင်းလိုင်း၏ ဈေးကွက်နှင့် အရောင်းမန်နေဂျာက ခရီးသွား အကျိုးဆောင်ကုမ္ပဏီများထံ အဆိုပါအကြောင်းကြား စာကို ပေးပို့ခြင်းဖြစ်ပြီး စီးပွားရေးပိတ်ဆို့အရေးယူမှုကြောင့် စင်ကာပူရှိ ဘဏ်များက လက်မခံတော့သဖြင့် ခရီးစဉ်ရပ်ဆိုင်း ခြင်းဖြစ်သည်ဟု ရေးသားထားသည်။ ၎င်းအကြောင်းကြားစာကို ဧရာဝတီကလည်း ယနေ့နံနက်ပိုင်းက လက်ခံရရှိခဲ့သည်။
ပုဂံလေကြောင်းလိုင်း၏ ရန်ကုန်-စင်ကာပူ နောက်ဆုံးခရီစဉ်အား နိုဝင်ဘာ ၄ ရက်နေ့ကို သတ်မှတ်ထားပြီး ခရီးသွား အကျိုးဆောင်ကုမ္ပဏီများက ကြိုတင်ဝယ်ယူထားသည့်လက်မှတ်များ၏ တန်ဖိုးငွေကို ပြန်အန်းမည်ဖြစ်ကြောင်းလည်း ၎င်းစာတွင် ဖော်ပြထားသည်။
ပုဂံလေကြောင်းကုမ္ပဏီသည် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်နီးစပ်သူ ဦးတေဇက လွန်ခဲ့သည့် ၃ နှစ်ခန့်က စတင်တည်ထောင်ခဲ့ပြီး ရန်ကုန်-စင်ကာပူ ခရီးစဉ်များကို လွန်ခဲ့သည့် စက်တင်ဘာလတွင် စတင်ပြေးဆွဲသည်။ ပုဂံ လေကြောင်းလိုင်းသည် ပြည်တွင်းခရီးစဉ်များအပါအ၀င် ရန်ကုန်-ဘန်ကောက်နှင့် ရန်ကုန်-စင်ကာပူ စသည့် ပြည်ပ ခရီးစဉ်များကို ပြေးဆွဲသည်။
ယခုလ ၁၉ ရက်နေ့တွင် အမေရိကန်အစိုးရက မြန်မာစစ်အစိုးရအား ဘဏ္ဍာရေးဆိုင်ရာပိတ်ဆို့အရေးယူမှုကို စတင်ခဲ့ပြီး လွန်ခဲ့သည့်လက သံဃာတော်များဦးဆောင်သည့် ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းသောကြောင့် ဖြစ်သည်။
အောက်တိုဘာလ ၁၅ ရက်နေ့တွင်ပြုလုပ်သည့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကလည်း မြန်မာနိုင်ငံမှ သစ်၊ ကျောက်မျက်ရတနာနှင့် တွင်းထွက်ပစ္စည်းများ ဥရောပသို့ တင်သွင်းခွင့်၊ ၎င်းလုပ်ငန်းများနှင့် ပတ်သက်သည့်လုပ်ငန်း များကို မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုမပြုရေးတို့ပါဝင်သည့် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် သဘောတူခဲ့ကြသည်။
၎င်းသဘောတူညီမှု ရရှိခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှ ဥရောပသို့တင်ပို့သော ရေထွက်ပစ္စည်းများနှင့် တောင်အာဖရိကသို့ တင်ပို့နေသည့် “မိတ်အင်မြန်မာ” စာသားပါ အနွေးထည်းများ သက်ဆိုင်ရာနိုင်ငံများက လက်မခံတော့ကြောင်း သိရသည်။
ပုဂံလေကြောင်းလိုင်း၏ ခရီးစဉ်များရပ်ဆိုင်းရခြင်းမှာ စီးပွားရေးပိတ်ဆို့အရေးယူမှု တခုတည်းကြောင့်မဟုတ်ဘဲ ခရီးသည် များက ကုမ္ပဏီပိုင်ရှင် ဦးတေဇကကို သပိတ်မှောက်သည့်အနေနှင့် ၎င်း၏လေယာဉ်ကို မစီးကြ၍လည်း ဖြစ်သည်ဟု ရန်ကုန်ရှိ စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်လျက်ရှိသည်။
ဦးတေဇသည် ပုဂံလေကြောင်းလိုင်းအပြင် ထူးကုမ္ပဏီကိုလည်း ပိုင်ဆိုင်သူ ဖြစ်သည်။ ထူးကုမ္ပဏီသည် ဆောက်လုပ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ သစ်နှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများကို လုပ်ကိုင် နေသည့်အပြင် လမ်းတံတားဆောက်လုပ် ရေးသုံး အကြီးစားစက်ပစ္စည်းများကိုလည်း ငှားရမ်းသည်။
ဦးတေဇအား ရန်ကုန်စီးပွားရေးအသိုင်းအ၀န်းက လက်ရှိမြန်မာနိုင်ငံ၏ အကြွယ်ဝဆုံးစီးပွားရေးသမားဟု သုံးသပ်ကြပြီး စစ်အစိုးရက ရုရှားနိုင်ငံလုပ် တိုက်လေယာဉ်များဝယ်ယူရာတွင် ပွဲစားလုပ်ပေးခဲ့ရာမှ ၎င်းအား လူသိများလာခဲ့သည်။ [Top] |