ပီညဲရိုး မြန်မာပြည် သွားမည်
ကိုစိုး | အောက်တိုဘာ ၂၄၊ ၂၀၀၇
ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲရိုးအား လာမည့် နိုဝင်ဘာလအတွင်း သွားရောက်မည့်ခရီးစဉ်တွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တံ့စေပြီး ဖမ်းဆီး ထိန်းသိမ်းခံနေရသူများကိုကူညီရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ယနေ့ တိုက်တွန်း ပြောကြားလိုက်သည်။
 |
| ပေါ်လိုဆာဂျီယို ပီညဲရိုး |
အဆိုပါ အေအေပီပီ၏ ထုတ်ပြန်ချက်တွင် မစ္စတာပီညဲရိုး အနေနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည် ဟူသော စစ်တပ်မှ စီးနင်းခံရသည့်ဘုန်းကြီးကျောင်းများ၊ အကျဉ်းထောင်နှင့် ထိန်းသိမ်းရေး စခန်းများသို့ လွတ်လပ်စွာ သွားရောက်၍ ဖမ်းဆီး ခံထားရသူများနှင့် တွေ့ဆုံ သတင်းယူခွင့်အပါအ၀င် အချက် ၄ ချက် ကို တိုက်တွန်း တောင်းဆိုထားသည်။
“ကျနော်တို့ တောင်းဆိုထားတဲ့ အချက် ၄ ချက်မှ မရဘူးဆိုရင် မစ္စတာ ပီညဲရိုးဟာ နအဖဘက်က ရှေ့နေလိုက်တဲ့ အပြုအမူမျိုးဖြစ်သွားမှာကို ကျနော်တို့အနေနဲ့ စိုးရိမ်ပါတယ်၊ မစ္စတာ ပီညဲရိုးအနေနဲ့ မြန်မာပြည်ကို သွားမယ်ဆိုရင် ဒီအချက် ၄ ချက်ဟာ မဖြစ်မနေ ရှိထားရမယ်လို့ မြင်ပါတယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်က ဧရာဝတီသို့ ပြောသည်။
အထက်ပါ တောင်းဆိုချက်များမရရှိပါက မစ္စတာ ပီညဲရိုး၏ ခရီးစဉ်သည် နအဖ စစ်အစိုးရ၏ နိုင်ငံတကာ ဖိအားများ ဆက်မတိုးနိုင်စေရန်နှင့် လျော့ကျသွားစေရန် ကြိုးပမ်းမှုကို အထောက်အကူပြုသည့် ခရီးစဉ် ဖြစ်သွားမည်ဟုလည်း အေအေပီပီ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
မစ္စတာ ပီညဲရိုးအနေနှင့် မြန်မာနိုင်ငံသို့ ၂၀၀၃ ခုနှစ်က သွားရောက်ရာတွင် အကျဉ်းထောင်တွင်း၌ အကျဉ်းသား တဦးနှင့် အင်တာဗျူးနေစဉ် အာဏာပိုင်များက အသံဖမ်းစက်နှင့် ခိုးဖမ်းခံရသည့်ကိစ္စကို သင်္ခန်းစာ ယူသင့်သည်ဟု ဦးတိတ်နိုင်က ပြောသည်။
“လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လေ့လာဖို့ ကူညီဖို့ သွားတဲ့အခါမှာ သူကိုယ်တိုင် လူ့အခွင့်အရေး ချိုးဖောက်ခံရတာမျိုး ကြူံရတာပါ၊ ဒါကို မစ္စတာ ပီညဲရိုးအနေနဲ့ သင်္ခန်းစာယူသင့်တယ်လို့ ထင်တယ်”ဟု ၎င်းက ပြောသည်။
ယခုတကြိမ် မြန်မာပြည်သို့ မစ္စတာပီညဲရိုး သွားရောက်ပါက မြန်မာပြည်သူများအတွက် အကျိုးဖြစ်ထွန်းနိုင်သည့်အခြေအနေ အခွင့်အလမ်းများ ဖန်းတီးနိုင်ရန်ကြိုးပမ်းသင့်ဟုလည်း ဦးတိတ်နိုင်က ဆိုသည်။
မစ္စတာ ပီညဲရိုးအား နိုဝင်ဘာ ၁၇ ရက်တွင် မြန်မာနိုင်ငံ၌ ပြုလုပ်မည်ဖြစ်သော အာဆီယံထိပ်သီး အစည်းအဝေး မတိုင်မီ လာရောက်ပါရန် မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းက ကုလသမဂ္ဂသို့ အကြံပြုထားသည်ဟု သိရသည်။
“နအဖအနေနဲ့ အချိန်ကာလသတ်မှတ်ချက်တွေ အချိန်ကိုက်လုပ်ဆောင်နေတာတွေဟာ နိုင်ငံတကာ ဖိအားတွေလျော့ကျဖို့၊ ရပ်တံ့ဖို့အတွက် နည်းမျိုးစုံနဲ့ ကမ္ဘာကို လိမ်ဖို့ ကြိုးစားနေတာပါ၊ အဲဒါကြောင့် မစ္စတာ ပီညဲရိုးအနေနဲ့ မြန်မာပြည်ကိုသွားပြီး တော့ လူ့အခွင့်အရေးကိစ္စတွေကို စစ်ဆေးမယ် လေ့လာမယ်ဆိုရင် သတိကြီးကြီးထားဖို့ လိုလိမ့်မယ်လို့ပြောချင်ပါတယ်”ဟု ဦးတိတ်နိုင်က ဆက်လက် ပြောဆိုသည်။
ယနေ့ထုတ်သည့် အေအေပီပီ၏ ထုတ်ပြန်ချက်တွင် တောင်းဆိုချက် ၄ ချက်ကို နအဖနှင့် မစ္စတာ ပီညဲရိုးတို့အကြား ဦးစွာ သဘောတူညီမှု ရယူရန်လည်း တိုက်တွန်းထားသည်။ [Top] |