ရာထူးအပြောင်းအလဲ စစ်အစိုးရ ကြေညာ
ကိုစိုး | အောက်တိုဘာ ၂၅၊ ၂၀၀၇
မြန်မာစစ်အစိုးရ ၏ အစိုးရအဖွဲ့ အတွင်းရေးမှူး (၁) ၊ ၀န်ကြီးချုပ် ရာထူးအပါအ၀င် ရာထူးအပြောင်းအလဲ တချို့ပြုလုပ် ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ထုတ်ပြန်ကြေညာထားသည်။
ယခင် ဗိုလ်ချုပ်ကြီးစိုးဝင်း၏ ၀န်ကြီးချုပ်နေရာကို ဒု ဗိုလ်ချုပ်ကြီး သိန်းစိန်အား ခန့်အပ်လိုက်ပြီး နအဖ အတွင်းရေးမှူး (၁) နေရာကို ဒု ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦးအား ခန့်အပ်လိုက်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်မှတ် ထိုး၍ ထုတ်ပြန်ကြေညာသည်။
ဒု ဗိုလ်ချုပ်ကြီးသိန်းစိန်အား မေလအတွင်းကပင် ယာယီဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး စိုးဝင်း၏ နေရာကို ပေးအပ်ထားပြီး ၎င်းသည် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သစ္စာရှိလူယုံ တဦးဖြစ်သည်ဟု သတင်းများက ဆိုသည်။
အောက်တိုဘာ ၁၂ ရက်က ကွယ်လွန်ခဲ့သည့် ဗိုလ်ချုပ်ကြီး စိုးဝင်းသည်၂၀၀၃ ခုနှစ်က စစ်ကိုင်းတိုင်း ဒီပဲယင်း၌ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ကို တိုက်ခိုက်မှုတွင် အဓိကတာဝန်ရှိသူတဦး ဖြစ်ပြီး ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ရန်ကုန် တက္ကသိုလ်ဝန်းကျင်နှင့် ရန်ကုန်ဆေးရုံကြီးရှေ့ရှိ ဆန္ဒပြလူအုပ် အား စစ်တပ်ကို ပစ်မိန့်ပေး၍ ဖြိုခွဲခဲ့သူ ဖြစ်ကြောင်း သိရသည်။
မကြာသေးခင်က မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရအကြား ဆက်သွယ်ရန် အတွက် ဆက်ဆံရေး ၀န်ကြီး ခန့်အပ်ထားသော အလုပ်သမား ဒု ၀န်ကြီး ဗိုလ်ချုပ် အောင်ကြည်အား အလုပ်သမား ၀န်ကြီးအဖြစ် ယခု အတွင်းရေးမှူး(၁) ဒု ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦးက လက်မှတ်ထိုး၍ ထုတ်ပြန်သည်။
“အရင် အသံထွက်နေတဲ့အတိုင်း၊ ခန့်မှန်းထားကြတဲ့အတိုင်း ပါပဲ၊ ထူးခြားမှုမရှိပါဘူး၊ သူတို့ နဂို စီနီယာအလိုက် စီစဉ် ထားတဲ့ အတိုင်းပဲ၊ ဗိုလ်ချုပ် အောင်ကြည်ကို အလုပ်သမား ၀န်ကြီးခန့်တာကတော့ အလုပ်သမားကိစ္စ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့ နေရာမှာ သူက သံတမန်ရေး နိုင်နင်းတယ်လို့ ကြားရတယ်”ဟု ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဦးဌေးအောင်က ပြောသည်။
တခြားသော ကာကွယ်ရေးဝန်ကြီးဌာန ဒု ၀န်ကြီးအဖြစ် ဗိုလ်ချုပ် သိန်းဌေး ကိုလည်းကောင်း၊ အမှတ် (၂) စက်မှု ၀န်ကြီး ဌာန ဒု ၀န်ကြီး အဖြစ် ဗိုလ်ချုပ် ကျော်စွာခိုင်နှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန ဒု ၀န်ကြီးအဖြစ် ဗိုလ်ချုပ် သိန်းထွန်း တို့အား လည်းကောင်း ယင်းရာထူးများကိုလည်း ဒု ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦးကပင် လက်မှတ်ထိုး၍ ထုတ်ပြန်သည်။
ဒု ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦးသည် ယခင်က အရှေ့မြောက်ပိုင်းစစ်တိုင်းမှူး ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် စစ်ထောက်ချုပ်၊ နအဖ အစိုးရအဖွဲ့ဝင်အဖြစ်မှ ယခု အတွင်းရေးမှူး (၁) နေရာ ရလာခဲ့သူ ဖြစ်သည်။
ယင်းရာထူးအပြောင်းအလဲနှင့်ပတ်သက်ပြီး ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကမူ“စစ်အစိုးရက သူလုပ်ချင်တာကို လုပ်တာ၊ သူ့အလုပ်သူလုပ်တာပါ၊ မရှိတော့တဲ့ လူနေရာကို နောက်လူ အစားထိုးတာပါ၊ သူတို့ ထာဝရ အုပ်ချုပ်လို့ ရအောင်ကြံတဲ့သဘောပါပဲ”ဟု ဝေဖန် ပြောဆိုသည်။ [Top] |