#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ဒေါ်စုနှင့် ဗိုလ်ချုပ် အောင်ကြည် တွေ့ဆုံ
ကိုစိုး | အောက်တိုဘာ ၂၅၊ ၂၀၀၇

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ စစ်အာဏာပိုင်များက ယနေ့ နေ့လယ် ပိုင်းတွင် ခေါ်ဆောင်သွားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား ကားသုံးစီးဖြင့် နေအိမ်မှ အစိုးရဧည့်ဂေဟာသို့ ခေါ်ဆောင်သွားခြင်းဖြစ်ပြီး မကြာသေးခင်က ခန့်အပ်ထားသည့် ဆက်ဆံရေးဝန်ကြီး ဗိုလ်ချုပ် အောင်ကြည်က တွေ့ဆုံစကားပြောလို၍ ဖြစ်ကြောင်း သံတမန်တဦးကို ကိုးကား၍ အေပီ သတင်းက ဖော်ပြသည်။

ယမန်နေ့ကပင် အလုပ်သမား ၀န်ကြီးခန့်အပ်ခြင်းခံရသော ဗိုလ်ချုပ်အောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ယခု ပထမအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားမည် ဖြစ်ကြောင်းကိုမူ ရှင်းရှင်း လင်းလင်း မသိရှိရဟု ဆိုသည်။

ဗိုလ်ချုပ် အောင်ကြည်ကို စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းတို့အကြား ဆက်သွယ်ရေးအတွက် ဆက်ဆံရေး
ဝန်ကြီးအဖြစ် အောက်တိုဘာ ၈ ရက်က ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီး သန့်ရှင်းက လက်မှတ်ထိုးခန့်အပ်၍ ထုတ်ပြန်ကြေညာခဲ့သည်။

စက်တင်ဘာ ၂၉ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ၏ အကြံပြုချက်အရ နောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းများ ဆက်သွယ်လုပ်ဆောင်ရန် ယင်း ဆက်ဆံရေးဝန်ကြီးကို ခန့်အပ်ခြင်းဖြစ်သည်ဟု အောက်တိုဘာ ၉ ရက်ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

မစ္စတာ ဂန်ဘာရီသည် လာမည့်နိုဝင်ဘာလအတွင်း၌ မြန်မာနိုင်ငံသို့ နောက်တကြိမ် ထပ်မံ သွားရောက်မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင်ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှစ၍ နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၄ နှစ် ပြည့်ပြီး ဖြစ်သည်။ ၁၉၈၉ ခုနှစ်နှင့် ၂၀၀၀ ခုနှစ်များ၌လည်း နေအိမ် အကျယ်ချုပ် ၂ ကြိမ် ကျခံခဲ့ရသောကြောင့် နေအိမ်အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်းမှာ ၁၁ နှစ်ကျော်ပြီ ဖြစ်သည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.